
“အတွင်းထဲက အလှတရား (Inner Beauty)”
ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ ဘယ်တော့မဆို တစ်ပန်းသာလေ့ ရှိပါတယ်။ ဒါကို Pretty Privilege လို့ ခေါ်တယ်။ ဖျော်ဖြေရေး နယ်ပယ်တင်ကမဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး ဘာသာရေးအထိပါ ဒီအကျိုးကျေးဇူးကို ခံစားကြရတယ်။
ရုပ်ရည်က ကြည့်ကောင်းနေရင် ပိုယုံကြည်ခံရတယ်။ အထင်ကြီးလွယ်တယ်။ လုပ်တာ ကိုင်တာ တော်မယ်၊ သပ်ရပ်မယ်၊ စိတ်ကောင်းရှိမယ်၊ ရိုးသားမယ် စသဖြင့် အကောင်းတွေချည်း အထင်ခံရတယ်။ ဒီတော့ အလုပ်လျှောက်ရင် ပိုလွယ်တယ်။ အလုပ်လုပ်ရင် ပိုအဆင်ပြေတယ်။
(ဟိုရက်က ဒေးဗစ်ဘက်ခမ်းအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်တော့ အဲဒီတစ်ချက်ကို အထင်အရှား တွေ့ရတယ်။)
တစ်ဖက်မှာလည်း အဲဒီအားသာချက်ကြောင့်ပဲ ပြဿနာတွေ ရှိလာတတ်တယ်။
ဥပမာ အလကားနေရင်း မျှော်လင့်ချက် (Expectation) တွေ ထမ်းပိုးထားရတာပေါ့။ ကိုယ်လည်း အဲဒီလို မဟုတ်ဘဲ အဲဒီလို အထင်ခံနေရတာကိုး။ ပြီးရင် ပြောကြသေးတယ်လေ။ ရုပ်ကြည့်တော့ မထင်ရဘူး၊ ရုပ်ကလေးကြည့်တော့ သနားကမားနဲ့ စသဖြင့်။ ဒီတော့ ကိုယ့်အရှိအရှိအတိုင်း နေခွင့်မရတော့ဘူး။
မနာလိုခံရတာ၊ ကဲ့ရဲ့ခံရတာလည်း ပိုများတယ်။ သူများထက်ကျော်ပြီး ကိုယ်က ရာထူးတိုးသွားတယ်ဆို “တိုးမှာပေါ့၊ ရုပ်ပြစားနေတာလေ၊ ဘော့စ်နဲ့ကလည်း ဘယ်လိုတွေ ပလူးနေတာ” ဒီလိုတွေ အပုပ်ချကြတာပေါ့။ ကိုယ့်အရည်အချင်းကို လူမမြင်ကြတော့ဘဲ ဒီရုပ်ရည်ကြောင့်ပဲ၊ ဒီရုပ်ကလေးပဲ ဗန်းပြပြီး လုပ်စားနေတာ ဆိုပြီး ကဲ့ရဲ့ကြတာ။
စာရေးသူတစ်ယောက်ကို သူ့စာတွေက အလကားပါ၊ ရုပ်ချောလို့ စာအုပ်တွေ ရောင်းကောင်းနေတာလို့ ပြောကြည့်ပါလား။ တကယ့်စာရေးဆရာ/မစစ်စစ်သာဆို ဘယ်လောက်တောင် ခံရခက်လိုက်မလဲ။ စော်ကားရာ ရောက်မလဲ။ ဘက်ခမ်းကို မင်းရုပ်ရည်ကြောင့် စီးပွားရေးအရ အမြတ်လိုချင်လို့ ခေါ်တာ၊ မင်းဘောလုံးကန်တာ မကောင်းဘူးလို့ သွားပြောရင် ဘယ်နှယ့်နေမလဲ။ ကျန်တဲ့အလုပ်တွေမှာလည်း ဒီသဘောပဲပေါ့။
နောက်ပြီး ဆက်ဆံရေးတွေမှာလည်း ရုပ်ရည်အခြေပြု ဆက်ဆံတာတွေက များလာတယ်။ နာမည်ကျော်တွေနဲ့ နမူနာပေးလို့ ရတယ်။ နာမည်ကြီးလာတဲ့အခါ အသိအကျွမ်း များလာပေမဲ့ မိတ်ဆွေစစ်တော့ ရှားလာတတ်တယ်။ အားလုံးက အကျိုးလိုလို့ ညောင်ရေသွန်းနေကြတာချည်းပဲ။ ဘယ်သူက ဘယ်အချိန် နောက်ကျော ဓါးနဲ့ထိုးသွားမယ် မသိဘူး။ ဒါကြောင့်လည်း နာမည်ကျော်တွေဟာ အထီးကျန်တတ်ကြတာ။ သူတို့ဘဝကို ငြီးငွေ့လာတတ်ကြတာ။
အခု ရုပ်ချောသူတွေမှာလည်း ဒီလိုပဲ။ ရုပ်ချောလို့ လာကြိုက်တာ။ တကယ်ချစ်ကြတာ မဟုတ်ဘူး။ ဝိုင်းဝိုင်းသာ လည်နေတယ်၊ သူ့ကို တကယ်ချစ်တဲ့သူက ပါမလာဘူး။ ခင်ချင်တဲ့သူတွေသာ များနေတယ်။ သူငယ်ချင်းကောင်းက ရှိမနေဘူး။
ဒါတွေက Privilege တစ်ခုရဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဆိုပါတော့။
တကယ်က ပုံပန်းသွင်ပြင်အပေါ် အခြေခံပြီး အကဲဖြတ်ကြတဲ့ ဓလေ့ကြောင့် ဖြစ်နေတာပါပဲ။ မြန်မာပြည်မှာမှ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာလည်း ရုပ်ချောတာကို သဘောကျကြတာပဲ။
ရုပ်ချောရင် ရိုးသားမယ် ထင်တာတွေကြောင့် လိမ်ခံ၊ ညာခံရတာတွေ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိတယ်။ တစ်ဖက်မှာလည်း ရုပ်မချောရင် မရှိ ခိုးနိုး၊ မလှ စုန်းယိုး အထင်ခံရတတ်တယ်။ ဥပမာ ရုပ်ရှင်ကားတွေမှာ လူသတ်သမားတို့၊ ဓါးပြတို့ဆို မျက်စိတစ်ဖက် လပ်နေတာတို့၊ မျက်နှာမှာ အမာရွတ် ရှိနေတာတို့ ပြလေ့ရှိသလိုပေါ့။
ဒီအခါ ရုပ်မချောတဲ့သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်။ ကြိုးစားတာချင်း တူရင်တောင် ရုပ်ချောတဲ့သူက ကိုယ့်ထက် ရှေ့ပိုရောက်သွားတာကိုး။ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတော့ အလှအပနဲ့ ပတ်သက်တဲ့ သိမ်ငယ်စိတ်ကလည်း ပိုပိုကြီးလာတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်ဘူး။ ရုပ်မချောချောအောင် လုပ်လာကြတယ်။ ဒါကလည်း သိပ်ပင်ပန်းစေသလို ငွေကုန်ကြေးကျလည်း များတယ်။ အခန့်မသင့်ရင် မျက်နှာပျက်စီးတာ၊ အသက်ဆုံးရှုံးတာတွေအထိပါ ဖြစ်လာနိုင်တယ်။
ခုဆိုပဲ ကြည့်လေ။ ခွဲစိတ်ပြုပြင်ရတာနဲ့၊ အဆီတွေ ခွဲထုတ်ရတာနဲ့ အမျိုးကိုစုံနေတာ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ကြတာ ပြဿနာ မရှိပေမဲ့ အဲဒီလို ပိုက်ဆံမတတ်နိုင်လို့ ဈေးသက်သာတာ လုပ်လိုက်ရင်း၊ အလိမ်အညာတွေ ခံရရင်းကနေ နောက်ဆက်တွဲတွေ မထိခိုက်စေချင်တာပါ။
ဈေးကွက်စီးပွားရေးခေတ်ဆိုတော့ “You are not enough.” မင်း မလုံလောက်သေးဘူး ဆိုတဲ့ မက်ဆေ့ကိုပဲ အမြဲပေးနေကြတာ။ ဒီဖုန်းတော့ ဝယ်သင့်တယ်နော်၊ ဒီပစ္စည်းလေးတော့ ရှိသင့်တာပေါ့၊ ဒီလိုလေး စားကြည့်ပါလား၊ ဒီလိုခွဲစိတ်မှ၊ မျက်နှာလေးက V-shape ဖြစ်နေမှ လှတာ စသဖြင့် စသဖြင့် ကျွန်တော်တို့ ဦးနှောက်ထဲကို ရိုက်ထည့်နေကြတယ်။ ရုပ်ရှင်ကားတွေကတဆင့်၊ မင်းသား မင်းသမီးတွေကတဆင့်၊ အဆိုတော်တွေ၊ Social Influencer တွေကတဆင့်။
အရပ်ရှည်ဖို့ သောက်ရတဲ့ဆေး ကြော်ငြာပြီဆို အရပ်ပုတဲ့သူတွေကို နှိမ်တဲ့အခန်းတွေက ဟာသသဘောလောက်ဖြစ်ဖြစ်တော့ ပါလာပြီပဲ။ အနည်းဆုံး အရပ်ပုရင် ကောင်မလေးတွေ မကြိုက်ဘူး ဆိုတာမျိုးလောက်ပေါ့။
လူတွေကလည်း အလွယ်လမ်း လိုက်လာကြတာ ပါတယ်။ ခေတ်ကိုက မြန်မှရမဲ့ခေတ်ကိုး။ ဝိတ်ချနေရရင် ကြာတယ်။ ပိန်ဆေးသောက်ရတာ မြန်တယ်လေ။
ဒီအခါ အဲဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်မိနေကြတယ်။ တစ်စတစ်စနဲ့ ပစ္စည်းကို လူက သုံးတာ မဟုတ်တာ့ဘဲ ပစ္စည်းက လူကို သုံးတာ၊ လူကို ကျေးကျွန်ပြုထားတာ ဖြစ်လာတယ်။ ဒါကြောင့် အတော်လေး တောင့်ခံနိုင်ပါမှ တန်ကာကျလိမ့်မယ်။
(Mask girl ဆိုတဲ့ စီးရီးလည်း မကြည့်ရသေးရင် ကြည့်ကြည့်ပါ။ လူတွေကို မလှလှချင်အောင် လုပ်နေတဲ့၊ Beauty Standard သိပ်မြင့်ပါတယ် ဆိုတဲ့ တောင်ကိုရီးယားကပဲ ဒီလိုကားတွေ ပြန်ရိုက်နေတာကျ နည်းနည်းတော့ Irony ဖြစ်တယ် ပြောရမလားပဲ။)
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
မလှရဘူး မပြောပါဘူး။ လူဆိုတာကတော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လှချင်ကြတာချည်းပါပဲ။ အပေါ်မှာ ရေးခဲ့သလို၊ ကြည့်ကောင်းခြင်း၊ လှပခြင်းမှာလည်း အကျိုးကျေးဇူးတွေ ရှိတာပဲမို့လား။ ဘာသာရေး ခေါင်းဆောင်တွေတောင် တင့်တင့်တယ်တယ် ဖြစ်အောင်တော့ နေကြရတာပဲကိုး။
အဓိကက အလွန်အကျွံ မဖြစ်ဖို့ပါပဲ။ အစွန်းမရောက်ခြင်းဟာ နေရာတိုင်းမှာ အသုံးတည့်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ။
• တစ်ပါးသူတွေကိုလည်း ပုံပန်းသွင်ပြင်ပေါ် မူတည်ပြီး တထစ်ချ အကဲမဖြတ်နဲ့။
• ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလည်း အရှိအရှိအတိုင်း လက်ခံ။ ပြင်ဖို့ ခက်တာတွေပေါ့။ ဥပမာ အသားအရောင်၊ အရပ်အမောင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ (ခြေသလုံးကြီးတာ၊ ပါးဖောင်းတာ၊ ရင်သား၊ တင်ပါး စသဖြင့်)
• ပုံပန်းသွင်ပြင် ကြည့်ကောင်းလာဖို့ လုပ်ရမဲ့အရာတွေ လုပ်။
– Healthy Lifestyle မွေးမြူလိုက်။ ကြည့်ကောင်းမလာတော့ ပြောချင်တိုင်း ပြော။
– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်။ ဒီအတွက်က အရည်အချင်း အရေးကြီးတယ်။
– တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်။ အသွားအလာ အနေအထိုင် စမတ်ကျအောင်နေ။ ကိုယ်နဲ့ လိုက်ဖက်တာတွေ ဝတ်စားဆင်ယင်။
ဒါတွေဟာ Personality တက်ရာတက်ကြောင်း အကြောင်းတရားတွေပဲ။ ရေရှည်လည်း ခံတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။
၂၀၁၁ Miss Universe ဖြစ်တဲ့ အန်ဂိုလာမယ် လီလာလိုပက်စ်ကို ပြိုင်ပွဲမှာ မေးတဲ့မေးခွန်းက မင်းရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်တစ်ခုကိုများ ပြောင်းခွင့်ရမယ်ဆို ဘာပြောင်းချင်သလဲတဲ့။
သူပြန်ဖြေခဲ့တာကတော့ –
“ဘုရားသခင် ဖန်ဆင်းပေးထားတဲ့အတိုင်း ကျေနပ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ အလှအပဟာ ခန္ဓာကိုယ်ပြင်ပမှာ မရှိဘဲ အတွင်းထဲမှာ ရှိနေတဲ့ မိန်းမတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ ဒီအတိုင်းပဲ ကျွန်မတစ်သက်လုံး ဆက်လက်ရှင်သန်သွားမှာပါ” တဲ့။
မယ်ပြိုင်ပွဲဆိုတော့လည်း ဘာပြင်ချင်ပါတယ်လို့တော့ ဘယ်ဖြေပါ့မလဲလေ။ သို့သော် သူ့အဖြေမှာ Inner Beauty ဆိုတာလေးက သဘောကျစရာ သိပ်ကောင်းပါတယ်။
• အများအတွက် ရှင်သန်တယ်။ အများအတွက် အလုပ်လုပ်တယ်။
• ကိုယ်ကျိုးစီးပွားနဲ့ အတ္တကို နောက်ပို့ထားတယ်။
• လူတွေကို ကူညီတယ်။ မေတ္တာထားတယ်။
• မတရားမှုကို လက်ပိုက်ကြည့်မနေဘူး။ ရတဲ့နည်းနဲ့ ခုခံတွန်းလှန်တယ်။
• ခံယူချက်၊ ယုံကြည်ချက် ခိုင်မာတယ်။
ဒါတွေသည် Inner Beauty ဥပမာတွေ ဖြစ်ပါတယ်။
အတွင်းထဲမှာ ဒီလိုအလှတရားတွေ ရှိနေတဲ့အခါ ပြင်ပပုံပန်းသဏ္ဍာန်ပေါ်မှာ ဒီလောက်ကြီး မှီခိုမနေရတော့ပါဘူး။
ဒါကြောင့်ပဲ ဒီကာလမှာ တချို့သော ကောင်ကလေး၊ ကောင်မလေး၊ အမျိုးသား၊ အမျိုးသမီးတွေဟာ အရင်လို ပြင်ပြင်ဆင်ဆင် ကျော့ကျော့မော့မော့ မရှိတော့ခါမှ ကျွန်တော်တို့ မျက်စိထဲ ပိုလှလာသလို ဖြစ်နေကြတာနဲ့ တူပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၇.၁၀.၂၀၂၃
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်