“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )

(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။)

◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။

အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။

◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။

အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ စပြီး ပြောင်းလဲတိုးတက်လာတာ ဖြစ်တယ်။ ဒီတော့ ၁၈၃၀ ကျော်မှာ မွေးသူတွေက အသက် ၃၀ ဝန်းကျင်အရွယ်တွေပေါ့။ အလုပ်လုပ်လို့ ကောင်းတဲ့အရွယ်မှာ နိုင်ငံစီးပွားရေး အတက်နဲ့ ကြုံတော့ သူဌေးကြီးတွေ ဖြစ်လာကြတယ် ဆိုတဲ့သဘောပဲ။

◾️နောက်တစ်ခုက အများသိတဲ့ ဘီလ်ဂိတ်စ်။ ကွန်ပျူတာခေတ်အပြောင်းအတွက် အရေးကြီးတဲ့ ကာလဟာ ၁၉၇၅ ဖြစ်တယ်လို့ ဆိုတယ်။ ဘီလ်ဂိတ်စ်က ၁၉၅၅ မှာ မွေးတယ်။ ဆိုလိုတာက အသက် ၂၀ အရွယ်။ ကျောင်းကောင်းကောင်းမှာ တက်ခဲ့ရတယ်။ ကွန်ပျူတာကို ၁၃ နှစ်သားမှာတင် ထိတွေ့ခွင့်ရတယ်။ ဒါကြောင့်မို့လည်း ရေကန်အသင့် ကြာအသင့်ဆိုသလို ဘီလ်ဂိတ်စ် ဖြစ်လာခဲ့တယ်ပေါ့။

ထူးခြားတာက စတိဗ်ဂျော့ဘ်စ်၊ ဘီလ်ဂျွိုင်း (သူ့ကိုတော့ အပြင်လူတွေ အသိနည်းတယ်) စတဲ့ နည်းပညာနယ်ပယ်က တခြားသော အထင်ကရပုဂ္ဂိုလ်များဟာလည်း ၁၉၅၅ တဝိုက်မှာ မွေးဖွားခဲ့သူတွေ ဖြစ်နေပြန်တာပဲ။

◾️ခေတ်ကာလရဲ့ ပံ့ပိုးမှုနဲ့ အဆုံးစွန်သော အောင်မြင်မှုတွေကို ရခွင့်ကြုံခဲ့တယ်ပဲ ဆိုပါတော့။ ၁၀ နှစ်လောက် စောမွေးထားရင်လည်း ကွန်ပျူတာကို လေ့လာနိုင်ဖို့ရာ မလွယ်သေးဘူး။ ၁၀ နှစ်လောက် နောက်ကျပြီးမှ မွေးခဲ့ရင်လည်း ကွန်ပျူတာလို အသစ်အဆန်းနယ်ပယ်တစ်ခုကို ထမင်းမေ့ ဟင်းမေ့ ရူးသွပ်နိုင်လောက်တဲ့ အခြေအနေ ရှိချင်မှ ရှိမယ်ပေါ့။

ဒီကာလတွေမှာ မွေးတဲ့သူတိုင်းတော့ အောင်မြင်ခဲ့ကြတာ ဘယ်ဟုတ်မလဲ။ တစ်ကိုယ်ရည် ကြိုးစားအားထုတ်မှုအပြင် တခြားတခြားသော အချက်တွေလည်း ပါဦးမှာပါ။ သို့သော် ကိုယ်လူဖြစ်တဲ့ခေတ်၊ ကိုယ်ဖြတ်သန်းတဲ့ခေတ်ဟာ ဘယ်လောက်ထိ ကိုယ့်အပေါ် သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာကို ပြောပြလိုရင်း ဖြစ်ပါတယ်။

◾️ကျွန်တော်တို့နိုင်ငံကိုလည်း အဲဒီလို စဉ်းစားကြည့်ရအောင်။

အဖိုးအဖွားတွေခေတ်။ ၁၉၄၅ မတိုင်ခင်မှာ မွေးခဲ့သူတွေပေါ့။ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ဒုတိယကမ္ဘာစစ်တွေကို ကြုံရတယ်။ လွတ်လပ်ရေးရပြီး မကြာဘူး။ ပြည်တွင်းစစ်။ နောက်တစ်ခါ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်နဲ့ ဘဝမှာ အဆင်ပြေမှုဆိုတာ ဘယ်တုန်းကမှ မကြုံခဲ့ရတဲ့ မျိုးဆက်။

နောက်တော့ ကျွန်တော်တို့ မိဘတွေခေတ်။ Baby boomers တွေပေါ့။ လက်ရှိမှာ အနိမ့်ဆုံး အသက် ၆၀ ရှိနေသူတွေ။ မဆလခေတ်မှာ ကြီးတယ်။ ခြိုးခြံချွေတာပြီး နေရတယ်။ သန်းရွှေခေတ်မှာ စီးပွားရှာတယ်။ အိမ်ရာတည်ထောင်တယ်။ ပင်စင်ယူ အနားယူရမဲ့ အရွယ်မှာ အခု မအလခေတ်ကို မအေးမချမ်း ဖြတ်သန်းနေရတယ်။

နည်းပညာနဲ့ အလှမ်းဝေးပြီး ဆိုရှယ်မီဒီယာမှာ မြင်ရသမျှကို တကယ်ထင်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန် ချစ်မြတ်နိုးပြီး လုံးဝအထိမခံတဲ့သူတွေဟာ ဒီမျိုးဆက်ဖြစ်တယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးနဲ့ ပတ်သက်လို့ ဝေးဝေးနေလိုတယ်။ အကြောက်တရား များတယ်။

◾️Generation X ကိုတော့ အထွေအထူး မပြောတော့ဘူး။ ပြီးရင် ကျွန်တော်တို့ Generation Y လာမယ်။ စပ်ကူးမတ်ကူးမျိုးဆက်လို့ ကျွန်တော်ကတော့ ပြောလေ့ရှိတယ်။ ရှေ့မျိုးဆက်လောက်လည်း မကြပ်တည်း။ နောက်မျိုးဆက်လောက်လည်း မချောင်လည်။ ရှေ့မျိုးဆက်လောက်လည်း မကြောက်တတ်။ နောက်မျိုးဆက်လောက်လည်း မဝံ့ရဲ။ ရှေ့မျိုးဆက်လောက်လည်း အမြင်မကျဉ်း။ နောက်မျိုးဆက်လောက်လည်း အမြင်မကျယ်။

သန်းရွှေခေတ်မှာ ကြီးတယ်။ မြဝတီက ဇာတ်လမ်းတွဲတွေကို စောင့်ကြည့်တယ်။ စစ်ကျွန်ပညာရေးကနေ ထွက်လာကြတယ်။ ဖက်ဒရယ်တို့၊ လူမျိုးကြီးဝါဒတို့ကို တစ်လုံးတစ်ပါဒမှ မသိကြဘူး။ ရိုဟင်ဂျာအရေးမှာ အမျိုးသားရေးမှိုင်းတွေ မိခဲ့ကြဖူးတဲ့ ပညာတတ်လူအုပ်စု ဖြစ်တယ်။ ဒီမိုကရေစီခေတ် အကူးအပြောင်းမှာ လုပ်ငန်းခွင်ထဲ စဝင်ကြတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ရတယ်။ အလုပ်အတွေ့အကြုံတွေ ရှိလာတယ်။ ငွေကြေး စုမိဆောင်းမိလာတယ်။ ဒါကြောင့် ခုလက်ရှိ တော်လှန်ရေးမှာ အဲဒီအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ၊ အဆက်အသွယ်တွေ၊ ငွေကြေးတွေကို ထည့်ဝင်နေကြသူတွေ ဖြစ်တယ်။

◾️နောက်ဆုံးကတော့ Gen-Z တွေပေါ့။ ၁၉၉၅ မှာ မွေးတဲ့သူတွေကနေ စတင်သတ်မှတ်တာဖြစ်လို့ ခုချိန် အသက် ၂၈ နှစ်​အောက် လူငယ်များဟာ Gen-Z တွေပဲ။ သူတို့ တက္ကသိုလ် စတက်တဲ့အချိန်မှာ ဒီမိုကရေစီ အပြောင်းအလဲ စဖြစ်တယ်။ တင်းပြည့်ကျပ်ပြည့် မဟုတ်သည့်တိုင် တက္ကသိုလ် ပညာရေးမှာ ပြောင်းလဲမှုတွေတော့ ရှိလာတယ်။ သမဂ္ဂတွေ ပြန်ပေါ်လာတယ်။ ဆိုရှယ်မီဒီယာတွေ၊ အင်တာနက်တွေနဲ့ အထိအတွေ့များလာတယ်။ အမြင်ကျယ်လာတယ်။

[In reply to Zenith]
ရှေ့တစ်ဆက် ဖြစ်တဲ့ ကျွန်တော်တို့နဲ့ပဲ ယှဉ်ရင်တောင် သတ္တိပိုရှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို နတ်နေကိုင်းခေါင်းဆောင်ကိုလည်း ဝေဖန်ဖို့ ဝန်မလေးဘူး။ ဘာသာရေးကို မေးခွန်းထုတ်ဖို့လည်း မတွန့်ဆုတ်ဘူး။ ကိုယ်ရည်ကိုယ်သွေးကအစ ကွာလာတယ်။ အမြင်လည်း ကျယ်တယ်။ ဖိုဝါဒ၊ လူမျိုးကြီးဝါဒတွေကို နားလည်လာကြတယ်။ K-word ကို မသုံးသင့်တဲ့အကြောင်း၊ Body shaming လုပ်တာဟာ ရှက်စရာကောင်းကြောင်း သိလာကြတဲ့ မျိုးဆက် ဖြစ်တယ်။

◾️အားနည်းချက်ကတော့ ရှေ့မျိုးဆက်တွေနဲ့ ယှဉ်ရင် စိတ်ရှည်သည်းခံနိုင်မှု (Patience) မှာ အားနည်းတယ်။ 4G ခေတ်မှာ လူဖြစ်လာကြတော့ အဝိုင်းလည်တာကအစ စိတ်မရှည်တာ။ ဖြည်းဖြည်းဆေးဆေး NUG နဲ့လည်း တွေ့ရော၊ ပြီးပါလေရော။

တင်းတိမ်ရောင့်ရဲမှုမှာ အားနည်းတယ်။ သွားစရာ၊ လာစရာ၊ လည်စရာ၊ ပတ်စရာ၊ သုံးစရာ၊ စွဲစရာ မကုန်နိုင်တဲ့ ခေတ်မှာ နေရတာကိုး။ ဒီတော့ အများနဲ့ ယှဉ်ပြီး သိမ်ငယ်စိတ် များတာ၊ မကျေနပ်စိတ် များတာကလည်း ဒီမျိုးဆက်မှာ ပိုဆိုးတယ်။

နောက်တစ်ခုက အလုပ်အတွေ့အကြုံ မရှိသေးဘူး။ စီမံခန့်ခွဲမှုသဘောကို တစ်ခါတလေမှာ နားလည်မပေးနိုင်တာတွေ ရှိတယ်။ ကျွန်တော်တို့ အလုပ်စလုပ်တုန်းကလည်း ဒီလိုပါပဲ။ ပြောပစ်လိုက်မယ်၊ တောင်းဆိုပစ်လိုက်မယ်၊ ဝေဖန်ပစ်လိုက်မယ်ပေါ့။ နောက်ပိုင်း Management Position တွေ ရောက်လာမှပဲ တချို့အရာတွေ ပိုသဘောပေါက်လာတာ။

ဒါက မျိုးဆက်တွေကို ခြုံငုံပြီး သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ ခေတ်ကနေ ပုံသွင်းလိုက်တာတွေပေါ့။

◾️အမေရိကန်မှာတော့ ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှာ မွေးတဲ့သူကို ကံမကောင်းတဲ့ မျိုးဆက် (Demographically unlucky generation) လို့ စာအုပ်ထဲ ပြောထားတယ်။ ဘာလို့ဆိုတော့ သူတို့ ကျောင်းပြီးလို့ အလုပ်လုပ်မဲ့အချိန်မှာ ကမ္ဘာ့စီးပွားပျက်ကပ် ကြုံတယ်။ နောက် မကြာဘူး။ ဒုတိယကမ္ဘာစစ် ဖြစ်တယ်။ အဲဒါတွေ အားလုံးပြီးသွားတဲ့အချိန်မှာ အသက်က ၄၀ ကျော်နေပြီ။ ဘာမှ လုပ်မရတော့ဘူး။

ကျွန်တော်တို့နိုင်ငံကတော့ အားလုံးဟာ သူ့ဟာနဲ့သူ ကံဆိုးကြတယ်ပဲ ပြောရမယ်။ အဖိုးအဖွားတွေလည်း အဖိုးအဖွားတွေအလျောက်၊ မိဘတွေလည်း မိဘတွေအလျောက်၊ အခု Gen-Z တွေလည်း Gen-Z တွေအလျောက်။ ဘာလို့ဆိုတော့ လွတ်လပ်ရေး ရပြီးကတည်းက စစ်တပ်ကပဲ အာဏာယူထားတာကိုး။ တခြားတိုင်းရင်းသားတွေဆိုရင် ပိုတောင်မှ ဆိုးလိမ့်ဦးမယ်။

ဒါတွေက ခုလက်ရှိထိ ဖြစ်နေတာတွေပေါ့။ နောက်ဆုံးမျိုးဆက်တစ်ခု ကျန်သေးတယ်။ အဲဒါက ၂၀၁၃ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ Generation Alpha တွေပဲ။

◾️သူတို့ကရော ကံကောင်းတဲ့မျိုးဆက် ဖြစ်လာမလား။ ကံဆိုးတဲ့မျိုးဆက် ဖြစ်လာမလား။

အဲဒါက ခုလက်ရှိ တော်လှန်ရေးရလဒ်အပေါ် အများကြီး မူတည်နေတယ်။

◾️ရှုံးသွားတယ်ဆိုပါတော့။ စစ်တပ်ကလည်း နောက်တစ်ကြိမ် အမှားထပ်လုပ်တော့မှာ မဟုတ်ဘူး။ ရှေ့ ၁၀ နှစ် နည်းနည်းလေး ဟပေးလိုက်တာ လူတွေက ပညာတွေတတ်၊ လွတ်လပ်ရေးရဲ့ အရသာကို နားလည်၊ အမြင်တွေ ကျယ်ကုန်တယ်။ အဲဒါနဲ့ ခုထိကို ဖိနှိပ်မရ၊ ထိန်းချုပ်မရ ဖြစ်နေတာပဲ။ ဒါကြောင့် ဒီတစ်ကြိမ် အာဏာသိမ်းမှု အောင်မြင်သွားရင် သားစဉ်မြေးဆက် စစ်တပ်ကပဲ အုပ်ချုပ်နိုင်အောင် စီမံတော့မှာပဲ။

ဒါဆို ခု အသက် ၁၀ နှစ်အောက် ကလေးတွေဟာ ရှေ့မျိုးဆက်တွေထက်တောင် အညွှန့်တုံးသွားဖို့ များတယ်။

◾️တကယ်လို့ နိုင်သွားမယ် ဆိုရင်တော့ နောက် နှစ် ၂၀ လောက်မှာ တိုင်းပြည်က တူတူတန်တန် ဖြစ်လာလောက်တယ်။ ဒါဆို အဲဒီအချိန် အသက် ၃၀ ဝန်းကျင် ဖြစ်နေမဲ့ လူငယ်တွေက ဒီအသီးအပွင့်ကို ခံစားရမယ်။ ဘယ်သူတွေလဲဆို ၂၀၁၃ နောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ Generation Alpha ကလေးလေးတွေပဲ ဖြစ်ပါတယ်။

ဒီလိုမြင်လိုက်ရင် တော်လှန်ရေးက အတော်လေး ရင်ခုန်စရာ ကောင်းတယ်။ နောက်လူတွေက သမိုင်းအဖြစ် ပြန်ပြောကြမဲ့ ဖြစ်စဉ်ကြီးမှာ ကိုယ်တိုင်က ပါဝင်ပတ်သက်နေရတာ။ အနိုင်အရှုံးကတော့ တစ်ကဏ္ဍပေါ့။ ကိုယ်တစ်ယောက်တည်းလည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ သို့သော် နောက်မျိုးဆက်က ကံကောင်းတဲ့သူတွေ ဖြစ်လာမလား၊ ကံဆိုးတဲ့သူတွေ ဖြစ်လာမလား ဆိုတာကို အဆုံးအဖြတ်ပေးမဲ့ ဖြစ်စဉ်ကြီးက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ရှိနေတာ။

“၂၀၁၃ နောက်ပိုင်း မွေးဖွားခဲ့တဲ့ ဒီမျိုးဆက်က ကံအကောင်းဆုံးပဲ၊ ဘာလို့ဆိုတော့ ၂၀၂၁ မှာ နွေဦးတော်လှန်ရေးဖြစ်ပြီး မြန်မာပြည်က လမ်းကြောင်းမှန်ပေါ် ရောက်လာခဲ့တာကိုး” ဆိုတဲ့ အချိုးအကွေ့မျိုးကို ဖန်တီးနေကြရတာ ဖြစ်ပါတယ်။

◾️အများကြားဖူးနေကျ စကားအတိုင်းပဲ ပြောရရင်တော့ ဘယ်ခေတ်၊ ဘယ်ကာလ၊ ဘယ်နှခုနှစ်မှာ မွေးဖွားချင်တယ် ဆိုပြီး ရွေးချယ်လို့ မရပါဘူး။ ဒါပေမဲ့ ကိုယ်ဖြတ်သန်းနေရတဲ့ ခေတ်ကြီးကို ဘယ်လိုပြောင်းလဲမှုတွေ လုပ်သွားမယ်၊ နောက်မျိုးဆက်အတွက် ဘယ်လိုအခြေအနေကောင်းတွေ ဖန်တီးပေးခဲ့မယ် ဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၅.၂၀၂၃

Ref: The Outliers – Malcolm Gladwell


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

5 responses to ““ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )”

  1. ဆရာဖြိုးရေးသမျှထဲမှာ သဘောအကျဆုံး ဆောင်းပါးတစ်ပုဒ်ပါ။
    တလရ ကို ပိုပြီး အဓိပ္ပါယ်ပြည့်ဝသွားစေပါတယ်။
    အားလည်း ပိုဖြစ်ရပါတယ်။
    ဒါတွေ ဖတ်ဖြစ်အောင် အက်ပ် ဖန်တီးတဲ့ ဆရာဇေ ရော၊ ဆရာဖြိုး ရော ကျေးဇူးတင်ပါတယ်။

    Liked by 1 person

  2. သိပ်ကောင်းတဲ့ ဆောင်းပါးလေးပါပဲ ပြန် share ပါရစေ ဆရာ

    Like

Leave a reply to Lin Myat Cancel reply