“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” – ဒေါက်တာ ဖြိုးသီဟ

“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု”

Photo credit – Pixabay

◾️ပစ်တိုင်းထောင်ဆိုတာ ပစ်လိုက်တိုင်း ထောင်နေတယ်၊ ဘယ်တော့မှ လဲကျသွားတယ် မရှိဘူး။ ဒီလိုပဲ၊ လူတွေမှာလည်း တချို့ဟာ ဘယ်လိုအခက်အခဲပဲ ရှိရှိ၊ ဘယ်လောက်ပဲ ပြဿနာတွေနဲ့ ကြုံကြုံ၊ ရင်ဆိုင်နိုင်တယ်။ ကျော်ဖြတ်နိုင်တယ်။ လူဆိုတော့ ပြိုလဲတဲ့အခါ မရှိဘူး မဟုတ်ဘူး။ ရှိတာပေါ့။ သို့သော် ပြန်ထတယ်။ ရှေ့ဆက်တယ်။

အထူးသဖြင့် ခုလိုကာလမှာ ယုံကြည်ချက်ကြောင့် အလုပ်မရှိတော့တဲ့သူတွေ၊ တစ်ခါမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ အရပ်ဒေသမှာ သွားရောက်နေထိုင်ရသူတွေ ရှိတယ်။ ပုံမှန်အားဖြင့်လည်း ဝန်ထမ်းလျှော့တဲ့အထဲ ပါသွားတာတို့၊ ငွေလိမ်ခံလိုက်ရတာတို့၊ လုပ်ငန်းအရှုံးပေါ်တာ၊ စီးပွားပျက်သွားတာတို့၊ နေထိုင်မကောင်းဖြစ်လို့ ဆေးကုလိုက်တာ စုထားသမျှ အကုန်ကုန်သွားတာတို့ ဖြစ်တတ်ပါတယ်။

အဲဒီအခါ ဘဝကို အစကနေ ပြန်စကြရတယ်။ တချို့ကတော့ စိတ်ဓါတ်ကျ၊ အရှုံးပေးပြီး ပြန်မလာနိုင်တော့ဘူး။ တချို့ကျ ရောက်တဲ့နေရာမှာ အဆင်ပြေအောင် နေတယ်။ ရှိတဲ့အလုပ်ကို လုပ်တယ်။ ကြိုးစားတယ်။ အခြေအနေကို ညည်းညူမနေဘူး။ မရရအောင် အသက်မွေးတယ်။ လိမ်စား၊ ညာစား၊ ဖျံကျတတ်တာကို ပြောတာတော့ မဟုတ်ဘူး။ ရိုးရိုးသားသား လုပ်ကိုင်ပြီး ဘဝကို အရှုံးမပေးဘဲ ရပ်တည်နိုင်ကြတာကို ဆိုလိုတာ။

◾️အဲဒီလို လူတွေမှာ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာ ၃ ခု ရှိပါတယ်။

  • ၁။ ယုံကြည်စရာကောင်းခြင်း (Credibility)
  • ၂။ လေ့လာသင်ယူလိုစိတ် (Willingness to learn)
  • ၃။ စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience)

◾️တစ်ချက်ချင်းစီ ချဲ့ပြောချင်ပါတယ်။

📌 ၁။ ယုံကြည်စရာကောင်းခြင်း (Credibility)

Trust is the true currency of business ဆိုတဲ့စကား ရှိတယ်။

လူတွေရဲ့ ယုံကြည်မှုကို ရတဲ့သူဟာ ဘယ်နေရာမှာ ဘာလုပ်လုပ် အောင်ကိုအောင်မြင်တယ်။ နောက်ဆုံး၊ လက်ထဲ တစ်ပြားမှ မရှိတော့ရင်တောင် ယုံယုံကြည်ကြည်နဲ့ ငွေချေးမဲ့လူက အဆင်သင့်။ လုပ်ငန်းတစ်ခု စလုပ်ရင် ဝန်းရံမဲ့လူက အဆင်သင့်။

အဲဒီလိုဖြစ်ဖို့ဆို 2 C လိုအပ်ပါတယ်။ Competency & Character – ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်သိက္ခာ။

ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှု ရှိဖို့လိုတယ်။ ဥပမာ အရင်က ကျောင်းဆရာမ။ အခု အခြေအနေအရ ထမင်းဆိုင် ဖွင့်ထားတယ်။ သွားအားပေးချင်တယ်။ ဒါပေမဲ့ အရသာ မကောင်းရင် ၁ ခါ ၂ ခါထက် ပိုစားမှာ မဟုတ်ဘူး။ အိမ်မှာ အလှူလုပ်တဲ့အခါ ကိုယ့်ဆီက အော်ဒါမှာမှာ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်တွဲလုပ်တယ်ဆိုတာ ဒီအလုပ်မှာ သူဟာ ကျွမ်းကျင်မှုရှိတယ်လို့ ယုံကြည်စိတ်ချထားမှ ဖြစ်နိုင်တာပါ။

နောက်တစ်ပိုင်းက ကိုယ်ကျင့်သိက္ခာ။ အသေးစိတ် ပြောမယ်ဆို အများကြီးရှိတယ်။

  • ငွေကြေးပိုင်းမှာ ရိုးသားတာ
  • မလိမ်ညာတာ
  • ရှေ့တင်တစ်မျိုး၊ နောက်ကွယ်တစ်မျိုး မလုပ်တာ
  • အပြောနဲ့အလုပ် ညီတာ
  • ပြောထားပြီးရင် တာဝန်ယူတာ
  • တစ်ခုခုလွဲချော်သွားရင် တောင်းပန်တတ်တာ၊ တာဝန်ခံမှုရှိတာ
  • အချိန်တိကျတာ
  • ပရော်ဖက်ရှင်နယ်ဆန်တာ စသဖြင့်ပေါ့။

တိုတိုပြောရရင် နောက်ကျောလုံစေတဲ့ ခံစားမှုကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။

📌 ၂။ လေ့လာသင်ယူလိုစိတ် (Willingness to learn)

ပစ်တိုင်းထောင်နေဖို့၊ ရွက်ကျတဲ့နေရာ အပင်ပေါက်စေဖို့ဆို ဒီအချက်ကလည်း သိပ်အရေးကြီးတယ်။ ဒီတက္ကသိုလ်တက်တယ်၊ ဒီဘွဲ့ရတယ်၊ ဒီအလုပ်ပဲ လုပ်တတ်တယ် ဆိုတဲ့သူတွေဟာ လောကဓံမုန်တိုင်းနဲ့ ကြုံတဲ့အခါ ပြိုလဲသွားတတ်တယ်။

နိုင်ငံရေး အခြေအနေတွေ ခဏထားပါဦး။ အခု AI တွေ ခေတ်စားလာတဲ့အခါ ကျွန်တော်တို့ လူသားတွေရဲ့ အလုပ်အကိုင်အပေါ် သက်ရောက်မှုတွေ ရှိလာမှာပဲ။ ဒီအခါ ခေတ်နဲ့အမီမလိုက်နိုင်တဲ့သူ၊ တစ်ခုခုကိုပဲ တရားသေ ဆုပ်ကိုင်ထားတဲ့သူတွေ၊ ပြောင်းလွယ်ပြင်လွယ် (Flexible) မဖြစ်တဲ့သူက ကျန်ခဲ့မှာပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘောင်ကန့်မထားနဲ့။ စိတ်ကို ဖွင့်ထား။ စဉ်ဆက်မပြတ် လေ့လာသင်ယူ။

📌 ၃။ စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience)

စိတ်ဓါတ်ကြံ့ခိုင်တယ်ဆိုတာ ဘာစိတ်ဖိစီးမှု၊ စိတ်ထိခိုက်မှုမှ မခံစားရတာကို ပြောတာ မဟုတ်ဘူး။ အဲဒါတွေ ရှိနေရင်းနဲ့ကို လုပ်စရာရှိတာ ဆက်လုပ်နိုင်တဲ့ စွမ်းရည်ကို ခေါ်တာ။

Working through emotional pain and suffering လို့ အဓိပ္ပါယ်ဖွင့်ကြတယ်။

ငိုစရာရှိ ငိုမယ်။ ဝမ်းနည်းစရာရှိ ဝမ်းနည်းမယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တန့်မပစ်လိုက်ဘူး။ အရှုံးမပေးလိုက်ဘူး။

စိတ်မာတယ်၊ Strong ဖြစ်တယ်ဆိုတာ ကောင်းပါတယ်။ သို့သော် ကိုယ့်ရဲ့ ခံနိုင်ရည်ထက် ပိုတဲ့ လောကဓံနဲ့ ကြုံတဲ့အခါ လုံးဝကျိုးကြေသွားရော။

Resilient ဖြစ်တယ်ဆိုတာကျ အခြေအနေကို လက်သင့်ခံတယ်။ ခံစားချက်တွေကို အရှိအရှိအတိုင်း ထုတ်ဖော်တယ်။ ငါ ဘာမှမဖြစ်ဘူး ဆိုပြီး အတင်းငြင်းမနေဘူး။ အကူအညီ ယူသင့်တာ ယူတယ်။ ပြီးတော့ ရှေ့ဆက်တယ်။

◾️ဒီ ၃ ချက်နဲ့သာ ပြည့်စုံနေရင်၊ ဘယ်လောက်ပဲ ပြိုပျက်သွားပါစေ၊ အချိန်မရွေး တစ်ကနေ ပြန်စလို့ ရနိုင်ပါတယ်။ အထူးသဖြင့် ခုလို ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေကြရတဲ့အချိန်မှာ သိပ်အရေးကြီးလိမ့်မယ်။

ကိုယ့်ကို အလုပ်လုပ်ခွင့် မရအောင် ပိတ်ပင်ထားလို့ ရတယ်။ ကိုယ့်အရည်အချင်းကိုတော့ ပိတ်ထားလို့ မရဘူး။

ကိုယ့်အိမ်ကို လာချိတ်ပိတ်သွားလို့ ရတယ်။ လူတွေရဲ့ ယုံကြည်မှုကိုတော့ ပြည်သူပိုင်သိမ်းသွားလို့ မရဘူး။

ပညာသင်လို့ မရအောင် တားဆီးထားလို့ရတယ်။ ကိုယ့်ရဲ့ သင်ယူလိုစိတ်ကိုတော့ တားလို့ မရဘူး။

ဒုက္ခမရောက်ရောက်အောင် လုပ်လို့ရတယ်။ ကိုယ်ပြိုလဲသွားအောင်တော့ ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူး။

◾️ဒါကြောင့် ဘယ်နယ်ပယ်က ဘာအလုပ် လုပ်တဲ့သူပဲ ဖြစ်ပါစေ၊

  • ယုံကြည်မှုနဲ့ ထိုက်တန်သူ ဖြစ်အောင် ရပ်တည်ပါ။
  • စဉ်ဆက်မပြတ် လေ့လာသင်ယူပါ။ စိတ်ကို ဖွင့်ထားပါ။
  • စိတ်ဓါတ်ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပါ။

ဒေါက်တာ ဖြိုးသီဟ
၁၈.၄.၂၀၂၃


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

One response to ““ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” – ဒေါက်တာ ဖြိုးသီဟ”

Leave a reply to Lola Cancel reply