“တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan”

Paradox of choice ဆိုတာ ရှိတယ်။ ရွေးစရာတွေ များလွန်းတဲ့အတွက် ဘာရွေးရမှန်း မသိဘဲ စိတ်ရှုပ်စေတာမျိုး။
အခုကာလမှာလည်း အမျိုးမျိုးသော Click လုပ်စရာတွေ၊ ကြည့်စရာ YouTube Channel တွေ၊ ငွေကူစရာ Fundraising activities တွေ ရှိနေကြတယ်။ ခုပဲ တစ်နေရာမှာ မဲဝယ်ပြီးတယ်။ နောက်ဆယ်လီတစ်ယောက်က ပို့စ်တင်ပြန်ရော။ အဲ့တော့ ထပ်ဝယ်ချင်တယ်။ ဝယ်စရာကလည်း မရှိတော့ဘူးဆို အားမလို အားမရ ဖြစ်တယ်။
အဲ့လိုဖြစ်နေတယ်ဆို လအစမှာကတည်းက အစီအစဉ် ချထားလိုက်ပါ။ Budget plan ပေါ့။ ကိုယ်လစာ သို့မဟုတ် ဝင်ငွေ ဘယ်လောက်ရှိမယ်၊ ဘယ်လောက်ကို သုံး၊ ဘယ်လောက်ကို အရေးပေါ်အတွက် စုထားပြီး ဘယ်လောက်ကို လှူမယ် ဆိုတာမျိုး။
တိုက်တွန်းလိုတာက ဒီအချိန်မှာ ငွေသုံးတာကို တတ်နိုင်သမျှ လျှော့ချပြီး ကူပေးပါ။ ၁ သောင်းဖိုး သုံးမဲ့အစား ၅ ထောင်ဖိုးပဲ သုံးပေး။ Online Shopping တွေက တွေ့သမျှ မှာချင်နေတဲ့ စိတ်ကို ထိန်း။ ပိုထွက်လာတာကို ကူပေး။ ဒီကာလက ဘာသာရေးဘက်က ကြည့်မယ်ဆိုလည်း ကာလဒါန လုပ်စရာတွေ ပုံနေတာ ကာလပါ။ လူပေါင်းများစွာ ဒုက္ခရောက်နေတဲ့အချိန်။ လိုနေတဲ့နေရာနဲ့ ကူနိုင်တဲ့ငွေနဲ့က ဆင့်ပါးစပ် နှမ်းပက်သလိုတောင် ဖြစ်နေတာ။ ဒီတော့ အဲ့လိုလေး တတ်နိုင်သမျှ ချွေတာကြမှသာ ကူနိုင်မဲ့ ငွေပမာဏက ပိုများလာမှာပါ။
သိပ်ပင်ပန်းဆင်းရဲနေတာမှ မဟုတ်တာ။ ရွာမီးရှို့ခံလိုက်ရသူတွေအကြောင်း တွေးကြည့်လိုက်။ ကိုယ့်ရဲ့ အသုံးအစွဲ ချွေတာမှုက ဘာမှ မဟုတ်တော့ဘဲ ဖြစ်သွားလိမ့်မယ်။
ပမာဏ သတ်မှတ်ပြီးရင် ဘယ်နေရာကို ကူမလဲ ရွေးပါ။ ဥပမာ PRF မှာ မန်ဘာဝင်မလား။ မြေပြင်အဖွဲ့တွေကို တိုက်ရိုက်ကူမလား။ CDMer တွေအတွက် နွေဦးထီ ထိုးမလား။ ဒေသအနေနဲ့လည်း ရွေးလို့ ရသေးတယ်။ ကရင်နီလား၊ စစ်ကိုင်းလား စသဖြင့်ပေါ့။ ပြီးရင် အဲဒီနေရာတွေကိုပဲ ထိထိရောက်ရောက် ကူလိုက်။
၃ သိန်း သတ်မှတ်တယ်ဆို ၂ သိန်းခွဲကို ရွေးထားတဲ့ နေရာ ၅ ခုလောက်ဆီ ၅ သောင်းစီ ကူလိုက်ပါ။ အပို ၅ သောင်း ချန်ထား။ ဒါက မဲဝယ်ဖို့လေးတွေ ရှိလာရင် ကံလည်း စမ်းရင်း၊ တော်လှန်ရေးအတွက်လည်း ကူရင်း ဝယ်လို့ရအောင်။ တကယ်လို့ မဲပေါက်သွားခဲ့ရင် အဲဒါကို ကိုယ်မယူဘဲ တော်လှန်ရေးထဲ ထပ်ထည့်လို့ ရတာကိုး။
နောက်တစ်ခုက Click လုပ်တာ။ နေ့စဉ်ဘဝထဲမှာကို ထည့်ထားရတော့မယ်။ တစ်နာရီ ပေးနိုင်သလား။ နာရီဝက် ပေးနိုင်သလား။ နောက်ဆုံး ၁၅ မိနစ်လောက်တော့ဖြင့် ပေးနိုင်မယ် ထင်ပါတယ်။ အိမ်သာတက်ရင်းပဲ Click လုပ်မလား။ ရသေးတာပဲ။ အဲ့လောက်တော့ ပေးလည်း ပေးသင့်ပါတယ်။ လူပေါင်းများစွာ အသက်တွေ၊ ဘဝတွေ ပေးထား၊ ရင်းထားရတဲ့ အချိန်မှာ ငါတို့ ဒီလောက်တော့ လုပ်သင့်တယ် ဆိုတဲ့ စိတ်မျိုး ထားပေးကြပါ။
Click စရာတွေ များပေမဲ့ ကိုယ်အားသန်ရာတွေကိုပဲ လုပ်။ ၃-၄ ခုလောက်ဆို စိတ်အပြောင်းအလဲလေးလည်း ဖြစ်တယ်လေ။ YouTube Channel တွေဆိုလည်း List လေး လုပ်ထား။ ၁၀ ခု၊ ၁၅ ခုလောက်။ ပြီးရင် အဲ့ဒါကို မကြာခဏ လှည့်ပြီး ကြည့်ပေး။
ဒါဆို များပြားလှတဲ့ ရွေးစရာတွေကြားမှာ စိတ်ရှုပ်၊ အာရုံနောက်ရတာ သက်သာသွားမယ် ထင်ပါတယ်။
◾လစဉ်ပမာဏ သတ်မှတ်၊ အသုံးကိုလျှော့။ ထိရောက်ပြီး စိတ်ချရမဲ့ နေရာတွေကို ကူ။
◾Click လုပ်စရာ App တွေရွေး။ ဖေ့စ်ဘွတ်သုံးချိန်လျှော့။ နေ့တိုင်းမှန်မှန် Click လုပ်ပေး။
ကြီးကြီးကျယ်ကျယ် ပြောရရင် ဒါ တော်လှန်ရေး Minimalism ပေါ့။
ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ပြုလုပ်ဆောင်ရွက်ရပါတယ်။ မဆိုင်သလို ဘေးထွက်ထိုင်၊ ဒါမှမဟုတ် ကိုယ့်ဝင်ငွေနဲ့ အချိန်ကို မထည့်ဝင်ချင်ဘဲနဲ့ တော်လှန်ရေး နိုင်ချင်တယ် လုပ်လို့တော့ မရပါဘူး။
ဒါကြောင့် စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ချင်ပါတယ် ဆိုတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းဟာ တစ်လစာထဲက ဝင်ငွေပမာဏတစ်ခု၊ တစ်နေ့တာထဲက အချိန်အနည်းငယ်ကို တော်လှန်ရေးထဲ မှန်မှန်ထည့်ဝင်ပေးနေဖို့ သိပ်အရေးကြီးပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂.၅.၂၀၂၂
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
One response to ““တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan” – ဒေါက်တာ ဖြိုးသီဟ”
Thanks for the tips
LikeLike