🔳 တော်လှန်ရေးမှာ ပါဝင်ဖို့ဆိုတာ ရွေးချယ်ခွင့် မဟုတ်ဘူး။ တာဝန်ဖြစ်တယ်။ PRF ရဲ့ tagline အတိုင်း ပြောရရင်ပေါ့။
ဘာလို့ဆိုတော့ မနိုင်ရင်လည်း ဒုက္ခရောက်ကြမှာချင်း တူသလို၊ နိုင်သွားရင်လည်း ခု နေသာသလို နေနေတဲ့သူတွေက ဝင်မခံစားဘဲ နေမှာမဟုတ်ဘူး။ အဲဒီလိုလည်း နေလို့ မရသလို၊ နေလည်း မနေစေချင်ဘူး။ ဒီတိုင်းပြည်နယ်နိမိတ်အတွင်း ရှိနေပြီး ဒီနိုင်ငံသား ဖြစ်နေမှတော့ ကောင်းအတူ ဆိုးအတူပဲ။
ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတုန်းမှာ ပါဝင်ဖို့ဟာ တာဝန်ဖြစ်တယ်လို့ ပြောတာ။
🔳 အဲဒီမှာမှ လူသိများ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ Social Influencer စတဲ့ Public Figure တွေကတော့ ပိုအရေးကြီးတယ်။ လူထုကလည်း ပိုမျှော်လင့်သလို၊ သူတို့ရဲ့ ပါဝင်မှုကလည်း သက်ရောက်မှု သိပ်ကြီးတယ်။
(ဘယ်ဘက်ပဲပါပါနော်၊ ဟိုဘက်ပါသွားလည်း သက်ရောက်မှုက ကြီးတာပဲ။ ဝေလည်းမွှေး၊ ကြွေလည်းမွှေး တို့လို ဇာတ်ကားတွေ ကြည့်ပြီး တပ်မတော်သား ဖြစ်ချင်ခဲ့သူတွေ၊ တပ်မတော်ကြီးကို အကောင်းမြင်ကုန်သူတွေ နည်းမှမနည်းတာ။)
သို့သော်လည်း အချိန်ကာလက ကြာလာပြီ။ ခရီးကလည်း ကြမ်းတမ်းတယ်။ ဒါကြောင့် မင်းသားတိုင်း ဒေါင်း မဖြစ်နိုင်သလို၊ မင်းသမီးတိုင်းလည်း ပိုင်ဖြိုးသု မဖြစ်နိုင်ဘူး။ အဆိုတော်တိုင်းလည်း ဖြူဖြူကျော်သိန်း မဖြစ်နိုင်သလို၊ ဒါရိုက်တာတိုင်းလည်း ကိုပေါက် မဖြစ်နိုင်ဘူး။ ပန်းချီဆရာ/မတိုင်း နုယဉ် မဖြစ်နိုင်သလို လူရွှင်တော်တိုင်း ဟားငါးကောင် မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ တန်ဖိုးထားမှုတွေ၊ ဘဝအခြေအနေတွေ မတူကြဘူးကိုး။
🔳 လူတွေကလည်း ပင်ပန်းလာတယ်။ Entertainment ကို လိုချင်လာတယ်။ ငါတို့ အလုပ်မလုပ်လို့ နင်တို့လည်း ဘာအလုပ်မှ မလုပ်နဲ့လို့ ပြောဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒီတော့ အရင်လို ပြန်လည်ပတ်လာကြတယ်။ ကြားနေတွေ မပြောပါနဲ့၊ ပေါ်တင်ကြီး စစ်တပ်ဘက်က ရပ်တည်နေကြတဲ့ လူတွေကိုတောင်မှ SP ထိထိရောက်ရောက် မလုပ်ကြတော့တာ။ ဒါကြောင့် သိပ်မမျှော်လင့်တော့ဘူး။
လူဆိုတော့လေ ငါတို့ပဲ လုပ်နေရတယ်၊ ငါတို့ပဲ နစ်နာတယ်၊ နေသာသလို နေတဲ့သူတွေကတော့ အေးဆေးပဲ ဆိုတဲ့စိတ်မျိုး၊ ဒေါသမျိုးကတော့ ဖြစ်တာပါပဲ။ နေခြည်ဦးပို့စ်တွေ အသည်းပေးပြီး မဖြူသီချင်းကျတော့လည်း ရှယ်နေတဲ့သူတွေကို တွေ့ပြန်တော့ တရားကျမိပြန်သေးတယ်။
🔳 သို့သော်လည်း ကျွန်တော်တို့ကို နေ့နေ့ညည မောင်းနှင်နေတာက လူအသိအမှတ်ပြုခံလိုစိတ် မဟုတ်ဘူး။ (အခုဆို မလေးစားရင်၊ ဂုဏ်မပြုရင်နေပါ၊ မတိုက်ခိုက်ရင်ပဲ တော်ပါပြီတောင် ပြောမိတဲ့အထိပဲ)
အဓိကက ကျွန်တော် အမြဲပြောလေ့ရှိတဲ့ “Self-respect” ပဲ။
ဒီလိုတွေ အနိုင်ကျင့် ဖိနှိပ် အကြမ်းဖက်နေတယ်။ အဲဒါတွေကို ရေငုံနှုတ်ပိတ် နေမနေနိုင်ဘူး။ လက်ပိုက်ကြည့်မနေနိုင်ဘူး။ တစ်ခုခု ဝင်လုပ်ချင်တယ်။ ဝင်ကူချင်တယ်။ အဲဒီလို လုပ်ရ၊ ကူရတော့မှ ကျေနပ်တယ်။ နေလို့ကောင်းတယ်။ ဒါပဲ။ ဘယ်သူဘယ်ဝါ ချီးကျူးဖို့တို့၊ လေးစားဖို့တို့ မဟုတ်ဘူး။
🔳 ဒီအဖြစ်အပျက်သည် အချိန်တန် ပြီးသွားမှာပဲ။ ဘယ်လိုရပ်တည်ခဲ့တယ်၊ ဘာတွေ ပြောခဲ့တယ်၊ လုပ်ခဲ့တယ် ဆိုတာကသာ သမိုင်းအနေနဲ့ ကျန်ခဲ့မှာ။ နောင်တစ်ချိန်ကျမှ ပြန်ပြင်ချင်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် လိပ်ပြာလုံလုံ ဖြတ်သန်းချင်တယ်။ နောင်တစ်ချိန် ဒီနွေဦးအကြောင်း ပြန်ပြောကြတဲ့အခါ မျက်လွှာအောက်ချမထားချင်ဘူး။ အသံတွေ တုန်ရီမနေချင်ဘူး။ နောက်မျိုးဆက်ရဲ့ ရှေ့မှာ ရင်ကော့ပြီး၊ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ပြောရဲတဲ့သူ၊ ပြောနိုင်တဲ့သူ ဖြစ်ချင်တယ်။
မတရားမှုကို မြင်နေပါလျက်နဲ့ နေသာသလို နေတဲ့သူတွေက အေးဆေးဖြစ်ပြီး ဝင်ကူတဲ့သူတွေကပဲ ဒုက္ခရောက်ရတယ် ဆိုတာကို သမိုင်းသင်ခန်းစာအဖြစ် ချန်မထားခဲ့ချင်ဘူး။ ဒီတော့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ အောင်ပွဲရသည်အထိ အတူတူ ဆက်ရုန်းမယ်။
🔳 Public Figure တွေမှ မဟုတ်ပါဘူး။ မြေပြင်က ရဲဘော်လူငယ်တွေ၊ ဆေးအဖွဲ့တွေ၊ CDMer တွေ၊ ထောက်ပို့တွေ၊ ဖက်ဒရယ်ကျောင်းတွေမှာ ကိုယ့်ကလေးကို အပ်ထားတဲ့ မိဘတွေ၊ ကိုယ့်ချွေးနဲစာထဲကနေ ကူနေတဲ့ ပြည်သူတွေ အားလုံးအားလုံးမှာ ငါတို့ပဲ လုပ်နေရတယ် ဆိုတဲ့ ခံစားချက်မျိုး တစ်ခါမဟုတ်တစ်ခါ ပေါ်ဖူးကြမှာပါပဲ။ လူသိများတဲ့သူတွေကမှ အသိအမှတ်ပြုမှု ခံရသေးတယ်။ သူတို့ကျ ပိုတောင်ဆိုးသေး။
ဒါဖြင့် ဘာလို့ ဆက်လုပ်နေသေးလဲဆို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးကြည့်။ ဖက်ဒရယ်တွေ၊ ဒီမိုကရေစီတွေ၊ တန်းတူညီမျှရေးတွေက နောက်ကိစ္စ။ အဓိက မောင်းနှင်နေတာ Self-respect ဆိုတာကို တွေ့ရလိမ့်မယ်။
🔳 ရုပ်ရှင်ကားတစ်ခုမှာ ကိုရီးယားကို ဂျပန်က သိမ်းပိုက်ထားတဲ့အချိန် ဂျပန်အလိုတော်ရိ လုပ်နေတဲ့သူကို သူ့ဦးလေးက ပြောတယ်။
လောကမှာ အရာအားလုံးက ပန်းလေးတွေလိုပဲ။ အချိန်ပြည့် ညှိုးမနေသလို၊ အချိန်ပြည့်လည်း ပွင့်လန်းမနေဘူး။ သူ့အချိန် ကျလာတဲ့အခါ မင်း အခုသိပ်အထင်ကြီးနေတဲ့ ဂျပန်အင်ပါယာရဲ့ ညှိုးနွမ်းချိန် ဆိုတာလည်း ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ကျန်နေခဲ့မှာက “မင်း ဘယ်လိုရပ်တည်ခဲ့သလဲ ဆိုတာပဲ” တဲ့။
🔳 လက်ခုပ်သံ လိုချင်လို့ ထောင်ခဲ့တဲ့ လက် ၃ ချောင်းတွေက ကြာကြာမခံပါဘူး။ အတွင်းထဲကလာတဲ့ တွန်းအားကသာ ခုလောက်ထိ တောင့်ခံနိုင်စေတာပါ။
ဒါကြောင့်မို့လည်း Maslow ရဲ့ Hierarchy of Needs မှာ Social needs ထက် Self-esteem needs ကို ပိုအဆင့်မြင့်တဲ့ လိုအင်အဖြစ် ဖော်ပြထားတာ ဖြစ်မယ် ထင်ပါတယ်။
🔳 ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတဲ့ လူတစ်ယောက်ဟာ လူအများရဲ့ အသိအမှတ်ပြုမှုကို လိုချင်စိတ်တော့ ရှိပေမဲ့ မရခဲ့ရင်လည်း သူလုပ်ရမယ်လို့ ယုံကြည်ထားတဲ့ ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင် ဆက်လုပ်သွားပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၈.၉.၂၀၂၃
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်