“မျက်လှည့်ဆန်တဲ့ အခိုက်အတန့်တွေ”



Super 30 တဲ့။ အိန္ဒိယက သင်္ချာဆရာ အာနန်ကူးမားရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ Biographical Drama ဖြစ်ပါတယ်။ အဲဒီကားကို ကြည့်ပြီး ဘဝအဓိပ္ပါယ် ဆိုတာ ဘာလဲ သေချာစဉ်းစားမိသွားတယ်။
ဒီလူက သင်္ချာသိပ်တော်တယ်။ ဒါပေမဲ့ နိုင်ငံတကာကနေ ဘွဲ့တွေ တသီတတန်း ရထားတာတော့ မဟုတ်ဘူး။ ဒါဖြင့် ဘာလို့ နာမည်ကြီးရတာလဲ ဆိုတော့ အဲဒီ Super 30 အစီအစဉ်ကြောင့်။
ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေထဲက အယောက် ၃၀ ကို ရွေးပြီး တက္ကသိုလ်ဝင်ခွင့်ရအောင် နှစ်စဉ်လေ့ကျင့်သင်ကြားပေးတယ်။ မပြည့်စုံကြတဲ့ ကလေးတွေမို့ ကျောင်းအိပ်ကျောင်းစားကို ခေါ်ထားရတာ။ ဘယ်သူ့ဆီကမှလည်း အထောက်အပံ့ မယူဘူး။ အခကြေးငွေယူပြီး ဖွင့်ထားတဲ့ သင်္ချာကျောင်းရဲ့ ဝင်ငွေနဲ့ ဒီအစီအစဉ်ကို လည်ပတ်နေတာ ဖြစ်ပါတယ်။
စလုပ်တဲ့ ၂၀၀၂ ကနေ ၂၀၁၈ အထိ ၁၇ နှစ်အတွင်း ကျောင်းသားပေါင်း ၅၁၀ ကို သင်ပေးခဲ့တာမှာ ၄၂၂ ယောက်က အိန္ဒိယ နည်းပညာ တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အိန္ဒိယအစိုးရက ပေးတဲ့ ဂုဏ်ပြုဆု အပါအဝင် နိုင်ငံတကာဆုတွေ အများကြီးရပြီး အသိအမှတ်ပြု ခံခဲ့ရတယ်။
ဒီဇာတ်ကားက သူ့အကြောင်းကို အခြေခံပြီး ရိုက်ထားတာ။
ငယ်ငယ်က အတော်လေး ဆင်းရဲတယ်။ အဖေဖြစ်သူက စာရေး။ ကျောင်းကောင်းကောင်း မထားနိုင်ဘူး။ အစိုးရကျောင်းမှာပဲ သင်ရတယ်။ ဒါပေမဲ့ တောက်မည့်မီးခဲ တရဲရဲ ဆိုသလို သူ့ရဲ့ သင်္ချာပါရမီက အတော်လေး ထူးခြားတယ်။ သူကိုယ်တိုင်ကလည်း သင်္ချာကို သိပ်ရူးသွပ်တယ်။
နောက်တော့ ကိန်းဘရစ်ချ် တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ ဝမ်းသာမဆုံး ဖြစ်နေစဉ်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားလို့ မိသားစုအခြေအနေနဲ့ ငွေကြေးအခက်အခဲတွေကြောင့် သွားမတက်ဖြစ်တော့ဘူး။ ရရာအလုပ်လုပ်ပြီး ငွေရှာခဲ့ရတယ်။ သင်္ချာသင်တဲ့ကျောင်းကိုတော့ ၁၉၉၂ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားတစ်ယောက်က သူ့ဆီလာပြီး ကျောင်းပေးတက်ဖို့ ပြောတယ်။ အဲဒီကနေ ဒီအစီအစဉ်ကို စဖြစ်ခဲ့တာပါ။
သူကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူ့ဘဝကို အလွှမ်းမိုးနိုင်ဆုံးလူဟာ သူ့အဖေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
“ဘဝမှာ ရှေ့ဆက်နေဖို့က သိပ်အရေးကြီးတယ်။ အဲဒီထက် ပိုအရေးကြီးတာကတော့ လူကောင်းသူကောင်း ဖြစ်အောင် နေနိုင်ဖို့ပဲ”
သူ့အဖေ ဆုံးမခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။
သင်္ချာပညာရှင်တော့ မဟုတ်ခဲ့ဘူး။ သားဖြစ်သူကို သင်္ချာအမွေ မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ လူတွေကို ကူညီချင်စိတ်၊ အများအတွက် အကျိုးပြုလိုစိတ်တွေ ဖြစ်လာအောင် သင်ပေးခဲ့တယ်။ ကိုယ်တိုင်လည်း စံနမူနာပြအဖြစ် နေထိုင်ခဲ့တယ်။ သားအပေါ် ယုံကြည်မှု အပြည့်အ၀ ပေးတယ်။ အမြင့်ဆုံးထိ အောင်မြင်နိုင်တဲ့သူ ဆိုတာမျိုး မကြာခဏ ပြောလေ့ရှိတယ်။ ဒါတွေက နောင်တစ်ချိန်မှာ အာနန်ကူးမားကို ပုံဖော်ပေးတဲ့ အရာတွေ ဖြစ်လာခဲ့တာပဲ။
ရုပ်ရှင်ထဲမှာတော့ အဖေဖြစ်သူအကြောင်းကို ဒီလောက်ကြီး ထည့်ရိုက်မထားဘူး။ အခက်အခဲတွေကြားက ဘယ်လိုရုန်းကန်ခဲ့တယ် ဆိုတာကိုပဲ အသားပေး ဖော်ပြထားတာ တွေ့ရတယ်။ နောက် အိန္ဒိယလူမှုဓလေ့ရဲ့ လူတန်းစား မညီမျှမှုတွေအကြောင်း၊ အာဏာရှိသူတွေ၊ ငွေရှိသူတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေအကြောင်းကို ပါးပါးလေး ထည့်ရိုက်ပြထားတယ်။
ဒီလိုလူတစ်ယောက်မှာလည်း မကောင်းသတင်းတွေ၊ အပုပ်ချတိုက်ခိုက်တဲ့သူတွေ ရှိတာပါပဲ။ သူပြောသလောက် ကျောင်းသားအရေအတွက် ဝင်ခွင့်မရကြပါဘူးတို့၊ နောက်ကွယ်မှာ ဒီကလေးတွေဆီက ပိုက်ဆံယူနေတယ်တို့၊ တော်ပြီးသား ကလေးတွေကိုပဲ ရွေးထားတာပါတို့ စသဖြင့်ပေါ့။ (အတိအကျ မှန်မမှန်တော့ အတတ်မပြောနိုင်ပါဘူး။ ရှေ့တင်သာ ကောင်းတယ် ထင်ရပေမဲ့ နောက်ကွယ်ကျ ဖောက်လွဲဖောက်ပြန် ဖြစ်နေသူတွေလည်း အများသားမို့လား)
ဒီဇာတ်ကားထဲမှာတော့ အဲဒီတိုက်ခိုက်မှုတွေကို ပုံစံတစ်မျိုးနဲ့ ဒရမ်မာဆန်အောင် ဖော်ပြထားတယ်။
သူ့အဖေ ဆုံးပြီးစ ရရာအလုပ် လုပ်နေချိန်မှာ ကျောင်းတစ်ခုက စာသင်ပေးဖို့ လာကမ်းလှမ်းတယ်။ သူက ငယ်ငယ်ကတည်းက သင်္ချာပါရမီရှင် ဆိုတော့ ကျောင်းသားတွေ၊ မိဘတွေကြားမှာ ရေပန်းစားတယ်။ အဲဒီတော့ သူ ဒီကျောင်းမှာ စာသင်မယ်ဆိုတဲ့အခါ ကြိတ်ကြိတ်တိုး လာအပ်ကြတော့တာပေါ့။ ကျောင်းပိုင်ရှင်ကလည်း ဝမ်းသာ။ သူလည်း ပိုက်ဆံတွေ ရ။
အဲဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ကို သူ တွေ့ပြီး စိတ်ပြောင်းသွားတော့တာပဲ။ အလုပ်ထွက်လိုက်တယ်။ Super 30 အစီအစဉ်ကို အကောင်အထည် စဖော်တယ်။
ဝင်ငွေလည်း လုံးဝထိုးကျသွားတဲ့အပြင် အရင်ကျောင်းပိုင်ရှင်ကလည်း သူ့ကို အငြှိုးထားတယ်။ သူသင်ပေးမယ် ဆိုလို့ ကျောင်းလာအပ်ထားတဲ့ မိဘတွေက ပြဿနာရှာနေပြီကိုး။ ဒါကြောင့် သူ့ရဲ့ Super 30 အစီအစဉ်ကို အမျိုးမျိုး ပြဿနာလုပ်တယ်။ ရန်ရှာတယ်။ ဒုက္ခပေးတယ်။ အဲဒီကြားထဲကနေပဲ ဒီအစီအစဉ်ကို မရရအောင် အကောင်အထည် ဖော်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘဝအဓိပ္ပါယ်ကို ပြန်စဉ်းစားမိခဲ့တယ် ပြောတာပါ။ အစစအရာရာ အဆင်ပြေ၊ နာမည်ကျော်နေတဲ့ ဘဝကြီးကို ထားခဲ့ပြီး ဒီအလုပ်ကို လုပ်ခဲ့တာ။ လူတကာ အံ့သြတယ်။ ကြားရတဲ့လူတိုင်း မှင်သက်တယ်။ ရူးများနေပြီလား ထင်ကြတယ်။
ဖခင်က တောက်လျှောက်ဆုံးမခဲ့တဲ့ စကားတွေရှိတယ်။ သူကိုယ်တိုင်လည်း ဆင်းရဲလို့ ကျောင်းဆက်တက်ခွင့် မရတာမျိုး ဖြစ်ဖူးတယ်။ ဘယ်သူ့ဆီကမှ အကူအညီ မရတာမျိုး၊ ကူကယ်ရာမဲ့နေတာမျိုး ကြုံခဲ့ရဖူးတယ်။
ဒီအခါ သူ့လိုဘဝတူ လူငယ်တွေအတွက် အခုလိုမျိုး သင်ပေးရဖို့ဟာ သူ့အတွက် ‘Purpose of life’ ဘဝရဲ့ အန္တိမပန်းတိုင်တစ်ခု ဖြစ်လာခဲ့တော့တာပဲ။
ဒါကို ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ လူတစ်ယောက်က ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။ ဘဝရဲ့ အောင်မြင်မှုကို ငွေကြေးဥစ္စာ၊ ရာထူးအာဏာတွေနဲ့ပဲ တိုင်းတာလေ့ရှိတဲ့သူတွေ ဘယ်နည်းနဲ့မှ သဘောပေါက်နိုင်မှာ မဟုတ်ဘူး။
ခုလက်ရှိ တော်လှန်ရေးကာလမှာလည်း အဲဒီလို အာနန်ကူးမားတွေ အများကြီး ရှိတယ်။ သူတို့ကတော့ ကမ္ဘာသိဖို့ မပြောနဲ့၊ မြန်မာအချင်းချင်းတောင် သိပ်မသိကြဘူး။ Super 30 ထက်လည်း ပိုကြမ်းတဲ့ အခက်အခဲ၊ အတိုက်အခိုက်တွေကို ရင်ဆိုင်နေကြရတယ်။
အရင်က ဘားတွေသွားနေကျ လူငယ်က အခုတော့ တောထဲ ငှက်ဖျားမမိအောင် နေနေရတယ်။
အရင်က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ လှည့်ထိုင်နေရတဲ့ အထူးကုဆရာဝန်က ခုတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ ရောက်နေတယ်။
အရင်က ပို့စ်တစ်ခု တင်ပေးရင် ၁၀ သိန်း၊ ၁၅ သိန်း ရတဲ့ Social Influencer က ခုတော့ ရရာအလုပ်လုပ်ရင်း အသက်မွေးနေရတယ်။
ဘေးကကြည့်ရင် အံ့သြစရာကြီးနော်။ ဘယ်လိုများ ဒီလမ်းကို ရွေးခဲ့ကြတာပါလိမ့်။ ပျော်နေလားဆို ပျော်နေမယ် မထင်ပါဘူး။ အရင်ဘဝတွေကို မလွမ်းဘူးဆို လွမ်းတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ အသစ်တွေ့ရှိလာတဲ့ Sense of Purpose နောက်ကို လိုက်ရင်း လိပ်ပြာလုံလုံ ရှင်သန်ခွင့်ကိုပဲ သူတို့ ဆက်လက်ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
လူတွေမှာ အဲဒီလို ဘဝကို အလှည့်အပြောင်း ဖြစ်သွားစေတဲ့ အခိုက်အတန့်ကလေးတွေ၊ ကိုယ့်ကို အလင်းပွင့်သွားစေတဲ့ အဖြစ်အပျက်ကလေးတွေ ရှိတတ်ကြတယ်။ လူတိုင်းကြုံရတာ မဟုတ်သလို၊ ကြုံရတာချင်း တူတောင် တချို့အတွက်သာ အဲဒီလို ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။
ကျောင်းစရိတ် မတက်နိုင်တဲ့ ကျောင်းသားကို တွေ့ဖူးတာ အာနန်ကူးမားတစ်ယောက်တည်းမှ မဟုတ်တာ။ ဒါပေမဲ့ သူ့အတွက်ကျ တကယ့်ကို Magical moment တစ်ခု ဖြစ်လာခဲ့တယ်။
အာဏာသိမ်းခံရတာလည်း လူတစ်စုအတွက်ပဲမှ မဟုတ်တာ။ တစ်တိုင်းပြည်လုံး၊ အနီရောင် ပတ်စ်ပို့စာအုပ် ကိုင်ထားသူအကုန်လုံး ကြုံကြရတာပဲ။ ပဇီကြီးလို အဖြစ်အပျက်တွေကို ကြားနေ၊ မြင်နေရတာလည်း တစ်စုတစ်ဖွဲ့တည်းမှ မကတာ။ ဒါပေမဲ့ တချို့အတွက်တော့ တကယ့်ကို Life philosophy တွေ၊ Value တွေ၊ Purpose of life တွေ အကုန်ပြောင်းသွားစေခဲ့ပါတယ်။
အရင်ထက် ပိုခက်ခဲလာတာ၊ ပင်ပန်းလာတာ၊ ကြမ်းတမ်းလာတာ မှန်ပေမဲ့ အရင်ထက် ပိုပြီး ပြည့်ဝလာတယ်၊ အဓိပ္ပါယ်ရှိလာတယ် ဆိုတာလည်း အမှန်ပါပဲ။ ကိုယ်တိုင်ကြုံဖူးမှပဲ ဒီခံစားချက်က သိနိုင်တာပါ။
အာနန်ကူးမားရဲ့အဖေ ပြောခဲ့တဲ့စကားကို ကိုးကားပြီး အဆုံးသတ်ရရင်တော့
“ဘဝမှာ ရှေ့ဆက်နေဖို့က သိပ်အရေးကြီးတယ်။ အဲဒီထက် ပိုအရေးကြီးတာကတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ရင်း တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ရှင်သန်နိုင်ဖို့ပါပဲ”
ဉာဏဗလ
၈.၁၀.၂၀၂၃
ကိုးကား –
• Anand Kumar – Wikipedia
• My Father Was The Inspiration Behind Super 30 – Anand Kumar
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
One response to “Post 79 – မျက်လှည့်ဆန်တဲ့ အခိုက်အတန့်တွေ ( ဉာဏဗလ )”
ဘဝ အဓိပ္ပါယ် ကို တွေ့ဖို့ အဲ့သွားရင် လမ်းတလျောက် အခြားလုပ်စရာတွေလည်းလုပ်၊ ဆရာ တို့လို စိတ်ရောကိုယ်ပါ လုပ်နေတဲ့သူတွေကို တော့ အလေးစား ဆုံး အားအကျဆုံး 👍
LikeLike