Post 74 – ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ် ( ဉာဏဗလ )

“ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ်”

🔳 တိုင်းပြည်အခြေအနေက စစ်ဖြစ်နေတဲ့အချိန် ဆိုတော့လည်း ရုပ်ရှင်ကြည့်ရင် စစ်ကားတွေ ပိုအကြည့်များလာတယ်။ စစ်ရဲ့ အနိဌာရုံတွေ မြင်ရသလို၊ စစ်ပွဲတွင်းက စိတ်ဓါတ်ကြံ့ခိုင်မှုတွေကိုလည်း အတုယူရတယ်။ တခြားသမိုင်းသင်ခန်းစာ ယူစရာတွေလည်း အများကြီးပါပဲ။

အဲဒီထဲကမှ Hacksaw Ridge ဆိုတဲ့ ဇာတ်ကားအကြောင်း ပြောပြချင်တယ်။

🔳 ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ရတဲ့ မင်းသားကြီး မဲလ်ဂစ်ဆင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာ ဆိုတော့ ပိုစိတ်ဝင်စားမိတယ်။ နောက်ပြီး တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတာ။ စစ်ကားဖြစ်တဲ့အပြင် Biographical Film ဆိုတော့ မကြည့်ဘဲနဲ့ကို မနေနိုင်တော့ဘူး။

ကြည့်ရကျိုးလည်း နပ်ခဲ့ပါတယ်။ သေနတ်မှန်လို့၊ ဗုံးထိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားတာတွေကို ရိုက်ပြထားတာမှ ရှင်းလွန်းလို့ တော်ရုံအသည်းနုသူတွေဆို ကြည့်ဖို့တောင် မသင့်ဘူး။ တစ်ဆက်တည်းမှာပဲ ဒါမျိုးတွေကို ပိတ်ကားပေါ်မှာ မဟုတ်ဘဲ တကယ့်ဘဝမှာ မြင်နေ၊ တွေ့နေရသူတွေဆို ဘယ်လိုများ နေမလဲ ဆိုပြီးလည်း တွေးမိသေးတယ်။

🔳 ဒီဇာတ်ကားကို ကြိုက်ရတဲ့ နောက်အကြောင်းရင်းတစ်ခု ရှိပါသေးတယ်။ အဓိကဇာတ်ဆောင်မင်းသားက စစ်သား ဆိုပေမဲ့ သေနတ်မကိုင်ခဲ့ဘူး။ ဆေးတပ်သား Medic ဖြစ်တယ်။ Violence တွေကြားထဲ Non-violent နည်းနဲ့ ပါဝင်သွားတဲ့သူလို့ ပြောရမယ်။ အဲဒါကလည်း ဒီဇာတ်ကားရဲ့ တခြားသော စစ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတစ်ခုလို့ ဆိုနိုင်တယ်။

🔳 မင်းသားရဲ့ အဖေကလည်း စစ်သားပဲ။ ပထမကမ္ဘာစစ်မှာ သူငယ်ချင်းတွေအကုန် တိုက်ပွဲကျပြီး သူပဲ အသက်ရှင်ကျန်ခဲ့လို့ Survivor guilt ခံစားနေရတဲ့သူ။ အဲဒီထရော်မာက မိသားစုကို ပြန်ရိုက်ခတ်၊ ကလေးတွေဆီပါ လက်ဆင့်ကမ်းသလို ဖြစ်သွားတာလေးလည်း ရိုက်ပြထားတယ်။ တရားသောစစ်ပင် ဖြစ်ပါစေဦး၊ စိတ်ဒဏ်ရာတွေကတော့ ကျန်ခဲ့ကြတာပါပဲ။ (ကျွန်တော်တို့တွေ တော်လှန်ရေး နိုင်သွားပြီးတဲ့အခါကျရင်လည်း အဲဒီအပိုင်းကို သေချာလုပ်ကြရပါလိမ့်ဦးမယ်။)

မင်းသားကလည်း ငယ်ဘဝမှာ သူ့အဖေလိုပဲ Violent ဖြစ်တယ်။ နောက်တော့ ဘာသာတရား အဆုံးအမကို အတော်လေး သက်ဝင်ယုံကြည်လာတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ် ဖြစ်တယ်။ အရွယ်ရောက်ပြီး ယောက်ျားတွေ တော်တော်များများ စစ်မှုဝင်ထမ်းကြတယ်။ သူရော၊ သူ့အစ်ကိုရောပါ ပါဝင်ကြတယ်။

အဖေကတော့ တားတာပေါ့။ သူ့တုန်းကလို ဖြစ်မှာစိုးလို့။ ဒါပေမဲ့ သားတွေကတော့ နားမထောင်ကြဘူး။ တခြားရွယ်တူတွေက ကျွန်တော်တို့အတွက် အသက်ပေး တိုက်နေရချိန်မှာ ဒီအတိုင်းလေးပဲ အိမ်မှာ နေမနေချင်ဘူးတဲ့။

ဒီက ရေပေါ်ဆီတွေကိုလည်း အဲဒီလို အသိမျိုး ရှိစေချင်လိုက်တာ။ ရှက်တတ်စေချင်လိုက်တာ။

🔳 အဲဒီလိုနဲ့ ဆိုင်ရာစခန်းတွေဆီကို ရောက်သွားကြတယ်။ မင်းသားက ငယ်ငယ်ကတည်းက ကိုယ်ကာယပိုင်းမှာ ကြံ့ခိုင်တယ်။ ဒီတော့ စစ်သင်တန်းက သူ့အတွက် ဒီလောက်ကြီး အခက်အခဲ မရှိလှဘူး။

ပြဿနာက သေနတ်တွေ စထုတ်ပေးတဲ့အချိန်ပဲ။ အရာရှိက ပြောတယ်။ မင်းတို့ ဒါကို တယုတယ ကိုင်။ မင်းတို့ ငါတို့ရဲ့ အသက်ကို ကာကွယ်ပေးမဲ့ပစ္စည်း ဆိုပြီး တစ်ယောက်တစ်လက် လာယူခိုင်းတယ်။

အားလုံးယူပြီးသွားတဲ့အချိန်မှာ တစ်လက်ကျန်နေတယ်။ ဘယ်သူ မယူရသေးတာလဲ ဆိုတော့ ဒီမင်းသား။ ​ဟေ့​ကောင့် ဘာလုပ်နေတာလဲ လို့ မေးတော့ ကျွန်တော့်ဘာသာရေး ယုံကြည်ချက်အရ သေနတ်ကိုင်လို့ မရဘူးတဲ့။

🔳 ဟာ ဒုက္ခပါပဲ။ စစ်တပ်ထဲ ဝင်လာပြီး သေနတ်မကိုင်ဘူး ဆိုတော့ မင်း ဘာကိုင်မှာတုံး။

ကျွန်တော် Medic လုပ်မှာ ဆရာ။

Medic ဆိုလည်း မင်းလက်ထဲ သေနတ်တော့ ပါရမှာပဲကွ။ မဟုတ်ရင် မင်းကို ငဲ့နေရလိမ့်မယ်။ တခြားရဲဘော်တွေကိုလည်း မင်းကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သေနတ်ပါမလာတဲ့ကောင်၊ ကိုယ့်ကို ကာမပစ်ပေးနိုင်တဲ့ကောင်နဲ့လည်း ဘယ်သူမှ စစ်အတူမတိုက်ချင်ဘူး။

ဘယ်လိုပြောပြော မရဘူး။ သေနတ်ကို လုံးဝကို မထိတာ။ ခက်နေပြီ ဒီကောင်နဲ့တော့။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


🔳 နောက်တော့ အထက်အရာရှိဆီ ရောက်။ ရောက်လည်း ခေါင်းမာမြဲမာဆဲပဲ။ တပ်က​နေ ထုတ်ပစ်ဖို့ သူ့ကို စိတ်​ရောဂါရှိ​ကြောင်း စစ်ခိုင်း​တော့လည်း ဆရာဝန်က ​သူ့မှာ ဘာပြသနာမှ မရှိ​နေဘူး။ အ​ကောင်းကြီးတဲ့။

ဘယ်လိုမှ ​မရတဲ့အဆုံး ဒီကောင်ကို တပ်ထဲကနေ သူ့အသိစိတ်နဲ့သူ ထွက်သွားအောင် လုပ်ရမယ်ဆိုပြီး တခြားရဲဘော်တွေကို အနိုင်ကျင့်ခိုင်း။ စောင်နဲ့အုပ်ပြီး ဝိုင်းထိုးတာတို့၊ ဘာတို့ပေါ့။ သူ့ကိုလည်း ငကြောက်ကလေးလို့ ထင်ကြတာပေါ့လေ။

ဘယ်လိုဝိုင်းအနိုင်ကျင့်ကျင့် မထွက်ဘူး။ သူ စစ်တပ်မှာ အမှုထမ်းမယ်။ Medic လုပ်မယ်။ အိမ်မှာ အေးဆေးထိုင်မနေနိုင်ဘူး။ အသက်တွေ ကယ်မယ်။ ဒါပေမဲ့ ဘယ်သူ့အသက်မှတော့ မသတ်ဘူး။ သေနတ်မကိုင်ဘူး။ အဲဒီအတိုင်းပဲ ခိုင်ခိုင်မာမာ ပြောနေတယ်။

နောက်တော့ စစ်ခုံရုံးတင်ပြီး အမိန့်ဖီဆန်မှုနဲ့ အပြစ်ပေးဖို့အထိ ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူ့အဖေကလည်း စစ်သားဟောင်းဆိုတော့ တပ်ထဲမှာ သူ့မိတ်ဆွေတွေ ရှိသေးတယ်။ ဒီအဆက်အသွယ်တွေနဲ့ သူ့သားကို အပြစ်ပေးမခံရအောင် လုပ်ပေးလိုက်တယ်။ ဥပဒေအရလည်း ဒီလိုငြင်းဆိုပိုင်ခွင့် ရှိတယ်ပေါ့။ အဲဒါနဲ့ပဲ သူဖြစ်ချင်သလို စစ်မှုလည်း ထမ်းမယ်၊ သေနတ်မကိုင်ဘဲလည်း နေခွင့် ရသွားခဲ့တယ်။

🔳 ဒီလိုနဲ့ ဟက်စောတောင်ကြော တိုက်ပွဲဖြစ်လာတယ်။ ဂျပန်တွေက အဲဒီအပေါ်မှာ။ သူတို့က ပိုက်ကွန်တွေနဲ့ တွယ်တက်ပြီး တိုက်ရမယ်။ နယ်မြေအနေအထားအရ ဂျပန်တွေဘက်က အသာစီး ရထားတယ်။ သူတို့ရှေ့က သွားခဲ့တဲ့ တပ်ကလည်း အတုံးအရုန်းနဲ့ကို ကျတာ။ သူတို့အလှည့်ကျလည်း ဒီလိုပဲ။ နောက်တော့ အခြေအနေ မဟန်လို့ ပြန်ဆုတ်ရဖို့ ဖြစ်လာတယ်။

အကုန်ပြန်သွားကြပြီ။ သူပဲ ကျန်ခဲ့တယ်။ မသေသေးတဲ့ ရဲဘော်တွေကို တစ်ညလုံး မမောနိုင်မပန်းနိုင် ကယ်ထုတ်ပြီး တောင်ကြောပေါ်ကနေ အောက်ကို ကြိုးနဲ့ချပေးတာ။ အောက်မှာက အစောင့်စစ်သားနှစ်ယောက်ပဲ ကျန်တယ်။ အားလုံးက စခန်းပြန်ကုန်ကြပြီ။ အဲဒါနဲ့ ဒီတပ်သားနှစ်ယောက်လည်း စခန်းဆီ ဆက်သွယ်။ ကားတွေပြန်လွှတ်ခိုင်း။ အပေါ်က ချပေးလိုက်သမျှ လူနာတွေကို ကားနဲ့ တင်ပေးကြတာပေါ့။

🔳 မနက်နိုးလာတော့ အရာရှိက အံ့သြနေတယ်။ ဘယ်လိုလုပ် ကျသွားပြီထင်တဲ့ သူ့တပ်သားတွေက ပြန်ရောက်နေကြတာလဲပေါ့။ နောက်မှ မင်းသားကျန်နေခဲ့ပြီး ကယ်ထုတ်နေတာကို သိတော့တယ်။

ဒီတော့မှပဲ သူ့ရဲ့ သတ္တိကို အကုန်လုံးက လေးစားသွားကြတာပေါ့။ လူပျော့ကလေး၊ သေနတ်မကိုင်ရဲတဲ့ ကောင်လေးက တိုက်ပွဲမှာ စွန့်စွန့်စားစားနဲ့ကို ကူညီပေးသွားတာ။ သွားလေရာလည်း သမ္မာကျမ်းစာအုပ်ကို သယ်သွားတယ်။ ဒီကနေ စိတ်ခွန်အားတွေ အဓိကရတာကိုး။ သူ့ကို ဘုရားသခင်က ဒါတွေလုပ်ဖို့ လွှတ်လိုက်သမျိုးကို ဖြစ်နေတာ။

🔳 ရှိသေးတယ်။ သူတို့ဘုရားကျောင်းရဲ့ ယုံကြည်ချက်အရ သောကြာညကနေ စနေညနေအထိကို ဥပုသ်စောင့်ရတယ်။ တစ်ပတ်တစ်ရက်ပေါ့။ အဲဒီရက်ဆိုလည်း သူက စစ်ပွဲမထွက်ဘူးတဲ့။ အရာရှိတွေက ပြောတာပေါ့။ အေး ဂျပန်တွေက မင်းကို စောင့်ပေးလိမ့်မယ် ဘာညာ ရွဲ့ကြတယ်။

အခု ဒီတောင်ကြောကို နောက်တစ်ကြိမ် ထပ်တက်ရမယ်။ ဒါကို သိမ်းနိုင်မှ အခြေအနေကောင်းမှာကိုး။ ဖြစ်ချင်တော့ အထက်က အမိန့်ပေးတဲ့ရက်က စနေနေ့။ အဲဒါဆို မင်းသားက လိုက်မှာမဟုတ်ဘူး။

ဒီတော့ သူ့အရာရှိကနေ အထက်ကို ပြန်ပြောပြီး တစ်ရက်ဆိုင်းခိုင်းရတယ်။ မင်းမပါဘဲနဲ့ ဘယ်ရဲဘော်ကမှ ရှေ့တန်းမထွက်ချင်ဘူးတဲ့။ မင်းပါနေတယ်ဆိုမှ သူတို့စိတ်လုံခြုံကြလိမ့်မယ်တဲ့။

အစက သေနတ်လက်ထဲမပါလို့ မင်းနဲ့ ဘယ်သူမှ စစ်အတူတိုက်ချင်မှာ မဟုတ်ဘူးလို့ ပြောခံခဲ့ရတဲ့သူက အခု အဲဒီလို ဖြစ်သွားပြီ။ လက်နက်ရှိမရှိ ဆိုတာထက် သတ္တိ၊ အဲဒါထက် ပိုအရေးပါတာက အကြင်နာတရား၊ ရဲဘော်တိုင်းကို ကယ်တင်လိုတဲ့စိတ်။

🔳 သူ့ကို သေနတ်ကိုင်ဖို့ အတင်းအကြပ် ဖိအားပေးတဲ့အခါ ချစ်သူကလည်း အဲဒီလိုပဲ တိုက်တွန်းတယ်။ ခေါင်းသိပ်မမာဖို့ပေါ့။ အဲဒီမှာ သူပြန်ပြောတဲ့စကားက “ငါ ဒါကို ခေါင်းညိမ့်လာရင် ငါက ငါမဟုတ်တော့ဘူး” ဖြစ်သွားလိမ့်မယ်တဲ့။

စစ်တပ်က အမိန့်ဖီဆန်မှုနဲ့ အပြစ်ပေးတာကို ခံနေရတာကမှ တော်သေးတယ်။ ဒါကို ကြောက်ပြီး ကိုယ်မယုံကြည်တာကို လုပ်လိုက်မိရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတာက ပိုဆိုးတယ်။ ဒါ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူအားလုံးအတွက်လည်း မှန်သောစကားပဲ။

ဒီမင်းသား ရင်ဆိုင်နေရတာထက် ကိုယ်တွေကတော့ အဆပေါင်းများစွာ ပိုဆိုးတာပေါ့။ လုပ်နေတာတွေကို ရပ်လိုက်ဖို့၊ ယုံကြည်ထားတာတွေကို လွှင့်ပစ်လိုက်ဖို့၊ ခံယူထားတာတွေကို မေ့ပစ်လိုက်ဖို့ အပေးခံနေရတဲ့ ဖိအားတွေက သိပ်ကြီးတာပေါ့။

ဒါဖြင့် ဘာဖြစ်လို့ ဆက်လုပ်နေလဲဆို ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားမှာ စိုးလို့ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ စံတန်ဖိုးတွေ၊ ယုံကြည်ချက်တွေအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ဟာ သိပ်အရေးကြီးတယ်။

🔳 တစ်ဖက်မှာလည်း လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်းတွေ ရှိနေပြန်တယ်။ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာတော့ ယောက်ျားဖြစ်မှ၊ ယောက်ျားပီသမှ၊ တိုက်ရဲခိုက်ရဲ၊ သေနတ်ကိုင်ရဲမှ တိုင်းပြည်တာဝန် ကျေတာဆိုတဲ့ အမြင်တွေ အားကောင်းလာတယ်။ သတ္တိဆိုတာကို အဲဒါတွေနဲ့ပဲ တိုင်းတာလာကြတယ်။

တကယ်တော့ သတ္တိကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေ မြောက်များစွာ ရှိပါတယ်။ တော်လှန်ရေးမှာ ပါဝင်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိသလို၊ ကိုင်ဆွဲလို့ရတဲ့ သေနတ်မဟုတ်တဲ့ တခြားလက်နက်တွေလည်း ရှိပါသေးတယ်။ ကလောင်လား၊ ကလစ်လား၊ ဆေးထိုးအပ်လား၊ မြေဖြူခဲလား၊ မောက်စ်လား စသဖြင့်ပေါ့။

🔳 အဓိကကတော့ ကိုယ့်လက်ထဲမှာ လက်နက်တစ်ခုခု ရှိနေဖို့ရယ်၊ ခေါင်းထဲမှာ စဉ်းစားဆင်ခြင်ဉာဏ် ရှိနေဖို့ရယ်၊ နှလုံးသားထဲမှာ ခိုင်မာတဲ့ သံနိဌာန် ရှိနေဖို့ရယ်ပဲ ဖြစ်ပါတယ်။

ဉာဏဗလ

၂၉.၉.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။




စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


2 responses to “Post 74 – ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ် ( ဉာဏဗလ )”

Leave a comment