Post 80 – ရှုံးနိမ့်တတ်အောင်လည်း သင်ယူပါ ( ဉာဏဗလ )

“ရှုံးနိမ့်တတ်အောင်လည်း သင်ယူပါ”

🔳 ဒီတစ်ခါ ရေးချင်တာကတော့ Chhichhore ဆိုတဲ့ အိန္ဒိယ ဟာသဇာတ်ကားအကြောင်း။ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတဲ့သူတွေ၊ ပြန်လိုချင်တဲ့သူတွေ၊ အဲဒီအရွယ်တုန်းက စာတွေထဲမှာပဲ နစ်ပြီး ပြည့်ပြည့်၀၀ မပျော်ရ၊ မသောင်းကျန်းလိုက်ရသူတွေ ကြည့်သင့်တဲ့ဇာတ်ကား ဖြစ်ပါတယ်။

🔳 ဇာတ်လမ်းက ဒီလိုပါ။ ကောင်လေးတစ်ယောက်က နည်းပညာတက္ကသိုလ် ဝင်ခွင့်ဖြေတယ်။ သူ့မိဘတွေက ကွာရှင်းထားတယ်။ သူကတော့ အဖေနဲ့ အတူနေတာပေါ့။ စာမေးပွဲရလဒ် ထွက်တဲ့နေ့ကျ သူ့သားနဲ့ ဘယ်လိုတွေ အောင်ပွဲခံမယ် ဆိုပြီး အဖေက ပြင်ဆင်ထားတယ်။ အောင်ကိုအောင်မှာ သေချာတယ်ပေါ့လေ။

တကယ့်တကယ် ရလဒ်ထွက်လာတော့ ဝင်ခွင့်မရဘူး။ အဲဒီမှာတင် အရှုံးသမားလို့ ပြောခံရမှာ ရှက်တဲ့စိတ်၊ အဖေ့ကို မျက်နှာပူတဲ့စိတ်နဲ့ ဒီ​ကောင်လေးက တိုက်ပေါ်က ခုန်ချပြီး သူ့ကိုယ်သူ သတ်သေလိုက်ရော။

🔳 ဆေးရုံပို့ချိန် မီသွားလို့ အသက်တော့ မသေသေးဘူး။ ဒါပေမဲ့ အခြေအနေက စိုးရိမ်နေရတယ်။ အဲဒီတော့မှပဲ အဖေနဲ့ အမေကလည်း သူတို့သား ဘယ်လောက်တောင် စိတ်ဖိစီးနေရတယ် ဆိုတာ သိတော့တယ်။ ငါ့သား စာမေးပွဲအောင်ရင် ရှန်ပိန်ပုလင်း ဖောက်ကြမယ် ဆိုပြီး ပြောပြောနေတာတွေက သားဖြစ်သူကို အတော်လေး Pressure မိစေတာ ခုမှပဲ သိရတော့တာပေါ့။

နောက်တော့ ကောင်လေးက သတိပြန်ရလာတယ်။ အခြေအနေကတော့ စိတ်ပူရတုန်းပဲ။ ဆရာဝန်က ခေါ်ပြောတယ်။ ခုချိန်မှာ လူနာကိုယ်တိုင်ရဲ့ အသက်ရှင်လိုစိတ်က သိပ်အရေးကြီးနေတယ်။ သူကိုက အရှုံးသမားလို့ သူ့ကိုယ်သူ မှတ်ယူပြီး သတ်သေဖို့ ကြိုးစားခဲ့တာ ဆိုတော့ အတော်ခက်ခဲနေတယ်။ ဒီတော့ သူအသက်ဆက်ရှင်လိုစိတ် ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားကြည့်ပါလို့ အကြံပေးတယ်။

🔳 အဲဒီအချိန်မှာ အဖေဖြစ်သူက ကျောင်းတုန်းက သူ့သူငယ်ချင်းတွေကို အကုန်ပြန်ခေါ်ပြီး သူတို့ငယ်ငယ်က အကြောင်းတွေ သူ့သားကို ပြောပြတာပေါ့။ ဇာတ်လမ်းရဲ့ အဓိကအပိုင်းတွေက အဲဒီတက္ကသိုလ် ကျောင်းသားဘ၀ ဇာတ်ဝင်ခန်းတွေပဲ။ တဝါးဝါး တဟားဟားနဲ့ကို ရယ်နေရတယ်။ ချစ်စရာလည်း ကောင်းတယ်။ လွမ်းစရာလည်း ကောင်းတယ်။ ကြည်နူးစရာလေးတွေလည်း ပါတယ်။

သူတို့ကိုယ်တိုင်ကလည်း ကျောင်းတုန်းက Loser တွေ ဖြစ်ခဲ့တာပဲ။ တက္ကသိုလ်မှာ အဆောင်နေကြရတော့ သူတို့ကို နေရာချပေးထားတာက အဆောင် ၄။ အရှုံးသမားတွေချည်း စုထားတဲ့နေရာ။ အဆောင် ၄ က ကျောင်းသားဆို အားကစားလည်း ညံ့၊ ကျောင်းစာလည်း ညံ့၊ အကုန်ညံ့ပေါ့။

🔳 ဒါကို သူတို့က မကြိုက်ဘူး။ တခြားကျောင်းသားတွေက နှိမ်တာ၊ ရိသဲ့သဲ့လုပ်တာလည်း မခံနိုင်ဘူး။ ဒီတော့ အဆောင် ၄ ရဲ့ သမိုင်းကို ငါတို့ပြောင်းမယ် ဆိုပြီး တက္ကသိုလ်အားကစားပွဲမှာ ဝင်ပြိုင်ကြတယ်။ မြင်သာအောင် ပြောရရင် အိုလံပစ်လိုမျိုးပေါ့။ ဘောလုံး၊ ပြေးခုန်ပစ်၊ အပြေး၊ Table Tennis စသဖြင့် အားကစားနည်းမျိုးစုံ ပါတယ်။

အဓိကက အတော်ဆုံးကျောင်းသားတွေချည်း စုထားတဲ့ အဆောင် ၃ နဲ့ ပြိုင်ရတာ။ သူတို့နဲ့ ငြိတာလည်း အဲဒီက ကျောင်းသားတွေပဲ။ ဒီတစ်နှစ်တော့ ဒီကောင်တွေကို ကျော်ဖြတ်အနိုင်ယူပြီး အဆောင် ၄ ရဲ့ ဂုဏ်ကို ဆောင်ကြမယ်၊ Loser တွေလို့ ပြောပြောနေတဲ့ ပါးစပ်တွေကို ပိတ်ပစ်ကြမယ်ပေါ့လေ။

🔳 သူ့အဖေ ပြောပြတာကို ကောင်လေးက နားထောင်ရင်း တအားပျော်လာတယ်။ သူ့အဖေနဲ့ သူငယ်ချင်းတွေ ဘယ်လိုကြိုးစားခဲ့ကြတဲ့အကြောင်းတွေ ကြားရတာကိုး။ နောက် အဖေရယ်၊ အမေရယ်နဲ့ ခုလို နွေးနွေးထွေးထွေး မနေရတာလည်း ကြာနေပြီလေ။ (ကိုယ်တွေကလေးတုန်းကလည်း အဖေတို့၊ အမေတို့ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောရရင် သိပ်နားထောင်ချင်တာပဲကိုး)

တဖြည်းဖြည်း ဇာတ်ရှိန်တက်လာတော့ ကောင်လေးက မေးတယ်။ နောက်ဆုံးမှာ အဖေတို့ နိုင်သွားလားတဲ့။

အကုန်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ တကယ်တော့ သူတို့ မနိုင်ခဲ့ပါဘူး။ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရင်း နောက်ဆုံးမှာတော့ အဆောင် ၃ ကပဲ ဗိုလ်စွဲသွားပါတယ်။

🔳 သို့သော် အရင်နှစ်တွေနဲ့ မတူတော့တာကတော့ အဆောင် ၄ က ဒုတိယနေရာ ရတာရယ်၊ နောက်ဆုံးအချိန်ထိ အံတုနိုင်ခဲ့တာရယ်ပါပဲ။ သူတို့ရဲ့ တိုးတက်မှုနဲ့ ကြိုးစားမှုက အထင်းသား မြင်နေရတယ်။ ကျောင်းသူကျောင်းသားအားလုံးကို အံ့အားသင့်စေခဲ့တယ်။ ပြိုင်ပွဲအပြီးမှာ အားလုံးက မတ်တပ်ထပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတယ်။

ဒါကပဲ သူတို့ငယ်ဘဝအကြောင်း သူ့သားကို ပြန်ပြောပြဖြစ်တဲ့ အကြောင်းရင်းပါပဲ။

တကယ်တော့ အရှုံးသမား ဆိုပြီး ဖြစ်လာစေတာ ရလဒ်က ဖြစ်စေတာ မဟုတ်ဘူး။ “ကြိုးစားအားထုတ်မှုနဲ့ အဓိက ဆိုင်တာ” ။ မင်း အရှုံးမပေးသရွေ့၊ မင်း ကြိုးစားနေသရွေ့ မင်းဟာ Loser မဟုတ်ဘူး ဆိုတာကို သူတို့အကြောင်းနဲ့ ဥပမာပေးပြီး ပြောပြလိုက်တာပဲ။ အဲဒီမှာတင် ကောင်လေးလည်း စိတ်ဓါတ်ပြန်တက်လာပြီး နောက်တော့ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့တယ်။

🔳 ဘဝမှာ အဲဒီ Mindset က သိပ်အရေးကြီးတာနော်။ ရလဒ်ကိုပဲ အခြေပြုနေတဲ့ ခေတ်ကြီးမှာ Process တို့၊ Effort တို့ရဲ့ အရေးပါမှုက ပျောက်ကွယ်စ ပြုလာတယ်။

ကင်ဆာဖြစ်တယ်။ သေမလား၊ ရှင်မလား၊ ရောဂါပျောက်မလား၊ မပျောက်ဘူးလား ဆိုတာ သူ့ကိစ္စ။ ကိုယ့်ဘက်ကတော့ Fight လုပ်ဖို့ပဲ။

အာဏာသိမ်းခံရတယ်။ နိုင်မလား၊ ရှုံးမလားဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ ဆုံးဖြတ်လို့ ရနိုင်တာ မဟုတ်ဘူး။ ကိုယ့်တာဝန်ကတော့ တော်လှန်ရေးထဲ ပါဝင်ဖို့ပဲ။

Result ကို ကြည့်ပြီး Winner/ Loser ဆုံးဖြတ်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ Mentality က ပိုအဓိကကျတာ။

🔳 ဇာတ်ဝင်ခန်းတစ်ခုမှာ ကောင်လေးရဲ့အဖေ ပြောသွားတာလေးလည်း မှတ်မိနေတယ်။

ငါတို့တွေက ကလေးတွေ အောင်မြင်ရင် ဘယ်လိုအောင်ပွဲခံမယ် ဆိုပြီးပဲ တွေးထားကြတာ၊ ရှုံးသွားခဲ့ရင် ဘာလုပ်ရမလဲ ဆိုတာကို သင်မပေးမိကြဘူးနော် တဲ့။ သူ့သား စာမေးပွဲအောင်ရင် ဖောက်မယ်ဆိုပြီး ဝယ်ထားတဲ့ ရှန်ပိန်ပုလင်းကို ကိုင်ရင်း သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တာ။

တွေးကြည့်ရင် တကယ်ဟုတ်တယ်နော်။ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ အကြံပေးတဲ့သူ များတယ်။ ရှုံးနိမ့်တတ်အောင် သင်ပေးတဲ့သူက မရှိသလောက်ပဲ။

🔳 ဒါဖြင့် မေးစရာ ရှိတာပေါ့။ ရှုံးအောင်က သင်စရာမှ မလိုတာ၊ ဘာမှမလုပ်ရင် မင်းရှုံးနိမ့်မှာပဲလေ။

အဲဒီလို မကြိုးစားလို့ Loser ဖြစ်နေသူတွေကိုတော့ ဖယ်ထားလိုက်ပါ။

ဘဝမှာ ကြိုးစားပါလျက်နဲ့ ဖြစ်သင့်သလောက် ဖြစ်မလာတဲ့သူတွေ အများကြီး ရှိပါတယ်။ မိသားစုကြောင့်၊ ကျန်းမာရေးကြောင့်၊ အမြင်သာဆုံး ဥပမာဆို ခုလက်ရှိ နိုင်ငံရေး အခြေအနေကြောင့်ပေါ့။ အနှစ်နှစ်အလလက ကြိုးစားတည်ဆောက်ထားခဲ့တဲ့ အရာမှန်သမျှ အချိန်ခဏလေးအတွင်း ပျက်စီးသွားရသူတွေ ရှိတယ်။ ပျောက်ကွယ်သွားရတဲ့ အိပ်မက်တွေ တလှေကြီး ရှိတယ်။

ဘဝဆိုတာကိုက ထင်မှတ်မထားတာတွေနဲ့ ပြည့်နှက်နေတာပဲ။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သင့်တယ် ဆိုတာကိုလည်း ကြိုတွေးထားဖို့ လိုတယ်။ ပြင်ဆင်ထားဖို့ လိုတယ်။

🔳 ဒီဇာတ်ကားထဲက ကောင်လေးလိုပဲ။ ကျွန်တော်တို့အားလုံးဟာလည်း အောင်မြင်မှု၊ ချမ်းသာမှု၊ နာမည်ကျော်ကြားမှုတွေကို ရှေ့တန်းတင်လွန်းတဲ့ခေတ်ကြီးမှာ ရှင်သန်နေကြရတာ ဖြစ်တယ်။ Peer pressure ကို တောင့်ခံရတာ တကယ်မလွယ်ဘူး။ ဒီအခါ အရှုံးသမားဆိုတဲ့ တံဆိပ်ကို ကိုယ့်ဟာကိုယ် ကပ်မိနေကြတယ်။ ကိုယ်က ဘယ်လောက်ပဲ မှန်တာတွေ လုပ်နေပါစေ၊ ပိုက်ဆံမရှိရင်၊ မအောင်မြင်ရင် လူရာမဝင်တော့ဘူးလို ဖြစ်နေတာကိုး။ ဒါကြောင့် အရှုံးကို လက်ခံနိုင်ဖို့ရာ သိပ်ခက်ခဲလာတယ်။

ရှုံးနိမ့်တတ်ဖို့ လိုတယ်ဆိုတာက အဲဒီအနေအထားမှာပဲ ကျေနပ်နေဖို့ မဟုတ်ပါဘူး။ ဒီအခြေအနေကို လက်သင့်ခံနိုင်ဖို့၊ လဲပြိုမသွားဖို့၊ လက်မလျှော့လိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးဖို့၊ ၇ ကြိမ်လဲရင် ၈ ကြိမ်ပြန်ထဖို့၊ ဘာ​​တွေနဲ့ ကြုံလာကြုံလာ ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်လိုက်ဖို့၊ ဒါတွေကို ဆိုလိုတာပါ။

ကိုယ့်ဘဝကို အဖက်ဖက်က အောင်မြင်အောင် ကြိုးစားနေကြတဲ့ တပြိုင်တည်းမှာ၊ ကြုံလာရမဲ့ setback တွေအတွက်လည်း ပြင်ဆင်ထားနိုင်ရင် ပိုကောင်းပါတယ်။ အခါခပ်သိမ်း အမြဲအဆင်ပြေ၊ အနိုင်ရနေမှာ မဟုတ်လို့ပါ။

🔳 ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နောက်ထပ်ပြောစရာတစ်ခုကတော့ အဓိကမင်းသား (ကောင်လေးရဲ့ အဖေ) အဖြစ် သရုပ်ဆောင်တဲ့ Sushant Singh Rajput ဟာ ဒီရုပ်ရှင်ထွက်ပြီး နောက်နှစ် ၂၀၂၀၊ သူ့အသက် ၃၄ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါပဲ။

သတ်သေသွားတဲ့ လူတစ်ယောက်အကြောင်းကို ကျန်ရစ်ခဲ့တဲ့သူတွေက Judgement တွေလုပ်ပြီး ပြောနေကြတာ မဖြစ်သင့်ပါဘူး။ ပိုဆိုးတာက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီလိုလုပ်သွားတာလေ ဆိုပြီး သေချာမသိဘဲ ရမ်းသမ်းပြောနေကြတာပါပဲ။ သူ ဘာကြောင့် ဒီလိုလုပ်သွားတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ် ဆိုတာ ဘယ်သူမှမှ သေချာမသိနိုင်တာ။ အကြောင်းရင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနေနိုင်ပါတယ်။

🔳 Sushant ဆိုတာကို မသိတဲ့သူတွေ မှတ်မိအောင် ပြောရရင် PK ကားထဲမှာ ဆာဖာရက်ဇ်အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီကတည်းက သဘောကျမိတဲ့ မင်းသားပေါ့။ Kai Po Che ဆိုတဲ့ ဇာတ်ကားလေးလည်း ကြည့်ကြည့်။ အတော်ကောင်းတယ်။ ဟိန္ဒူ-မွတ်စလင် သူငယ်ချင်းတွေကြားက မေတ္တာဘွဲ့ဇာတ်ကားလေး။

ဒီဇာတ်ကားကို ကြည့်မိတဲ့အချိန်ကတော့ ၂၀၂၁ ပါ။ မင်းသားသေပြီးသွားမှ ကြည့်ဖြစ်တာဆိုတော့ ဘာမှန်းမသိတဲ့ ခံစားချက်မျိုးပါ ဖြစ်နေခဲ့ပါတယ်။ သြော် ဒီကားထဲမှာ တက္ကသိုလ်ကျောင်းသားအဖြစ် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ သရုပ်ဆောင်နေတဲ့သူ၊ သားဖြစ်သူကို ဘဝကို ဘယ်လိုပုံစံနဲ့ ရှင်သန်သင့်တယ် ဆိုတဲ့အကြောင်း အားပေးနေတဲ့သူက လက်တွေ့ဘဝမှာတော့ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့လား။

“လူတွေကို ပျော်အောင်လုပ်ပေးခွင့် ရတဲ့အခါတိုင်း လုပ်ပေးလိုက်ပါ။ တစ်ခါတလေ မင်းရှေ့မှာ ရှိနေတဲ့သူက တိတ်တိတ်ကလေး ရုန်းကန်နေရသူ ဖြစ်နိုင်လို့ အခု လုပ်ပေးလိုက်တဲ့ ကြင်နာမှုက သူ့အတွက် အဓိပ္ပါယ်တွေ အများကြီး ရှိသွားနိုင်တယ်” ဆိုတဲ့ စကားကိုပဲ သတိရနေမိပါတယ်။

🔳 ဇာတ်ကားအဆုံးမှာ ဒါရိုက်တာ ပေးသွားတဲ့ မက်ဆေ့ကလည်း ဆင်ခြင်စရာ ကောင်းပါတယ်။

“ကိုယ့်ဘဝကို ကျေနပ်နေတဲ့သူတစ်ယောက်၊ ပြည့်ပြည့်၀၀ ပျော်ရွှင်နေတဲ့သူတစ်ယောက်ကို ဘယ်သောအခါမှ Loser လို့ မခေါ်မိပါစေနဲ့” တဲ့။

အများက သတ်မှတ်ထားတဲ့ ပေတံတွေနဲ့ ကိုယ့်ဘဝကို တိုင်းတာရင်း၊ အဲဒါတွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့သူတွေထက်စာရင်တော့ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သေချာသိတဲ့သူတွေရဲ့ ဘဝက အများကြီး ပျော်စရာပိုကောင်းလိမ့်မယ် ထင်ပါတယ်။

ဉာဏဗလ

၂၂.၉.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်