Post 78 – အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ ( ဉာဏဗလ )

“အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ”

🔳 ဒီတစ်ခါတော့ Nayattu ဆိုတဲ့ ရုပ်ရှင်အကြောင်း ပြောပြချင်ပါတယ်။ အိန္ဒိယဇာတ်ကား။ ကြည့်ပျော်ရှုပျော် လှလှပပတွေ မပါဘူး။ ဒါပေမဲ့ တွေးစရာတွေတော့ အများကြီး ရစေလိမ့်မယ်။ မရည်ရွယ်ဘဲနဲ့ တရားခံပြေး ဖြစ်သွားတဲ့ ရဲ ၃ ယောက်ရဲ့ အကြောင်းပါ။

အဲဒီမြို့မှာ လူဆိုးခေါင်းဆောင်တစ်ယောက် ရှိတယ်။ ရွေးကောက်ပွဲလုပ်ရင် သူ့ရဲ့ ထောက်ခံမှုရမှ ဒီမြို့မှာ ဒီပါတီက အနိုင်ရမှာဆိုတော့ အမတ်တွေ၊ ဝန်ကြီးတွေကအစ သူ့ကို မထိရဲကြဘူး။ တစ်ရက်တော့ ဒီအထာတွေ သိပ်မနပ်သေးတဲ့ ရဲတစ်ယောက်က ဒီလူ့ကို ဖမ်းလာတယ်။ အချုပ်ထဲ ထည့်တယ်။ အကောင်ဆိုတော့ နောက်တော့လည်း ပြန်လွှတ်ပေးလိုက်ရတာပေါ့လေ။ ဒါပေမဲ့ ရန်စတော့ ရှိသွားတာပေါ့။

🔳 ဖြစ်ချင်တော့ တစ်ညမှာ ခုနက ရဲအပါအဝင် ၃ ယောက်က မင်္ဂလာဆောင်တစ်ခုကနေ ပြန်လာကြတယ်။ ကားမောင်းတာက အဲဒီရဲရဲ့ တူ။ စကားတပြောပြောနဲ့ မောင်းလာကြတာ လမ်းမှာ ဆိုင်ကယ်တစ်စီးကို တိုက်မိရော။ အဲဒါနဲ့ ဆေးရုံကို အမြန်ပို့ကြတာပေါ့။ ဖြစ်ချင်တော့ လူနာက ဆေးရုံရောက်တဲ့အချိန်မှာ အသက်မရှိတော့ဘူး။ မောင်းတဲ့ သူ့တူက မနက်ဖြန်ဆို နိုင်ငံခြားသွား အလုပ်လုပ်တော့မှာ။ ဒီကောင်တော့ ပြဿနာပဲပေါ့။ အစက ဒီလောက်ပဲ ထင်နေသေးတာ။

နောက်တော့ ဆေးရုံထဲကို လူအုပ်ကြီး ရောက်လာတယ်။ ဒီရဲတွေက ငါတို့လူကို ကားနဲ့ တိုက်သတ်တယ် ဆိုပြီး ရန်ရှာကြပါလေရော။ အသေသတ်ဖို့ပါ လုပ်လာကြတာမို့ သူတို့လည်း ပြန်ဖြေရှင်းနေချိန် မရဘဲ ရဲစခန်း ပြန်ရောက်အောင် မနည်းထွက်ပြေးခဲ့ကြရတယ်။ ဟိုရောက်တော့မှ သူတို့အထက်လူကြီးကို အကျိုးအကြောင်း ပြောပြရတာပေါ့။

🔳 ကားနဲ့ တိုက်မိလို့ သေသွားတဲ့သူက တခြားလူ မဟုတ်ဘူး။ သူတို့နဲ့ ငြိထားဖူးတဲ့ လူဆိုးခေါင်းဆောင်ရဲ့ သူငယ်ချင်း။ အဲဒါကြောင့် ဒီရဲတွေ တမင်လုပ်တာဆိုပြီး ထင်နေကြတာ။ ခက်တာက သူ့တူကလည်း ကြောက်လန့်ပြီး ထွက်ပြေးသွားပြီ။ ငါတို့မောင်းတာ မဟုတ်ပါဘူး ပြောလည်း ဘယ်သူကမှ မယုံတော့ဘူး။

အစက သူတို့အထက်လူကြီးကလည်း ဟုတ်မလိုလိုနဲ့။ နောက်တော့ အမတ်တွေ၊ ဝန်ကြီးတွေကပါ ဆက်သွယ်လာတယ်။ ဒီရဲ ၃ ယောက်ကို ဖမ်းထားလိုက်တော့ ဆိုပြီး ညွှန်ကြားတယ်။ ဘာလို့ဆိုတော့ ဟိုလူဆိုးရဲ့ အငြိုအငြင်ကို မခံနိုင်ဘူးလေ။ ရွေးကောက်ပွဲကျ မဲမရမှာ ကြောက်တာကိုး။

ဟိုလူကလည်း သူ့သူငယ်ချင်း သေထားတာအပြင် ရှေ့ရက်ကမှ သူ့ကို ဖမ်းပြီး ထောင်ထဲ ရိုက်လားနှက်လား လုပ်ထားတဲ့ ရဲတွေ ဆိုတော့ အခုမှ မတော်တဆ ကားနဲ့ တိုက်မိတာပါ ပြောလည်း မယုံတော့ဘူး။ မင်္ဂလာဆောင်က ပြန်လာတာဆိုတော့ အရက်တွေကလည်း သောက်ထားကြသေးတယ်။

နောက်ပြီး ဒီရဲတွေက ဒေသခံ မဟုတ်ဘူး။ ခုပြဿနာဖြစ်တဲ့ လူတွေနဲ့ အမျိုးက မတူဘူး။ ဒီတော့ လူမျိုးရေးတွေပါ ပါကုန်ပြီ။ တကယ်တိုက်တဲ့ ဒရိုင်ဘာကလည်း လစ်သွားပြီ။ ဒီတော့ သူတို့ကို ဖမ်းချုပ်ပြီး လူသတ်မှုနဲ့ ထောင်ချရုံအပြင် ရွေးစရာ မရှိတော့ဘူး။

အခြေအနေတွေကို ရဲ ၃ ယောက်ကလည်း ရိပ်မိသွားတယ်။ ဒီစခန်းမှာ ဆက်နေရင်တော့ ငါတို့ မတရား အဖမ်းခံရတော့မှာပဲ ဆိုပြီး ထွက်ပြေးကြရပြန်ရော။

🔳 အဲဒီအချိန် မီဒီယာမှာလည်း သတင်းတွေ တက်လာပြီ။ အရက်သောက်ထားတဲ့ ရဲတွေက ပြည်သူတစ်ဦးကို ကားနဲ့ တိုက်သတ်လိုက်တယ်။ အဲဒါကို ရဲစခန်းက ဖွက်ထားပေးတယ်ပေါ့။ လူတွေအကုန်လုံးရဲ့ ဒေါသက ပုံကျလာတယ်။ သတင်းဖတ်ရသူတွေရော၊ ဒေသခံတွေရော။ ညတွင်းချင်း ရဲစခန်းကို ဝိုင်းလာကြတယ်။

ဟို ၃ ယောက်ကလည်း ထွက်ပြေးသွားပြီ။ အဲဒါသာ သိရင် ပိုဆိုးမယ်။ ဒီတော့ ရှိတဲ့ လူ ၃ ယောက်ကို အဝတ်မည်း ခေါင်းစွပ်ပြီးတော့ တရားခံ ၃ ယောက်ကို မိထားပါပြီဆိုပြီး သတင်းထုတ်ပြန်လိုက်ရော။ ဖိအားကို ခဏလျှော့ထားလိုက်တာပေါ့။ နောက်ကွယ်မှာမှ ဟို ၃ ယောက်ကို အသည်းအသန် လိုက်ဖမ်းရတယ်။

မီဒီယာတွေကို ပြောပြီးပြီဆိုတော့ မမိလို့ကလည်း မရတော့ဘူး။ မိသွားပြီးမှ တရားခံ မဟုတ်ပါဘူးလို့ ပြောလို့လည်း မဖြစ်တော့ဘူး။ တိုတိုပြောရရင် နောက်ဆုံးတော့ မိသွားကြတယ်ပေါ့။ ရဲ ၃ ယောက်ထဲမှာ ၁ ယောက်က သူတို့နောက်ဆုံး ပုန်းနေတဲ့နေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။

အဲဒီအလောင်းကို သယ်လာ။ ပြီးမှ အချုပ်ခန်းထဲမှာ ဆွဲကြိုးချ သတ်သေသွားသယောင် ဖန်တီးပြီး မီဒီယာတွေကို သတင်းထုတ်ပြန်ရပါတယ်။ ကျန်တဲ့ ရဲနှစ်ယောက်ကို ရုံးထုတ်တော့ လူတွေက ရစရာမရှိအောင် ဝိုင်းဆဲကြတဲ့အခန်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားတယ်။

🔳 ရုပ်ရှင်ဆိုတာကတော့ အပြင်မှာ သိပ်ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ထူးထူးဆန်းဆန်းကိစ္စတွေကို ရိုက်ပြကြတာ များပါတယ်။ ဒါမှလည်း လူစိတ်ဝင်စားမှာကိုး။ သို့သော်လည်း လုံးဝမဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ထင်တယ်။

ဒီကားကြည့်ပြီးမှ သံသယတွေလည်း အတော်ထားတတ်လာတယ်။ ငါတို့ လက်တွေ့ဘဝမှာ မြင်နေရတဲ့ မှုခင်းတွေထဲက ဘယ်နှခုကရော ဒါမျိုးတွေ ဖြစ်နေကြမလဲ။ ငါတို့ လူဆိုးပါလို့ ထင်နေတဲ့ လူတွေထဲက ဘယ်နှယောက်ကရော တကယ့်တကယ်မှာ လူဆိုးမဟုတ်ဘဲ သားကောင်ဖြစ်သွားရတာတွေ ရှိနေလိမ့်မလဲ။

ဇာတ်လမ်းက ရဲ ၃ ယောက်ဘက်ကနေ ရိုက်ပြထားတာမို့လို့သာ သိတာပါ။ တကယ်တမ်း မီဒီယာမှာ အဲဒီလို သတင်းတစ်ပုဒ်သာ တက်လာကြည့်။ ဒီရဲတွေ အတော်ဆိုးတာပဲလို့ လူတိုင်းက မှတ်ချက်ပေးလိုက်ကြမှာပဲ။

သတင်းဌာနတွေက တက်လာသမျှကို ယုံတာက တော်သေးတယ်။ ဆိုရှယ်မီဒီယာလို စည်းလွတ်ဝါးလွတ် ပြောချင်ရာ ပြောလို့ရနေတဲ့ နေရာမှာတောင် ဒီအပေါ် မြင်ရ၊ ကြားရသမျှနဲ့ အကဲဖြတ်နေတဲ့သူတွေက တစ်ပုံကြီး။

အရာအားလုံးမှာ အကောင်းအဆိုး ဒွန်တွဲနေတယ် ဆိုတဲ့အတိုင်းပဲ။ အာဏာရှိသူက မရှိတဲ့သူကို အနိုင်ကျင့်တယ်။ ဖိနှိပ်တယ်။ ဒါကို ထိန်းကျောင်းဖို့အတွက်၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်ဖို့အတွက် စတုတ္ထမဏ္ဍိုင် ဆိုတာ ပေါ်လာတယ်။ ခုခေတ်ဆို ဆိုရှယ်မီဒီယာတွေ ပေါ်လာတော့ လူတစ်ဦးချင်းစီက အသံထွက်ခွင့် ရလာတယ်။ ကိုယ့်အမြင်ကိုယ် တင်ပြခွင့် ရှိလာတယ်။ မတရားခံနေရရင် ခံနေရတဲ့အကြောင်း အများသိအောင် လုပ်လို့ရလာတယ်။ ဒါတွေက ကောင်းတဲ့ကိစ္စပေါ့။

တစ်ဖက်မှာလည်း ကိုယ့်မှာရှိတဲ့ ပါဝါကို အလွဲသုံးစားလုပ်တဲ့သူတွေ ပေါ်လာတယ်။ အစိုးရတွေပဲ သူတို့အာဏာကို အလွဲသုံးစား လုပ်တာမဟုတ်ဘူး။ စတုတ္ထမဏ္ဍိုင်၊ ပဉ္စမမဏ္ဍိုင်က လူတွေလည်း လုပ်ကြပါတယ်။ တစ်ခုခုဆို ဖေ့စ်ဘွတ်ပေါ် တင်လိုက်မယ်။ အရှက်ခွဲလိုက်မယ်။ သွားပုပ်လေလွင့် ပြောလိုက်မယ် ဆိုတာမျိုးတွေပေါ့။

မီဒီယာတွေကမှ ကျင့်ဝတ်ရှိသေးတယ်။ မလိုက်နာရင် တရားစွဲလို့ ရတယ်။ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ အကောင့်တစ်ခုကနေ ပြောချင်ရာ ပြောနေတာတွေကိုတော့ ထိန်းချုပ်လို့ မရသေးဘူး။ စဉ်းစားဆင်ခြင်ဉာဏ်၊ ကျင့်ဝတ်၊ ဒါတွေအားနည်းနေသေးတဲ့ လူတွေရဲ့ လက်ထဲ ‘ပြောချင်ရာပြောခွင့်’ ရောက်သွားတဲ့အခါ စိတ်ညစ်စရာ အတော်ကောင်းလာတယ်။ အဆိပ်အတောက် ဆန်လာတယ်။

ဒါဖြင့် ဘာလုပ်လို့ ရသလဲဆိုတော့ ဘာမှ လုပ်လို့ မရဘူး။ အကောင်းအဆိုး ဒွန်တွဲနေတဲ့ နိယာမ သဘောတရားပဲ။ ဒီလူတွေကို ပြောခွင့်ပိတ်ပင်လိုက်ရင်လည်း အာဏာလက်ဝယ် ရှိထားသူတွေက လုပ်ချင်ရာ လုပ်ကြပြန်ဦးမယ်။ အနိုင်ကျင့် ဖိနှိပ်ကြပြန်ဦးမယ်။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


🔳 နောက်တစ်ခု တွေးမိတာကတော့ အရာအားလုံးဟာ ချိတ်ဆက်နေတယ်၊ Interconnected ဖြစ်နေတယ် ဆိုတာပဲ။

အခုဇာတ်လမ်းမှာပဲ ကြည့်။ ရဲတွေကြောင့် လူတစ်ယောက် သေသွားပြီ ဆိုတဲ့သတင်း ကြားတဲ့အခါ ကြားရသူတိုင်းက တစ်ထစ်ချယုံတယ်။ ဘာလို့လဲ။ ဒီရဲတွေက ပြည်သူအပေါ် အနိုင်ကျင့်လို့။ ဖိနှိပ်လို့။ လာဘ်စားလို့။ ပြောမယ်ဆို ပါဝါပိုကြီးလို့။ ရဲတွေကိုယ်တိုင်ကလည်း ကောင်းခဲ့လားဆိုတော့ မကောင်းဘူး။

လူဆိုတာ အားနည်းတဲ့ဘက်က ရပ်တည်ချင်တဲ့ သဘာဝရှိတယ်။ ဒီတော့ ရဲနဲ့ပြည်သူ ဖြစ်တဲ့ကိစ္စမှာ ပြည်သူဘက်ကနေ အချင်းချင်း ရပ်တည်လိုတဲ့စိတ်က ပိုများနေမှာပဲ။ အများအမြင်မှာလည်း စဉ်းစားကြည့်လေ။ ရဲဘက်က ကာပြောနေတဲ့သူလို့ အထင်ခံမလား။ ပြည်သူတွေဘက်က ရပ်တည်ပေးတဲ့သူလို့ အမြင်ခံမလား။ သူသူကိုယ်ကိုယ် ဒုတိယတစ်ခုကိုပဲ ရွေးကြမှာပဲ။

ဆိုလိုတာက ကိုယ်အသာရနေတယ်ဆိုပြီး ဖိနှိပ်ခဲ့သမျှဟာ တစ်ချိန်ကျတော့ ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးသွားနိုင်တယ် ဆိုတာပါပဲ။

ဒါကြောင့် ငါတို့ရဲတွေကို မင်းတို့အထင်လွဲတယ်လို့ အပြစ်မပြောခင် ငါတို့ရဲတွေ လုပ်နေတဲ့ အနိုင်ကျင့်မှုတွေကို အရင်ရပ်တန့်ဖို့ လိုတယ်။

🔳 ယောက်ျားနဲ့ မိန်းမကိစ္စတွေ ကြည့်ဦးမလား။ ဒီသဘောအတိုင်းပဲ။ ဖိုဝါဒရဲ့ သတ်မှတ်မှုကြောင့် ယောက်ျားတွေဟာ မိန်းမတွေထက် တစ်ပန်းသာတဲ့ အခြေအနေကို ပိုင်ဆိုင်ခွင့်ရကြတယ်။ တစ်ဖက်မှာလည်း အဲဒီအားသာချက်ကပဲ အားနည်းချက် ပြန်ဖြစ်သွားတယ်။

ဟိုးတစ်ခါကဆို Ss တစ်ခု ဖတ်လိုက်ရတယ်။ ဟာသအနေနဲ့ တင်ထားကြတာ ဆိုပေမဲ့ တွေးစရာ အတော်ကောင်းတယ်။ ကောင်မလေးတစ်ယောက်က သူ့ရည်းစားဆီ ပို့ထားတာ။ မနေ့ညက သူ အရက်မူးပြီး ချော်လဲတာ ပွန်းပဲ့ကုန်တယ်တဲ့။ အဲဒါတွေ ဓါတ်ပုံရိုက်ထားတယ်။ သူ့ကို အဆက်ဖြတ်သွားတာနဲ့ ဒီကောင်လေးက ရိုက်နှက်အကြမ်းဖက်ပါတယ် ဆိုပြီး အဲဒီပုံတွေ တင်ပစ်မယ်တဲ့။

တကယ်သာ အဲဒီလို တက်လာပြီ ဆိုပါတော့။ သူတို့နှစ်ယောက်အကြောင်း သိဖို့မပြောနဲ့၊ တစ်ခါလေးတောင် မြင်ဖူးမှာမဟုတ်တဲ့ လူအုပ်ကြီးက ဒေါသတကြီးနဲ့ ရောက်လာလိမ့်မယ်။ ဒီကောင်လေးကို ရစရာမရှိအောင် ဝိုင်းပြောကြလိမ့်မယ်။

🔳 အဲဒါ ဘာဖြစ်လို့လဲ။ ရှင်းပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ ရိုက်နှက်နှိပ်စက်မှုကို ခံရတဲ့သူတွေဟာ အမျိုးသမီးတွေပဲ ဖြစ်နေတာ များလို့ပါ။ အဲဒါကို တိုင်တန်းဖို့၊ ထုတ်ဖော်ပြောဖို့တောင် အတော်လေး ခွန်အားယူကြရတာမို့ သူတို့ဘက်က ဝန်းရံပေးဖို့ လိုလို့ပါ။

တိုတိုပြောရရင် ယောက်ျားတွေက ရိုက်နှက်နှိပ်စက်တယ်။ မိန်းမတွေမှာ သိသိကြီးနဲ့ ငြိမ်ခံနေရတယ်။ အဲဒီတော့ ယောက်ျားတွေက တစ်ပန်းသာနေသလို ထင်ရတယ်။ တစ်ဖက်မှာလည်း အဲဒီလို တစ်ပန်းသာနေမှုကြောင့်ပဲ ပြဿနာ ပြန်ဖြစ်တယ်။ အမျိုးသမီး ဖြစ်နေခြင်းကို အသုံးချ၊ လူအများရဲ့ စာနာသနားမှုကို ယူပြီး ကိုယ့်ကို ဒုက္ခပြန်ပေးသွားနိုင်တယ်။

ဒါကြောင့်မို့လည်း ဖိုဝါဒဟာ ကျားကိုရော မကိုပါ ဒုက္ခပေးတယ်လို့ ပြောရတာပါ။ ဒီလိုတွေ တစ်ဖက်သတ် အစွပ်စွဲမခံရချင်ဘူး၊ ဖိပြောမခံရချင်ဘူးဆို အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်ခံရမှုတွေ မရှိတော့အောင် အရင်လုပ်ပေးဖို့ လိုတယ်။ မှားယွင်းနေတာတွေကို ကိုယ်နဲ့ မဆိုင်သလို လက်ပိုက်ကြည့်နေခဲ့ပြီး ကိုယ့်ထိတော့မှ ‘ပြဿနာ’ လို့ ထင်နေလို့တော့ မရဘူး။

🔳 ဥပမာပေးမယ်ဆို အများကြီး ကျန်ပါသေးတယ်။ အပ်ပုန်းက လုပ်လိုက်လို့ သေသွားရင်တော့ စိတ်မကောင်းဘူးလောက်နဲ့တင် ပြီးသွားပေမဲ့ ဆရာဝန်ကြောင့် ဖြစ်တာပါလို့ တစ်ယောက်ယောက်က ရေးလိုက်ရင်ကျ ဘာမှန်းညာမှန်း မသိတဲ့ လူတွေ ရောက်ချလာပြီး ဆရာဝန်တွေကို ဝိုင်းအပြစ်တင်ကြတယ် ဆိုတာလည်း ဒီသဘောပါပဲ။ အချိန်မပေးလို့၊ ရှင်းမပြလို့၊ ပိုက်ဆံမျက်နှာပဲ ကြည့်လို့၊ ဆက်ဆံရေး မကောင်းလို့ စတဲ့ စတဲ့ အကြောင်းပြချက်တွေနဲ့ ဆရာဝန်တွေကို မကျေမနပ် ဖြစ်နေတဲ့ လူတွေက အများကြီး ရှိနေတာကိုး။ ဒါကြောင့် တစ်ခုခုဆိုတာနဲ့ တစ်ဆုံးအပြစ်တင်ကြတော့တာပေါ့။

Interconnected ဆိုတာ အဲဒါကို ပြောတာပါ။ ပါဝါရှိသူတွေက သူတို့မှာရှိတဲ့ ပါဝါကို အလွဲသုံးစားလုပ်တယ်။ ဒီတော့ ပါဝါမရှိတဲ့ အဖိနှိပ်ခံတွေဘက်က ရပ်တည်ပေးကြတယ်။ ပြဿနာက အဖိနှိပ်ခံ အုပ်စုထဲ ရောက်နေတယ် ဆိုတိုင်း အခါခပ်သိမ်း မှန်နေတာတော့ မဟုတ်ဘူး။ အဲဒါကို အသုံးချပြီး ပါဝါရှိတဲ့သူတွေကို ပြန်တိုက်ခိုက်တယ်။ ဒုက္ခပေးတယ်။ ဒီတော့ ပါဝါရှိတဲ့သူတွေက ပိုဖိနှိပ်ဖို့ ကြိုးစားတယ်။ ဒီလိုနဲ့ သံသရာ လည်နေကြတော့တာပါပဲ။

🔳 အားလုံးတန်းတူညီမျှ ဖြစ်သွားအောင် လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဘယ်မှာမဆို အားကြီးသူနဲ့ အားနည်းသူ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံဆိုတာ ရှိနေကြဦးမှာပါပဲ။ တစ်ကိုယ်စာအနေနဲ့ ပြောရရင်တော့ ကိုယ်တိုင်လည်း ဖိနှိပ်သူ မဖြစ်အောင် ကြိုးစားမယ်။ အဖိနှိပ်ခံတွေဘက်ကနေလည်း ရပ်တည်မယ်။ ဒါပေမဲ့ အဖြူမဟုတ်ရင် အမည်းပဲဆိုတဲ့ စိတ်ထားမျိုးနဲ့ မျက်စိစုံမှိတ် မရပ်တည်မိအောင်တော့ သတိထားရမယ်လို့ ဆင်ခြင်မိပါတယ်။

တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ ချိန်ခွင်လျှာကို ဟန်ချက်ညီလာအောင် ဝိုင်းကြိုးစားတဲ့နေရာမှာ ပညာဉာဏ်ကတော့ မဖြစ်မနေ လိုအပ်ပါတယ်။

ဉာဏဗလ

၁၅.၉.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


One response to “Post 78 – အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ ( ဉာဏဗလ )”

Leave a comment