ကျွန်တော်တို့ အဆင်သင့် ဖြစ်ကြပါရဲ့လား ( လူဆွယ်စာ ) – ကိုဇင်ဇေ

အချိန်ရမှ /
နောင် ဖြစ်လာတော့မယ့် နိုင်ငံတော်သစ်ကြီးရဲ့
လူ့ အဖွဲ့အစည်း အကျိုး အတွက်
တစ်ခုခု လုပ်ပေးချင်စိတ် ရှိမှပဲ ဖတ်ပါ ။

စာ ရှည်ပါလိမ့်မယ် ။
တစ်ချို့ဟာလေးတွေက
ကိုယ်ရေးကိုယ်တာ ဆန်နိုင်တော့
ကျွန်တော့ကို ခင်မင်ရင်းစွဲ ( ဒါမှမဟုတ် )
စိတ်ဝင်စားမှု တစ်ခုခုရှိမှပဲ
ဖတ်တာ ကောင်းပါမယ်ဗျာ ။

စာ အဆုံးထိ ဖတ်ဖြစ်လို့
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် နံပါတ် ၃ နဲ့ ပတ်သက်ပြီး
စိတ်ဝင်စား / တစ်ခုခု တွဲလုပ်ချင်ရင်
ကျွန်တော့်ကို Message ပို့ထားနိုင်ပါတယ်ဗျာ ။

📌
ဒီစာကို ( ခုချိန် မှာ ) ရေးသင့်မရေးသင့်
တော်တော်ကြီးကို စဉ်းစားဖြစ်ခဲ့ပါတယ် ။
တခြား စာတွေ ဆို
လိုအပ်သလောက် အမုန်းခံ / အဆဲခံ /
အရွဲ့ခံ ရေးလေ့ရှိပြီးတော့
ဒီ စာ ကျမှ ဘာလို့ ဒီလောက် တွန့်နေရသလဲဆို
ဒီ စာကြောင့်
” ကျွန်တော့်ကို ဒီဘဲ ဘာ ထဖြစ်နေတာလဲ ” ဆိုပြီး
ကြည့်မရဖြစ်နေသူ တစ်ချို့တွေ
ကျွန်တော့် အပေါ်
နားလည် လက်ခံသွားကောင်းသွားနိုင်ပေမယ့်
ကျွန်တော် တကယ် လိုချင်တဲ့ ပန်းတိုင်နဲ့တော့
နည်းနည်း ပို လှမ်းသွားနိုင်လို့ပါ ။

📌
ခုတလောမှာ
ကျွန်တော့် အနေနဲ့
နိုင်ငံရေး / တော်လှန်ရေး အကြောင်းတွေတင် မဟုတ်ပဲ
အကဲ ဆတ်နိုင်တဲ့ ဘာသာရေး အကြောင်း တစ်ချို့
တမင် ရေးတင် ဖြစ်နေတာ
ရည်ရွယ်ချက် ၃ ခု ရှိပါတယ် ။

ပထမ ရည်ရွယ်ချက်ကတော့
ကိုယ်ရေးကိုယ်တာ ဆန်ဆန်ပါပဲ ။
အချိန် အားလေး နည်းနည်း ရှိတဲ့အခါမှာ
ဦးနှောက် လေ့ကျင့်ခန်း လုပ်ချင်လို့ /
( အမြင် မတူရင်တောင် ) ချဉ်းကပ်ပုံ /
ဆွေးနွေး ဟန် တူတဲ့ မိတ်ဆွေ သစ် တစ်ချို့ ရချင်လို့
ရေးဖြစ်တာပါ ။

လူတွေ ကြားမှာ ပဲ ရှိနေပေမယ့်
ဒီကာလမှာ နည်းနည်းတော့ အထီးကျန်တာကိုးဗျာ ။
အရင်လို အခြေအနေမှာတောင်
ကိုယ်နဲ့ လေ့လာအား သိပ်မကွာ /
အမြင် မတူရင်တောင်
အပြန်အလှန်စကားပြောလို့ ကောင်းတဲ့
မိတ်ဆွေက နည်းရတဲ့ အထဲ …
ခုက ကိုယ်တိုင်လည်း
( ၅၀၅ က ) ကြီး တွဲလျက်နဲ့အပြင်
ကိုယ့် မိတ်ဆွေတွေကလည်း
တော်လှန်ရေးထဲ သူ့နေရာနဲ့ သူ
တကွဲတပြား အလုပ် လုပ်နေကြတာများတော့
စကား အားရပါးရ ပြောရတာ နည်းသွားတယ်ပေါ့ဗျာ ။
ဒါကြောင့် အပြင်မှာ
အလုပ် တစ်ခုခု ရှိမနေတဲ့ ရက် /
အကြိတ်အနယ် စကားပြောရတာ မရှိတဲ့ ရက်တွေဆို
ခုလို စာတွေ ရေးနေတာ ကောင်းမယ် ဆိုပြီး
ရေးဖြစ်တာပါ ။

ရုပ်ရှင်ကြည့် / ဂိမ်းဆော့ / ဂစ်တာတီး ပဲ
လုပ်နေလည်း ရပေမယ့်
ဒါတွေပဲ လုပ်နေရင် … ကြာတော့
ကိုယ့်ကိုယ်ကို ကျက်သရေ တုံးလာသလို ခံစားရတယ်ဗျ ။
ဒါကြောင့် တစ်ချို့ စာတွေ ကို
လေ့ကျင့်ခန်း လုပ်သလို သဘောထားပြီး
တမင် ရေးဖြစ်နေတာပါပဲ ။

📌
ရည်ရွယ်ချက် ( ၂ ) ကတော့
ကျွန်တော် မနေ့က ပြောခဲ့ပြီးပါပြီ ။
သာမန်ထက် ပိုတွေး တဲ့ / အတွေးရဲတဲ့
လူ့ အဖွဲ့ အစည်း တစ်ခု ဖြစ်လာဖို့ /
အင်အား ပိုကောင်းလာဖို့
ဖြည်းဖြည်းချင်း လူ လိုက်စုနေတဲ့ သဘောပါ ။
စာအုပ်တွေ ထဲ မှာ ပါသလောက် …
ကိုယ် ယုံကြည်ချစ်ခင်သူ တွေ ပြောသလောက်ကိုသာ
အမှန်လို့ တထစ်ချ လက်ခံ ယုံကြည် နေတာမျိုး မဟုတ်ပဲ
ကိုယ့်ရဲ့ သိမှု / လက်ခံထားမှုကို
ကောင်းကောင်း စိန်ခေါ်နိုင်တဲ့ စာတွေ တမင်လိုက်ဖတ် /
အဲ့လို လူတွေနဲ့ စကားလိုက်ပြောရင်း
အမြဲ လေ့လာ သင်ယူ တွေးခေါ် အသုံးချနေတဲ့
လူ့ အဖွဲ့ အစည်းတစ်ခု ဖြစ်လာဖို့ အတွက်
ကျွန်တော့် တကိုယ်စာ နိုင်သလောက်
လုပ်ကြည့်နေတာပါ ။

အဲ့လို လူတွေကို
TTC ( ယခု – Thinkers ) Group တို့
Myanmar Geek Community Group တို့ မှာ
တစုတဝေးတည်း တွေ့ရလေ့ရှိပေမယ့်
အဲ့ Groups တွေကို မသိသေးသူတွေ …
အဲ့ Groups တွေမှာ ရေးနေပြောနေသလောက်
ပြင်းထန် လေးနက်မှုကို
အဆင်သင့် မဖြစ်သေးသူတွေအတွက်
ကျွန်တော်က တဖြည်းဖြည်းချင်းလေး
ဆွဲရေးပြီး အရှိန်တစ်ခု ပေးပေးနေတဲ့ သဘောပါပဲ ။

အဲ့ဒီ Groups တွေမှာက
သာမန်လူ တစ်ယောက်ရဲ့ အခြေခံ သိမှုကို
ကောင်းကောင်း ကိုင်လှုပ်လိုက်နိုင်တဲ့ စာမျိုးတွေ ကို
လေ့လာအား ကောင်းကောင်း /
အထောက်အထား အကိုးအကားခိုင်မာစွာနဲ့
အချိန် သေချာပေးပြီး
ရေးနေသူတွေ အများကြီးရှိပါတယ် ။
ဒါပေမယ့် …
သာမန် စာဖတ်သူတွေ ကြားမှာတော့
သိပ် လူသိမများသေးတဲ့ စာရေးကောင်းလွန်းသူတွေ
အများကြီး ဖြစ်နေပါတာမို့
( ကျွန်တော့် အမြင်တော့ )
နှမျော စရာ အတော်ကောင်းပါတယ် ။
Punk Rock လောက်တောင် နားမယဉ်သေးသူကို
Hardcore Metal တွေ ဖွင့်ပြမိသလို ဖြစ်နေတဲ့ သဘော
ဖြစ်နေတာပေါ့ဗျာ ။

ဒါကြောင့် …
ကျွန်တော့်လို ဟိုမရောက် ဒီမရောက် လူက
ကြားကနေ ပေါင်းကူး လုပ်ပေးနေရင်
ပို အဆင်ပြေမလား လို့
ကိုယ့်ဘာသာ ခံယူပြီး လုပ်ပေးနေမိတာပါ ။
( ဘယ် အဒ်မင်မှ မုန့်လာမကျွေးဖူးသေးပါဘူး 😅 )

📌 ရည်ရွယ်ချက် – ၃ 📌
ဒီ စာရေးဖို့ တွန့်နေရတဲ့
အဓိက ရည်ရွယ်ချက် ရောက်ပါပြီ ။
( တစ်ချို့လူတွေ ) အသက်အောင့်ပြီးသာ ဖတ်ပါလေ …

တော်လှန်ရေးက
ခုလို ဆက်တောင့်ခံထားနိုင်ရင် /
ခုလို ဆက်ကူနေကြနိုင်ရင်
အောင်တော့မှာပါ …
တစ်နိုင်ငံလုံး ကို အာဏာရှင် လက်အောက်က
ဆွဲထုတ်နိုင်မနိုင် ( ကျွန်တော့် အနေနဲ့ )
မသေချာသေးပေမယ့် …
လွတ်မြောက်နယ်မြေတွေ များများလာရင်း
နှစ်ခြမ်း ခွဲလိုက်နိုင်တာမျိုးကတော့
သေချာပေါက် ဖြစ်ကို ဖြစ်တော့မှာပါ ။
စကတည်းက ကျွန်တော်တို့ ထည့်တွက်ထားတဲ့
တောင် မြန်မာ – မြောက် မြန်မာ အနေအထားပေါ့ဗျာ ။

အဲ့ဒီကနေမှ အရှိန်ရရင် ရသလို
တစ်နိုင်ငံလုံး ပြန်ရလိုက်ဖို့လည်း များပါတယ် ။
EAOs တွေ , NUG နဲ့ Local PDF တွေ နဲ့
ပြည်တွင်း ပြည်ပ အထောက်အပံ့တွေ
ဟန်ချက် ညီရင် ညီသလို
ပိုကောင်းတဲ့ ရလာဒ်တွေ ထွက်လာမှာပါပဲ ။

ဒါပေမယ့် …
တော်လှန်ရေး ပြီးတဲ့ အခါ
( ကံဆိုးရင် တော်လှန်ရေး ပြီးလု ပြီးခင် ကာလမှာတင် )
ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပြဿနာကြီး တစ်ခု
ရှိနေပါတယ် ။
အဲ့အတွက် ကျွန်တော်တို့ ပြည်သူ အများစု
အဆင်သင့် ဖြစ်ကြပါရဲ့လား ?

📌
ဖက်ဒရယ် ကိစ္စပါ ။
ကျွန်တော်က နိုင်ငံရေးသမား မဟုတ်တဲ့ အတွက်
နိုင်ငံရေး ရှုထောင့်က မဟုတ်ပဲ
လူမှုရေး ရှုထောင့်ကနေပဲ သတိပေးမှာပါ ။

ကျွန်တော်တို့ …

ဗမာ လူမျိုး
ထေရ ဝါဒ ဗုဒ္ဓဘာသာဝင် ဆိုသူတွေဟာ
ဖက်ဒရယ် အတွက် တကယ် အဆင်သင့် ဖြစ်ပါရဲ့လား ?

စာကို လိုတာထက် ပိုမရှည်အောင်
အဆင်သင့် ဖြစ်ပါ့မလား ? လို့
ကျွန်တော် သံသယ ဝင်ရတဲ့ အချက် ၂ ချက်ပဲ
ကျွန်တော် ဒီစာမှာ ရေးပါ့မယ် ။

📌
ပထမ အချက်က အရင်းအမြစ် ခွဲဝေ သုံးစွဲမှု ပိုင်းပါ ။
ကျွန်တော်တို့ ဗမာ အများစုဟာ
ကိုယ့် တစ်ယောက်စာ အနေနဲ့တော့
” ငါတို့ ဘာမှလည်း ပို မယူထား / ပို ရမနေပါဘူး ကွာ ” လို့
ပြောလေ့ ရှိကြပေမယ့်
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ဖို့
မျက်စိ လျှမ်း နေတတ်ကြပါတယ် ။

ဒါကတော့ …
လက်ရှိ ပြည်နယ် နှင့် တိုင်း ခွဲထားပုံအရကို
တိုင်းရင်းသားတွေ အတွက် မမျှတဘူး ဖြစ်နေတယ် ဆိုတဲ့
အချက်ပါ ။
( ဗမာ ဆိုတာလည်း တိုင်းရင်းသားထဲက တိုင်းရင်းသားပဲ ဆိုတာ ကျွန်တော် အပြည့်အဝ လက်ခံပေမယ့်
အခေါ် အပြော လွယ်အောင် ခုလိုပဲ သုံးလိုက်ရတာ
ခွင့်ပြုပါ ။
တိုင်းရင်းသား လို့ သုံးလိုက်တိုင်း
ဗမာ မဟုတ်သော တိုင်းရင်းသားတွေ အတွက်လို့
မှတ်ယူပေးပါ ။ )

စဉ်းစားကြည့်ပါ ။
( ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရပြီးတဲ့ ဒေသတွေ
ခဏ ထား တွက်ရင် )
ပြည်နယ် နှင့် တိုင်း ၁၄ ခု ရှိတယ်ပဲ ဆိုပါစို့ ။
ကချင် / ကယား / ကရင် / ချင်း /
မွန် / ရခိုင် / ရှမ်း စတဲ့ …
၇ ပြည်နယ် ဟာ တိုင်းရင်းသား အများစု
နေထိုင်ရာ ပြည်နယ်တွေ ဖြစ်ပြီးတော့ …
ရန်ကုန် / ပဲခူး/
မန္တလေး / စစ်ကိုင်း / မကွေး /
ဧရာဝတီ / တနင်္သာရီ စတဲ့
တိုင်း ၇ တိုင်း ဟာတော့
ဗမာ လူမျိုး အများစု
( အများစု မဟုတ်ရင်တောင် အတော်များများ )
နေထိုင်နေကြတာပါ ။
နေပြည်တော်က ပေါ်တာ မကြာသေးတော့
ခဏ ဖယ်ထားလိုက်မယ် ။ )

ဒီတော့ …
အစိုးရ တစ်ရပ် အနေနဲ့
အရင်းအမြစ်
( ငွေ / အဆောက်အဦး / ပညာရှင် .. စသည် ) ချပေးဖို့
ဆွေးနွေး စီစဉ် ကြရာမှာ
တိုင်း / ပြည်နယ် တစ်ခု စီ အတွက်
< နားလည်လွယ်အာင် အကြမ်းဖျဉ်းပဲ ပြောတာပါ >
ညီညီ မျှမျှ ချပေးလိုက်ရင်တောင်
ဗမာ ၇ စု – တိုင်းရင်းသား ၁ စု ဖြစ်နေပါတယ် ။
( ဖြစ်နေခဲ့တာ ကြာပါပြီ )

အတွင်းက ကိန်းဂဏာန်းတွေ လိုက်မရှာချင်တော့လို့
အကြမ်းဖျဉ်း ခြုံပြောရတာခွင့်လွှတ်ပါ ။
အမြင်သာဆုံး ပြောရာင်
ဝန်ကြီး ခန့်အပ်တဲ့ နေရာမှာတင်
အချိုးအစား အတော် စ ကွာ နေပြီပေါ့ဗျာ ။

ဒီ ကိစ္စဟာ …
ရနေတဲ့ / ယူနေမိတဲ့
ကျွန်တော်တို့ ဗမာ လူမျိုးတွေအတွက်
မသိသာပေမယ့် …
တခြား တိုင်းရင်းသားတွေအတွက်တော့
အတော် စိတ် ကသိကအောင့် နိုင်စရာ ကိစ္စကြီး ဖြစ်နေတာ
နှစ်ပေါင်းများစွာ ကြာပါပြီ ။

နိုင်ငံရေး သမား တစ်ချို့က
ဒီ ကိစ္စကို နိုင်ငံရေး နည်းလမ်းအရ ပြေလည်အောင်
တိုင်း ၇ တိုင်းကို ပေါင်းပြီး
ဗမာ ပြည်နယ် ၁ ခု ( ဒါမှမဟုတ် )
၂ ခု အနေနဲ့ သာ သတ်မှတ်ဖို့ လုပ်ခဲ့ပေမယ့်
အကြောင်းကြောင်း ကြောင့် အသက် မဝင်ခဲ့ပါဘူး ။

အခု … ဖက်ဒရယ် ကိစ္စမှာ
တိုင်းရင်းသား တော်လှန်ရေး / နိုင်ငံရေးအဖွဲ့တွေနဲ့
ဆွေးနွေး ညှိုနိုင်းရာမှာ
ဒီ ကိစ္စဟာ ပြန်ကို ပါလာမှာပါ ။
ပြည်သူကို အချိန်တန်ရင် အသိပေးကို ပေးရမှာပါ ။
အဲ့အချိန်မှာ ဗမာ လူမျိူး ဆိုသူတွေ ရှော့ခ်မရဖို့ /
< အောင့် သက်သက်နဲ့ မဟုတ်ပဲ >
ကျေကျေနပ်နပ် လက်ခံပေး – အားပေးပေးကြဖို့
အရေးကြီးပါတယ် ။

နိုင်ငံရေး သမားတွေဟာ
( လက်နက်ကိုင် တော်လှန်ရေးသမားတွေရဲ့
သဘောထား နဲ့ တင်မက )
ပြည်သူ အများစုရဲ့ ဆန္ဒအတိုင်း လုပ်ရမှာမို့
ဒီ အတွက် ပြည်သူ အများစု ကိုယ်တိုင်က
အဆင်သင့် ဖြစ်ဖို့ လိုပါတယ် ။
အထူးသဖြင့် …
အရင်ကထက် စာရင်
လျှော့ ရ သွားနိုင်တဲ့ ဗမာ လူမျိုးတွေက
အဆင်သင့် ဖြစ်ဖို့ လိုပါတယ် ။

📌
ဒါတော့ ဟုတ်ပြီ ကိုဇင်ဇေ ရေ …
ဒီ ကိစ္စနဲ့ ခင်ဗျား ဘာသာ ဘာသာရေး အကြောင်း
လျှောက်ရေးနေတာနဲ့
ဘာဆိုင်လို့ ထည့်ပြောနေရတာလဲ ဆိုရင် …
( ကျွန်တော် မှန်းတာ မမှားဘူး ဆိုရင် )
ဘာသာရေး နဲ့ ပတ်သက်တာတွေမှာလည်း
ကျွန်တော်တို့ တန်းတူ ညီမျှ ဖြစ်ရတော့မယ် အချိန်
ရောက်ပြီ မို့ပါ ။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ
ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု ရှိတယ်လို့
အကြမ်းဖျဉ်း သတ်မှတ်နိုင်ပေမယ့်
ဗုဒ္ဓ ဘာသာ နိုင်ငံတော် မဟုတ်ပါဘူး ။
( ဗိုလ်ချုပ် ပြောခဲ့တဲ့ စကား ကြားဖူးမှာပါ )

ဒါပေမယ့် …
တစ်ချက် သေချာ ပြန်ကြည့်လိုက်ပါ ။
နှစ်ပေါင်းများစွာမှာ
နိုင်ငံတော် အကြီးအကဲပေါင်းများစွာက
ဘယ် ဘာသာကို ကိုးကွယ်လဲ ?
ဘယ် ဘာသာရဲ့ အရေး ကိစ္စ အပေါ်မှာ
နိုင်ငံရဲ့ ငွေကြေး နဲ့ လူ့ အရင်း အမြစ်တွေကို
အများဆုံး သုံးနေခဲ့သလဲ ?
နောက်ဆုံးဗျာ …
နိုင်ငံပိုင် သတင်းစာမှာတောင်
ဘယ် ဘာသာရဲ့ အဆုံးအမတွေကိုပဲ
ဦးစားပေး ထည့်ပေးနေခဲ့သလဲ ?

ဒါတွေဟာ …
ပြုလုပ်နေသူတွေ ဘက်က လူတွေ အတွက်
ဘာမှ အရေးမကြီးဘူးထင်ရပေမယ့်
ခံနေရတဲ့ သူတွေ ဘက်ကနေ ကိုယ်ချင်းစာကြည့်ရင်
အောင့်သီး အောင့်သက် အတော် ဖြစ်စရာပါ ။

နှစ် ကြာလာတဲ့ အခါ
အောင့်သီး အောင့်သက် ဖြစ်ရာ အဆင့်ကနေ
ရင်ထဲ နင့်နေရတဲ့ နာစရာတွေ ဖြစ်လာပါတယ် ။
ကြာလာလို့
( ထုတ်ပြောလည်း မထူးပါဘူးကွာ ဆိုတဲ့
စိတ်တွေ ဝင်သွားလို့ …
ငါတို့ အသိုင်းအဝိုင်းထဲမှာ ပဲ
ငါတို့ တတ်နိုင်သလောက်
ဝိုင်း စောင့်ရှောက် အားပေးကြတာပေါ့ ဆိုတဲ့
စိတ်တွေ နဲ့ )
သိပ် ထုတ်မပြောကြတော့ပေမယ့်
သူတို့ ( ထေရ ဝါဒ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ ) ရဲ့
ရင်ထဲမှာ ဒါတွေ ရှိနေမှာ သေချာပါတယ် ။

ဒီကာလမှာ
ကျွန်တော် ဘယ်ရောက်ပြီး
ဘယ်သူတွေ နဲ့
ဘာတွေ လုပ်နေတယ် … ဆိုတာ
အများသိအောင် ပြောလေ့ မရှိပေမယ့်
အရင်ကထက် စာရင်
ဒါတွေကို
ကျွန်တော် တကယ် သိလာတဲ့ အနေအထားတစ်ခုကို
ရောက်နေတယ် လို့ပဲ ပြောပါရစေ ။

တော်လှန်ရေးကြီး အောင်မြင်လို့
တကယ့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို
တည်ဆောက်တဲ့ အခါ
( နိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့
တိုင်းရင်းသား ပေါင်းစုံ / ဘာသာပေါင်းစုံ
ကောင်းကျိုးအတွက် ရည်ရွယ်ပြီး
လုပ်ရမှာ ဖြစ်တဲ့ အတွက် )
ထေရ ဝါဒ ဗုဒ္ဓဘာသာ အပေါ်
( အရင်ထက် ) ဦးစားပေးမှု လျော့ကြသွားပြီး
ကျန်တဲ့ ဘာသာ တရားတွေကိုပါ
အရင်းအမြစ် / အခွင့်အရေးတွေ
မျှတစွာ ခွဲဝေ ပေးမယ်ဆိုရင် …

ထေရ ဝါဒ ဗုဒ္ဓ ဘာသာဝင် ဆိုသူတွေ
အဆင်သင့် ဖြစ်ပါရဲ့လား ?
( ကျွန်တော်ကတော့ ဖြစ်ပါတယ် ။
အဲ့လို ပဲ ဖြစ်စေချင်နေတာပါ ။
မဖြစ်ရင်လည်း ဖြစ်အောင်
ကျွန်တော် နိုင်သလောက် တွန်းမှာပါ ။ )

ဗုဒ္ဓဘာသာ ရဲ့ ပွဲတော်ကြီးတွေကိုတင်
နိုင်ငံ့ အကြီးအကဲတွေက အားပေး /
ငွေ နဲ့ လူအား အမြောက်အများ
စိုက်ထုတ်ပေးတာ မဟုတ်တော့ပဲ
တခြား ဘာသာတွေရဲ့ ပွဲတော်တွေကိုလည်း
တန်းတူ အားပေး – လူအားငွေအား စိုက်ထုတ် –
ကျင်းပ ပေးရပါမယ် ။

ကျောင်း သင်ခန်းစာတွေမှာ
ဆရာ / ဆရာမတွေဟာ
ရတနာ ၃ ပါး လောက်ကိုပဲ
တစ်ချိန်လုံး ညွှန်းမနေပဲ …
တခြား ဘာသာရေး ခေါင်းဆောင်တွေ အကြောင်းနဲ့
သူတို့ ဘာသာတရားတွေရဲ့ အနှစ်သာရတွေကိုလည်း
ကျောင်းသူ / ကျောင်းသားတွေ ဆုပ်ကိုင်မိအောင်
သင်ပေးရပါတော့မယ် ။
( အဲ့ အခါကျ
ငါ့ကလေးကို ဒါတွေ သင်ပေးရမလား ? ဆိုပြီး
ပြဿနာ သွားရှာချင်တဲ့ မိဘတွေ
ဘယ်နှယောက်လောက် ရှိမယ် ထင်လဲ ?

သတင်းစာမှာလည်း
ထေရ ဝါဒ ဗုဒ္ဓ ဘာသာဘက်က
ဘုရားစာတွေ ချည်း ထည့်နေရာက နေ
တခြား ဘာသာတရားတွေရဲ့ အဆုံးအမတွေကိုပါ
အလှည့် ကျ ထည့်ပေးရပါတော့မယ် ။
TV Channel တွေမှာလည်း
ဘာသာရေး အစီအစဉ်တွေကို
တန်းတူ အချိန်ပေး ရပါတော့မယ် ။

ကဲ … ကျွန်တော် မေးပါမယ် ။
ထေရ ဝါဒ ဗုဒ္ဓဘာသာ ဝင် ဆိုသူတွေ
ဘာသာရေး ခေါင်းဆောင်တွေ အတော်များများ
ဒီ အတွက် အဆင်သင့် ဖြစ်ပါရဲ့လား ?
တွေးထား – ပြင်ဆင်ထားပြီး ဖြစ်ပါရဲ့လား ?

ဟာ … ကိုဇင်ဇေ ရာ
ဒါတွေ ဖြစ်မလာနိုင်ပါဘူး ။
ခင်ဗျား သောက်ပိုတွေ လျှောက်ချဲ့တွေးနေတာပါ လို့
ပြောချင်သူတွေလည်း ရှိလိမ့်မယ် ။
တူညီစွာ သဘောထား ကွဲလွဲ ရုံပါပဲ ။
ကျွန်တော်ကတော့ ဒါတွေ ဖြစ်လာမယ် …
ဖြစ်လည်း ဖြစ်လာသင့်တယ် … လို့
ယုံကြည်ပါတယ် ။

ဖြစ်မလာ တာ သေချာ သွားရင် လည်း
ကျွန်တော် ရှက်လွန်းလို့
ဒီ နိုင်ငံမှာ မနေတော့ဘူး ။
တိုင်းရင်းသားတွေ ပေါ်မှာ
ကျွန်တော်တို့ အကြွေး ထပ်တင် သွားမှာ မို့ပဲ ။
( တိုင်းရင်းသားတွေ ထဲမှာလည်း
ဗုဒ္ဓဘာသာ ကိုးကွယ်သူ အမြောက်အများရှိပေမယ့်
ထေရ ဝါဒ ဟုတ်မဟုတ် နဲ့
တခြား ဘာသာ ကိုးကွယ်သူ
% ဘယ်လောက်ရှိမလဲ ?
ဆိုတာ အကြမ်းဖျဉ်း တော့ မှန်းနိုင်ကြမယ် ထင်ပါတယ် )

နိုင်ငံရေး သမားတွေ အနေနဲ့
ဘာသာတရား အားလုံး မဟုတ်ရင်တောင်
ဘာသာကြီး ၄ ရပ်ကို မျှမျှတတ အားပေးဖို့ လိုသလို
ကျွန်တော်တို့ ပြည်သူတွေကလည်း
အဲ့လို မျှမျှတတ အားပေးတာကို
ရင်ထဲကနေ ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ လိုပါလိမ့်မယ် ။

ခု တလော
ကျွန်တော် ဘာသာရေးနဲ့ ပက်သက်လို့
အကဲ ဆတ်တာတွေ ရေးပြီး တွန်းကြည့်နေတာ
အဲ့ဒီ အတွက်ပဲ ။
မြန်မာနိုင်ငံမှာ
လူဦးရေ အများဆုံး လို့ အကြမ်းဖျဉ်းယူဆလို့ရတဲ့
ထေရ ဝါဒ ဗုဒ္ဓဘာသာ ဝင်တွေ
ဘယ်လောက် ထိ သဘောထားကြီးနိုင် မလဲ ? ဆိုတာ
ကျွန်တော် ကိုယ်တိုင်
ထိုက်သင့်သလောက် အနာခံ တောက်ကြည့်နေတာပဲ ။
( ဘယ်သူမှ ခိုင်းလို့ မဟုတ်ဘူးနော် ။
ကျွန်တော်က ခိုင်းတိုင်း လုပ်မယ့် လူလည်း မဟုတ်ဘူး ။
ဘယ်သူ/ဘယ် အဖွဲ့အစည်းဆီကမှ
ငွေယူပြီး လုပ်ပေးနေတာလည်း မဟုတ်ဘူး ။
ကျွန်တော့် ခံယူချက် ရယ်
ဖြစ်နေတာတွေပေါ် မူတည်ပြီး
ဖြစ်လာနိုင်တာတွေအပေါ် ခန့်မှန်းချက်အရ ရယ်
ကြိုတွေးပြီး
လုပ်နိုင်သလောက် လုပ်ကြည့်ပေးနေတာ ။ )

ဘယ် မေးခွန်း ? ဘယ် လောက် အဆင့် ထိ ? ကို
ဘယ် အဖွဲ့တွေက ? ဘယ်သူတွေနဲ့ပဲ
မေးမြန်း ဆွေးနွေး အဖြေရှာ သင့်တယ် …
ဆိုတာလောက်ကို
ကျွန်တော်က မသိလို့
လျှောက်မေးနေတာ လို့ ထင်ကြသူတွေလည်း ရှိမှာပါ ။
( ကျွန်တော် က ပေါင်းသင်း ဆက်ဆံရေး သိပ်မကောင်းလို့
သူငယ်ချင်း နည်းပေမယ့်
အလုပ် သဘောအရ / လူမှုရေး လုပ်ငန်းတွေ အရ
သိကျွမ်းတဲ့ မိတ်ဆွေတွေ တော့
ကျွန်တော့်မှာ မနည်းလှပါဘူး ။
သူတို့တွေရဲ့ ဆင့်ပွား ကူညီမှုတွေနဲ့သာဆိုရင်
ကျွန်တော် လိုချင်တဲ့ အဆက်အသွယ်ထဲက
၁၀၀% မဟုတ်ရင်တောင်
၅၀-၇၀% လောက်တော့ ရအောင်
ကျွန်တော် < ရှာချင်စိတ် တကယ်ရှိရင် >
ရှာနိုင်ပါတယ် ။ )

ဒါကို သိလျက်နဲ့
သာမန် လူ အများစုရဲ့ အမြင် နဲ့
သဘောထားကြီးမှုကို သိချင်လို့
တမင် Public Posts တွေ အနေနဲ့ ရေးနေခဲ့တာပါ ။

ခု ကျွန်တော် တောက်ကြည့်မိသလောက်တော့
ဘာသာတရား နဲ့ ပက်သက်လို့
အရင်း အမြစ် ခွဲပေးရတော့မယ် ဆိုရင်
အဆင်သင့် မဖြစ်ကြသေးတဲ့
ထေရ ဝါဒ ဗုဒ္ဓဘာသာဝင်တွေ များနေပါသေးတယ် ။

မျက်မြင် တွေ့ ရ / အသုံးချလို့ ရတဲ့
ငွေ – လူအား စတဲ့ အရင်း အမြစ် တွေ မပြောနဲ့ ။
လက်ဆုပ် လက်ကိုင် ပြမရတဲ့
အမှန်တရား လို့
သူတို့ ထင်ထားတဲ့ အရာတွေပေါ်မှာတောင်
နှစ်ဖက် မျှ မကြည့်ပေးနိုင်ပဲ
အစွဲ ကြီးလွန်းသူတွေ များနေတယ် ။

” ကျွန်တော်က နိဗ္ဗာန် မရောက်ချင်သေးလို့ပါ ” ဆိုရင်
သဘောထားကြီးသူတွေ အနေနဲ့
” ဟုတ် ကိုဇင်ဇေရေ …
အကို့ လက်ရှိ သဘောထားကို နားလည်ပါတယ် ။
ဒါပေမယ့် ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ
လူတိုင်းကို နိဗ္ဗာန်ကိုပဲ အတင်း ရည်ရွယ်ခိုင်းနေတာတော့
မဟုတ်ပါဘူး ။
အဲ့လို ပြောနေသူ တစ်ချို့လည်း ရှိတော့ ရှိပါတယ် ။
ဒါပေမယ့် တကယ်တမ်းမှာ
မြတ်စွာဘုရား အနေနဲ့
သံသရာ က လွတ်မြောက်ချင်သူတွေအတွက်သာမက
သံသရာမှာ ကျင်လည်နေချင်သေးသူတွေအတွက်
အကျိုး ရှိစေမယ့် အတွေးအခေါ် အယူအဆပေါင်းများစွာကိုလည်း ဆုံးမပေးခဲ့တာပါ အကိုရေ ။
အကို အချိန်ရလို့ စိတ်ဝင်စားရင် ဒါလေးတွေ
လေ့လာ ကြည့်စေချင်ပါတယ် … ” လို့
ပြောတဲ့သူဟာ ၁၀% တောင် မပြည့်ဘူးရယ် ။

၉၀% ကတော့
နိဗ္ဗာန်သာ လူဖြစ်ရခြင်းရဲ့ ပန်းတိုင် အစစ်ဖြစ်ကြောင်း …
ဒါကို မလိုချင်သေးတာဟာ
ကိုယ်တိုင်က ညံ့သေးလို့ /
အားထုတ်မှု မရှိသေးလို့ ဖြစ်ကြောင်း …
အားထုတ်လိုက်တာနဲ့
ဗုဒ္ဓဘာသာပဲ ဖြစ်သွားမှာ ဖြစ်ကြောင်း …
ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရကို နားမလည်လို့
နိဗ္ဗာန် ကို မလိုချင်သေးတာ ဖြစ်တဲ့အတွက်
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့တောင်
မပြောသင့်ကြောင်း …. စတာတွေပဲ
ပြောနေကြတာ များတယ် ။

ဒီလိုပဲ …
ပါချုပ် ဆရာတော်ကြီးကို သွားမေးပါ ဆိုသူတွေကို
ပါချုပ် ဆရာတော်ကြီးရဲ့
ဒီရေ တက်ရခြင်း အကြောင်းကို
ကျမ်းဂန်လာ အတိုင်း ဆိုပြီး ဟောထားတာဟာ
သိပ္ပံ နည်းကျ အထောက်အထား ခိုင်မာမှုတွေနဲ့
ပြန်ချိန် လိုက်ရင် အတော် လွဲနေကြောင်း …
သူကသာ အဲ့ဒီ အမှားကို
ပွင့်လင်းစွာ ပြန်သုံးသပ်ဝန်ခံပေးရင်
ကျွန်တော့် အနေနဲ့
တခြားသော မေးခွန်းတွေကို
သွားရောက် မေးမြန်းဖို့လည်း စိတ်ဝင်စားကြောင်း
ခပ်ပါးပါး သတိပေးလိုက်ရင် …
” ဟုတ်တယ် ကိုဇင်ဇေရေ …
အဲ့ ကိစ္စ ကတော့ ဆရာတော်ကြီး ဟောတာ
ကျမ်းဂန်လာ အရ ပေမယ့်
လက်တွေ့ နဲ့ ယှဉ်ရင် မှားသွားတယ် လို့
ကျွန်တော်လည်း လက်ခံပါတယ် ။
အဲ့ ခေတ် အဲ့ အခါက ကျမ်းဂန်တွေကို
ပြုစုသူတွေ မှာလည်း
ဘုရား ဟောတာ မဟုတ်တဲ့ အကြောင်း ကိစ္စတွေကို
သူတို့ ဘာသာ ဖြည့်စွက်
ရေးထားတာတွေများ ရှိနိုင်မလား မသိဘူး ။
ဒါတွေကို သန့်စင်အောင်
ကျွန်တော်တို့ ပြန် ကြိုးစား ရပါဦးမယ် ” လို့
သေချာ ဝန်ခံသွားတဲ့သူ အတော်ရှားပြီး
အများစုက
စကားလမ်းကြောင်း လွှဲသွား /
မသိချင်ယောင် ဆောင်သွားကြတာပဲ များပါတယ် ။

( ကျွန်တော် ပေးတဲ့ ဥပမာ ၂ ခုပေါ်
တုံ့ပြန်မှုတွေ ကို မယုံရင်
ကျွန်တော့် Posts တွေရဲ့ Comments တွေမှာ
ပြန် လိုက်ကြည့်နိုင်ပါတယ် )

ကျွန်တော့်မှာ
အဲ့ဒီ ထဲကမှ ရရင် ရသလောက် စစ်ထုတ် /
ပြေပြစ်တဲ့ သူဆို ညှိယူပြီး
ကျွန်တော် လိုချင်တဲ့ မျှခြေကို
စိတ်ရှည် လက်ရှည် တည်ဆောက် ယူကြည့်ရတယ် ။
( အမှန်တော့
ကိုယ့် သောက်ပူ ကိုယ့် ရှာနေတာပဲ 😅 )

📌
ကျွန်တော့် ဘာသာရေး ဆိုင်ရာ Posts တွေကို
သေချာ ဖတ်တဲ့ သူတွေဆို သတိထားမိလိမ့်မယ် ။
ကျွန်တော် ဆွေးနွေးသွားတဲ့ ကိစ္စတွေမှာ
ကျွန်တော် ဘယ် ဘက်ကိုမှ
သိသိသာသာ မရပ်ပြသွားဘူး ။
မသိမသာ နဲ့
အဟ လေးတွေ တမင် ထားထား ခဲ့တယ် ။

ဘာလို့ ဆို
ကျွန်တော့် ရည်ရွယ်ချက်က
ရပ်တည် ဖို့ ဘက် ရှာနေတာ မဟုတ်သလို …
ကျွန်တော် ရပ်တည်တဲ့ ဘက် က မှန်တယ်လို့လည်း
စည်းရုံးချင်နေတာ မဟုတ်ဘူး ။
( ဒါကြောင့် ကျွန်တော် ဘာ ရပ်တည်တယ်ဆိုတာ ကို
အပြီးအပြတ် မပြောပဲ ချန်ချန်ပေးထားတာ ။
ဆက်ဖိ ပြောရင် – မေးရင် ရနိုင်ပေမယ့်
တစ်ချို့ဟာလေးတွေ ဟ ပေးထားလိုက်တာ ။ )

ဘာလို့ ဆို
ကျွန်တော့် ရည်ရွယ်ချက်က
ဘာသာ ပေါင်းစုံက လူတွေ
( အထူးသဖြင့်တော့
ကျွန်တော် ကြီးပြင်း ကျင်လည်ခဲ့ရတဲ့
ထေရ ဝါဒ ဗုဒ္ဓဘာသာဝင် ဆိုသူတွေပေါ့ ) ကို
အတွေး အခေါ် ပိုင်း ငြင်းခုံရာမှာ
အရေ ထူစေချင်တဲ့ အပြင် …
ကိုယ့် ဘက် သူ့ ဘက် ပြတ်ပြတ်သားသား အဖြေမရပဲ
မျှခြေ အဖြစ် လက်ခံလိုက်ရတဲ့
အနေအထားမျိုးတွေမှာလည်း
ကျေကျေနပ်နပ် ရင်ထဲက လက်ခံပေးတတ်တဲ့
သဘောထားကြီးမှု မျိုးကို ရစေချင်တာ ။

ရှင်းအောင် ပြန်ပြောရရင်
အပေါ်မှာ ပြောခဲ့သလို
တခြား ဘာသာတရားတွေ အတွက်ပါ
လူအား – ငွေအား တွေ မျှဝေ သုံးစွဲပေးဖို့
ခဏ ထားပါဦး ။
အမှန်တရား ဆိုတာကိုတောင်
မျှဝေ သုံးစွဲ ဖို့ သဘောထားကြီးကြီး
လက်ခံပေးနိုင်ရဲ့လား ? ဆိုတာကို
မေးခွန်းထုတ်ပြီး
မသိမသာ စည်းရုံးကြည့်နေတာပါပဲ ။

📌
ဒါတောင်
ကျွန်တော် ဘာသာမဲ့ သမားတွေ ဘက်က
ရေး မပြသေးဘူး ။
ဥပမာ – ဘာသာရေး အဖွဲ့အစည်းတွေ /
ခေါင်းဆောင်တွေ ဟာ
အခွန်ကင်းလွတ်ခွင့်ရနေကြတယ် ။
သူတို့ထဲက တစ်ချို့ဟာ သူတို့ ရဲ့
အဲ့ဒီ အခွန်ကင်းလွတ်ငွေတွေထဲက တစ်ချို့ကို
သူတို့ ဘာသာတရား အတွက်တင်မက
သူတို့ ကိုယ်ရေး ကိုယ်တာ အတွက်တွေပါ
သုံးစွဲနေကြတယ် ။ တစ်ချို့ဆို ဇိမ်ခံနေကြတယ် ။
ဒါဟာ တရားမျှတ ရဲ့လား ?
ဘာသာမဲ့ သူတွေကလည်း
ဟန်ပြ ဘာသာတရား တစ်ခု ဖန်တီးပြီး
အဖွဲ့အစည်း / ခေါင်းဆောင်တွေ ရေးထားလိုက်ပြီး
အခွန် ရှောင်မယ် ဆိုရင် ရမလား ? ဆိုတာမျိုး
ပြဿနာတွေ ကျွန်တော် တမင် မဆွေးနွေးသေးဘူး ။
ပို ပွဲဆူ ကုန်မှာ စိုးလို့ပါ ။

📌
ကဲဗျာ …
စာလည်း အတော် ရှည်ပြီဆိုတော့
ဒီစာ ရေးဖြစ်တဲ့ အဓိက အကြောင်းရင်း ဖြစ်တဲ့
ရည်ရွယ်ချက် ၃ ဟာ

ဗမာ တွေနဲ့ တိုင်းရင်းသားတွေ
တကယ် တန်းတူ အခွင့်အရေး ရဖို့
တိုင်း ၇ တိုင်းကို ပြန်ပေါင်းပြီး
ဗမာ ပြည်နယ် ဆိုတာမျိုး ပြန်စုလိုက်ရင်တောင်
ရှော့ခ် မရပဲ
ကျေကျေနပ်နပ် လက်ခံပေးကြဖို့
ဘာသာတရား တစ်ခုကပဲ
အဓိက လွှမ်းမိုး အားကောင်းနေတဲ့
နိုင်ငံ အနေနဲ့ မဟုတ်တော့ပဲ
ဘာသာတရား တိုင်း တန်းတူ အခွင့်အရေးရပြီး
( ဖြစ်နိုင်ရင် ဘာသာမဲ့ တွေပါ တန်းတူ အခွင့်အရေးရပြီး )
တကယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် ဖြစ်စေဖို့
တတ်နိုင်သလောက် သဘောထားကြီးကြဖို့ /
သဘောထားကြီးရကောင်းမှန်း သိကြဖို့ /
သဘောထား ကြီးတတ်ဖို့ ပါပဲ ။

အရင်က ဒါကို ဘာလို့
ပွင့်ပွင့်လင်းလင်း မရေးခဲ့သလိုဆိုရင်
ကျွန်တော်က တစ်နည်းအားဖြင့်
အလယ်အလတ် သဘောထား ရှိသူတွေနဲ့
သာမန် ရှေးရိုးစွဲ သူတွေကို
တဖြည်းဖြည်း ပါလာအောင် စည်းရုံးနေတာ ။
( အတွေးအခေါ် လွတ်မြောက်ပြီးသား လူတွေက
ကျွန်တော် စည်းရုံးနေစရာ မလိုဘူး ။
ဒါမျိုး ဖြစ်လာရင် သူတို့က အဆင်သင့် ဖြစ်ပြီးသား ။
ပျော်တောင် ပျော်ကြဦးမယ် ။ )

အလယ်အလတ် သဘောထားရှိသူတွေက
ကျွန်တော် ရေးနေတာတွေကို လက်ခံနိုင်ပေမယ့်
သာမန် ရှေးရိုးစွဲ သူတွေထဲမှာမှ
အစွန်းရောက်သူတွေဆို
ကျွန်တော် ရေးတာကို လက်မခံနိုင်ကြ /
ရွဲ့စောင်း ဆဲဆို ကြ
( ဆဲဖို့ လူတောင် တကူးတက လိုက်စုကြ )
ဖြစ်နေကြတာ မြင်မိမှာပါ ။

စည်းရုံးတယ် ဆိုတာကလည်း
စည်းရုံးနေမှန်း မသိလိုက်အောင်ကို စည်းရုံးလိုက်မှသာ
ကိုယ့်ဘက် ရောက်လာနိုင်ချေ ပိုများတာ ဆိုတော့
ကျွန်တော်က လည်း တမင် အဆဲခံပြီး
နည်းနည်းချင်း ရအောင် စည်းရုံးဆွဲခေါ်နေတာပဲ ။
( သိနေလျက်နဲ့ အယုံသွင်း စည်းရုံးခံကြတာ

မျက်လှည့် နဲ့
မင်းသား မင်းသမီး ကြော်ညာတွေပဲ ရှိတယ် 😅 )

စည်းရုံးတယ် ဆိုတာလည်း
ကျွန်တော့် အတွက် မဟုတ်ပါဘူးဗျာ ။
အပေါ်မှာ ရှင်းပြထားသလို
ပိုကောင်းတဲ့ လူ့ အဖွဲ့အစည်း ဖြစ်လာဖို့
( နိုင်ငံရေး ရှုထောင့် အရ ကြည့်ရင်
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ ) ပါပဲ ။

အခု ဒါကို အများသိအောင်
ပေါ်တင် ပြောလိုက်ခြင်းဖြင့်
ကျွန်တော့် စာတွေ ဖတ်တိုင်း
” ငါတို့တော့ စည်းရုံးခံနေရပါလား ? ” ဆိုတာ
သူတို့ ( ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် ဗမာ လူမျိုးတွေ )
သိနေတဲ့ အတွက်
ကျွန်တော့် အနေနဲ့တော့
အရင်ထက် ကို ပိုပြီး စည်းရုံးရခက်သွားနိုင်တယ် ။

ဒါပေမယ့် …
တစ်ဖက်က ကြည့်ရင်
ကျွန်တော် ခု လုပ်နေတာမျိုးဟာ လုပ်သင့်တယ်လို့
ယူဆပြီး
ဝိုင်း ကူ ဝါဒ ဖြန့် စည်းရုံးပေးသူတွေလည်း
ပိုများ လာမယ် လို့ ကျွန်တော် မျှော်လင့်တယ် ။

📌
တစ်ခု ရှိတာက
ဒါများကွာ … အမေစု လွတ်လာလို့
တစ်ခွန်းတည်း ပြောလိုက်ရင်ကို
ပြည်သူတွေက ကျေကျေနပ်နပ် လက်ခံပြီးသားပါ ။
မင်းတို့လို ဗုံမဟုတ် ပတ်မဟုတ် ကောင်တွေ
လျှောက် လုပ်နေစရာ မလိုပါဘူး … လို့
ယူဆသူတွေလည်း ရှိပါလိမ့်မယ် ။

ဟုတ်ကဲ့ …
အဲ့လို ဆိုရင် လည်း … ကောင်းပါတယ် ။
ဒါပေမယ့် ကျွန်တော်တို့ လိုချင်တာက
လူတစ်ယောက် ပြောလိုက်လို့
( ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပေါ် မူတည်ပြီး )
ကျန်တဲ့ သူတွေက
အလွယ်လေး လက်ခံပေးလိုက်ရတာမျိုး …
အားကောင်းလာမယ့် ဘက်က ပြောတာမို့
အားနည်းသူတွေဘက်က
အောင့်သီးအောင့်သက်နဲ့ လက်ခံပေးလိုက်ရတာမျိုး …
မဟုတ်ပဲ …

တကယ်ကို ရင်ထဲက သဘောပေါက် နားလည် လက်ခံပြီး
ရေရှည် ကျင့်သုံးတာမျိုးကို လိုချင်တာမို့
အတွေးအခေါ် အဆောက်အအုံ /
တွေးကျင့်တွေ ကနေ စပြင်ဖို့ ကြိုးစားနေတာပါ လို့ပဲ
ရှင်းပြပါရစေ ။

📌
အစကတော့ …
စာရေးဖော် ရေးဖတ်တွေ /
ဆွေးနွေးဖော် ဆွေးနွေးဖက်တွေကိုပဲ
ဒီ အကြောင်းကို ပြောပြ စည်းရုံးပြီး
စာတွေ ဝိုင်းရေးဖို့ … စဉ်းစား ခဲ့ပါသေးတယ် ။

ဒါပေမယ့် … ကျွန်တော် အပေါ်မှာ ပြောသလိုပဲ
အများစုက တော်လှန်ရေးထဲ တကွဲတပြားစီ
ရောက်နေကြတယ် …
ပြီးတော့ … အဲ့လို စုမိရင်တောင်
ကျွန်တော်နဲ့ အရင်က သိပြီးသူတွေပဲဆိုတော့
အင်အား နည်းမယ် ။
ဒါမှမဟုတ် …
တကယ် မလုပ်ပေးချင်ပေမယ့်
ကျွန်တော်က တကူးတက လာပြောလို့
အားနာပြီး လုပ်ပေးနေရတယ် … ဆိုလည်း
သူတို့ အတွက် မကောင်းဘူး ။
( စာဖတ်နာသူ / အတွေးနာသူ အများစုက
သူတို့ နဲ့ စာဖတ်သက်/ တွေးသက် ကွာသူတွေအပေါ်
စိတ်မရှည် နိုင်ကြတော့တာ များတယ်ဗျ )

ခုလို ပွင့်ပွင့် လင်းလင်း ရေးတင်လိုက်တဲ့အခါမှာတော့
အဲ့ဒါကို ဖတ်မိပြီးမှ
သူတို့ ဘာသာ စိတ်ပါလို့ လာ ပူးပေါင်းကြမယ်
( လက်ဆင့်ကမ်း ပြောပေးကြမယ် ) ဆိုရင်တော့
အင်အားလည်း ပိုများနိုင်သလို
ညှိယူစရာလည်း နည်းသွားနိုင်မယ် …
( တစ်ချို့ စာဖတ်/တွေးအား နာလွန်းတဲ့
ဘာသာမဲ့ သမားတွေကို
ဘာသာ ဝင်တွေ အပေါ်
လိုအပ်တာထက် ဖိမပြောဖို့ /
အတွေးအခေါ် ပွင့်လင်းသူချင်း ပြောနေကျထက်
သိသိသာသာ ကို စိတ်ရှည်ဖို့ က အစ
ညှိ ရ မှာမို့ပါ ။ )

တစ်ချို့ဆိုရင်
ကျွန်တော့် ကို ကြည့်မရလို့
တကူးတက လာမပူးပေါင်းပေမယ့် …
ဒီ ကိစ္စကိုတော့ လုပ်သင့်တယ် ထင်လို့
သူတို့ဘာသာ သီးသန့် လုပ်ကြမယ် … ဆိုတာမျိုးလည်း
ဖြစ်စေချင်လို့
ခုလို ရေးတင် လိုက်ရတာပါပဲ ။
( ထေရ ဝါဒ ဘုန်းဘုန်း တစ်ချို့တောင်
ပါရင် ပါလာနိုင်တယ် လို့
ကျွန်တော်ကတော့ မျှော်လင့်မိတာပါပဲ ။ )

📌
ကိုဇင်ဇေ ရာ …
ဖက်ဒရယ် ဖြစ်ဖို့က
အဝေးကြီး လိုသေးတာကို
ခုကတည်းက ဒါတွေ လုပ်နေဖို့ လိုလို့လား ? ဆိုရင်

တော်လှန်ရေး အတွေးအခေါ် မခိုင်မာသေးတဲ့
လူ တစ်ချို့ …
မခံချင်စိတ် သက်သက်နဲ့
တော်လှန်ရေး ဝင်လုပ်ရာက
မကြွယ်သင့်တာ ကြွယ်မိ / မကြွားသင့်တာ ကြွားမိလို့
သူတို့ ရော / တခြား ဆက်စပ်သူတွေပါ
ဖမ်းခံ – နှိပ်စက်ခံ – အသက်ပေးလိုက်ရတာမျိုးတွေကိုသာ
မြင်ယောင် ကြည့်စေချင်ပါတယ် ။

တကယ်လို့သာ
သူတို့ ဒီ့ထက် အချိန်ပိုရလို့
တော်လှန်ရေး အတွေးအခေါ် ခိုင်မာပြီးသား ဖြစ်နေခဲ့ရင်
ဒါမျိုးတွေ အများကြီး လျော့မသွားနိုင်ဘူးလား …
လို့ တွေးကြည့်ပေါ့ဗျာ ။

တကယ်ကတော့
ကျွန်တော်တို့ ကိုယ်တိုင်လည်း
ေ-က်သုံး မကျခဲ့တာပါ ။
လက်နက်ကိုင် တော်လှန်ရေး မလိုပဲ
အကြမ်းမဖက် အာဏာဖီဆန်ရေး သက်သက်နဲ့
စစ်အာဏာရှင်ကို ( ဖြုတ်မချနိုင်ရင်တောင် )
သူတို့ လုပ်ရပ်တွေကို ရပ်တန့် နိုင်မယ် … လို့
ယူဆမိခဲ့တာကိုး ။
အဲ့ အတွက် လက်နက်ကိုင် တော်လှန်ရေး ဘက်ကို
စ တည်ပေး – အတွေးအခေါ်
စသွင်းပေးနေသူတွေကိုတောင်
တန်ပြန် ချေပ စာတွေ ရေးခဲ့မိတာ
ကျွန်တော်တို့ မှားခဲ့ပါတယ် လို့ ဝန်ခံရမှာပါပဲ ။

ဒါကြောင့် …
ခု ကိစ္စမှာလည်း
တကယ် ဖြစ်လာတော့မှ
အတွေးအခေါ်ကို
နောက်ကနေ ပြန် လိုက်မိတ်ဆက်နေရတာထက်စာရင်
ခုကတည်းက နည်းနည်းချင်း
( လူများများ က ) ဝိုင်း မိတ်ဆက်ပေးထားနိုင်ရင်
အပြာင်းအလဲ ကာလမှာ
အများကြီး ပို အဆင်ပြေမယ် လို့ မျှော်လင့်မိပါတယ်ဗျာ ။
( နိုင်ငံရေး သမားတွေ လုပ်ရ သက်သာပြီး
တခြား ကိစ္စ ပို လုပ်နိုင်တာပေါ့ဗျာ )

ဒါပါပဲဗျာ …

ဘာသာတရား ပေါင်းစုံ က
ဘာသာဝင် တွေရော …
ဘာသာမဲ့ တွေ အတွက်ရော …
တိုင်းရင်းသား တစ်မျိုးချင်းစီတိုင်း အတွက်ရော …
မျှတ တဲ့ နိုင်ငံတော် သစ် တစ်ခုဆီ
အမြန် ရောက်နိုင်ပါစေ လို့ …

စေတနာဖြင့်

ကိုဇင်ဇေ

စာကြွင်း ။
အတွေး အရေး သမားတွေ
ရည်ရွယ်ချက် ၃ အတွက်
ကျွန်တော် နဲ့ အလုပ် တွဲလုပ်ချင်ရင်
Message ပို့ပြီး ဆက်သွယ်ထားနိုင်ပါတယ် ။
Facebook Groups / Pages တွေ
Telegram နဲ့ YouTube Channels တွေ
Websites နဲ့ Apps တွေ … စသဖြင့် စီစဉ်ပြီး
အတွေး အခေါ် အရွေ့ တစ်ခုကို တွန်းဖို့
ကျွန်တော် ကြိုးစားနေမှာမို့ပါ ။
( ကြားထဲမှာ မသေသွားရင်ပေါ့လေ 😅 )

ခုလောက် စာအရှည်ကြီးကို ပြီးအောင်
ဖတ်ခဲ့သူတွေ အနေနဲ့လည်း
ကျွန်တော့်ကို ထောက်ပြချင်တာပဲ ဖြစ်ဖြစ်
အားပေးချင်တာပဲ ဖြစ်ဖြစ်
တစ်ခုခု ရေးပေးခဲ့နိုင်ပါတယ် ။
ရေးပေးခဲ့စေချင်ပါတယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


3 responses to “ကျွန်တော်တို့ အဆင်သင့် ဖြစ်ကြပါရဲ့လား ( လူဆွယ်စာ ) – ကိုဇင်ဇေ”

  1. အားလုံး agree ပါဆရာ

    ဆရာပြောတာ

    ကျွန်မတွေ့ဘူတဲ့တချို့ကတော့

    ရုံးသုံးစာအထိ ပြန်ပြင်ချင်ကြတာ

    အဲ့တခုပဲ

    အဲ့တာတောင်မှ ဆရာပြောသလိုပဲ

    ကိုယ့်အတွက်အဆင်မပြေ ရင်

    တခြားနေရာထွက်သွားမယ်စဉ်းစားတာပါပဲ

    ခုတော့ nick name ပဲထည့်ထားပါတယ်

    နောင်တော့နာမည်အစစ်နဲ့ introduce ပါမယ်နော

    Like

  2. တွေးစရာလေးတွေ အများကြီးကျန်ခဲ့တယ်
    တဆက်တည်း ကိုယ့်ကိုကိုယ် မေးမြူစရာ မေးခွန်းတွေရောပဲ
    အဲ့မေးခွန်းတွေ သေချာ ဖြေနိုငိပြီဆို ပါဝင်ဖို့အသင့်ဖစ်ပြီဆိုတာလေးစာချန်ခဲ့ပါရစေ ။💪🏼

    Like

  3. ဖက်ဒရယ်အတွက် ကြိုတင်စဉ်းစားတာကောင်းပါတယ် အာဏာ ငွေကြေး သယံဇာတ နည်းပညာ စသဖြင့် ခွဲဝေကျင့်သုံးမှုတွေညှိနှိုင်းရေးဆွဲကြရမှာပေမဲ့ ဘာသာရေးကိုတော့ရောထွေးစေဘို့မသင့်ဘူးလို့မြင်ပါတယ် နိုင်ငံတော်အသုံးစရိတ်အဖြစ်တော့ ဘယ်ဘာသာအတွက်မှမထားတာကောင်းပါတယ် လှူဒါန်းတာအတွက်ကတော့ ယုံကြည်သူတဦးချင်းစီ မိမိဘာသာအလိုက်လှူဒါန်းကြပါစေပေါ့ နောက်တခုက ဘာသာကြီး ၄ခုသာပြောတာ ခရစ်ယန်မှာတောင်ကွဲပြားမှုတွေအများကြီးရှိနေပါတယ် နိုင်ငံတော်ဘာသာ ပါလို့ဗုဒ္ဓဘာသာကိုပြဌာန်းထားတာမဟုတ်တဲ့အတွက် ဖက်ဒရယ်မှာဘာသာရေးကဏ္ဍဟာသက်ရောက်မှုမရှိနှိုင်ဘူးထင်ပါတယ် accအစစ်အသုံးမပြုနှိုင်သေးတဲ့အတွက်ပေါ်ပေါ်ထင်ထင်လုမတင် email ကိုလည်းမဝင်ဖြစ်ပါ

    Like

Leave a comment