ညီမလေးနဲ့ နိုင်ငံတော် ( သင့်သူ )

` ညီမလေးနဲ့ နိုင်ငံတော် “
••••••••••••••••••••••••••••••

ညီမလေး ကြည်သာအေးချမ်းကို ဆက်သွယ်တဲ့အခါ
အကိုပြန်လာပါလားတဲ့။

ညီမလေးရေ
အကို့ညီမလေး ကြည်သာအေးချမ်းရေ
အကိုပြန်လာချင်တာပေါ့
အကိုရွာကိုလွမ်းတဲ့အခါ အညာကိုပြေးပြေးမြင်တယ်။
အကိုသိပ်နာတာပဲ။

ကိုယ့်အတ္တကိုယ်မီးမြှိုက် ဒီခေတ်ကြီးထဲ ရှိုက်ရှိုက်ပြရတာ ရင်တွေသိပ်နာတယ်။
ခေတ်ပညာတွေဟာ တောနဲ့မဆိုင်ကြောင်း
သေနတ်နဲ့မဆိုင်ကြောင်း
ကျည်ဆံတစ်တောင့်ဟာ ပညာတတ်တစ်ယောက်ကိုလည်းသေစေတယ်။
ကျွန်ရူးတစ်ကောင်ကိုလည်းသေစေတယ်။
မညီမျှတဲ့အကြောင်းတဲ့။

ညီမလေးရေ
ကြည်သာအေးချမ်းရေ
ကမ္ဘာကြီးက စောင်းနေတယ်။
မြန်မာပြည်ကပိုစောင်းတယ်။
နှစ်ပေါင်းများစွာ လူညစ်ကျယ်တွေနဲ့ အုပ်ချုပ်ရေးဟာစောင်းနေတယ်။
ပညာရေးဟာစောင်းနေတယ်။
လူ့အခွင့်ရေးဟာ တစ်ခြမ်းစောင်းနေတယ်။
ဒီတစ်ခြမ်းစောင်းနေတဲ့ နိုင်ငံထဲ ငါ့ညီမလေးကို ဘယ်ထားခဲ့ရက်မလဲ။

ညီမလေးက ခရမ်းပြာတွေကြိုက်တယ်ပြောလို့
တောထဲက ပျဉ်းမပွင့်တွေ ဖုန်းနဲ့ ရိုက်ပြီးပို့လိုက်တယ်။
ကြည်သာအေးချမ်းလေး အေးချမ်းပါစေကွယ်။
ညီမလေးက အဝါရောင်ကြိုက်တယ်ဆိုလို့
စစ်ဘေးရှောင်သွားတဲ့ လူမရှိတဲ့ ရွာထဲကဖြတ်ရတုန်း အိမ် ခြံစည်းရိုးမှာစိုက်တဲ့ ပုဏ္ဏရိပ် အဝါရောင်လေးလည်း ပို့ပေးလိုက်တယ်။
ကြည်သာအေးချမ်းလေး ငြိမ်းချမ်းပါစေကွယ်။

ညီမလေး
သခင်သန်းထွန်းရဲ့အကြောင်းတွေလည်းမဖတ်နဲ့
ချီဂွေဘားရားအကြောင်းလည်းမဖတ်နဲ့
မဟတ္တမ ဂန္ဓီအကြောင်းလည်းမဖတ်နဲ့။
နယ်ဆင်မန်ဒဲလားအကြောင်းလည်းမဖတ်နဲ့။
ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်းမဖတ်နဲ့။
ဟံသာဝတီဦးဝင်းတင်အကြောင်းလည်းမဖတ်နဲ့။
အကိုလည်း မဖတ်နဲ့ဆိုတာတွေဖတ်ပြီး
မလုပ်နဲ့ဆိုတာတွေကြီး လုပ်ချင်ခဲ့တာ။

မဖတ်နဲ့ဆို မဖတ်နဲ့ညီမလေးရဲ့
အဖေပြောသလို အကိုက
ကြည်သာအေးချမ်းလေးကို ချစ်လို့ပါဆိုတဲ့စကားနဲ့ မျက်စိတွေပိတ်ပစ်ချင်တာ။
သိတာများလေး ပူလောင်လေပဲ ညီမလေး။
ညီမလေးမသိတာများရင် ပူလောင်တာတွေ လျော့မလားလို့အကို အတ္တကြီးမိတာပါ။

ညီမလေးရေ
ကြည်သာအေးချမ်းရေ
ငါ့အကိုက တောထဲမှာ ငါကဘာလို့ကျောင်းတက်ရမလဲ ဆိုတဲ့ စိတ်မျိုး။
ငါ့အကို‌က ဒီလိုပြောခဲ့တာ
ငါကဘာလို့ကြောက်ရမတုန်း ဆိုတာမျိုး
ကြားရရင်လေ အကို့မှာ နာနာကျင်ကျင် အားတွေဖြစ်ရတာ။
အကိုက ဒီနိုင်ငံထဲလူဖြစ်ရှုံးတယ်ဆို
ငါ့ညီမလေးက ဒီနိုင်ငံထဲ ရေတိမ်နစ်တာပါ။

ညီမလေးကို လွမ်းရင်
ကြည်သာအေးချမ်းလေးကို လွမ်းရင်
စစ်ဘေးရှောင်စခန်းက ညီမလေးတွေကို ကြည့်ပြီး
စိတ်အနာကို ဖြေရတယ်။
ပိုပြီးအားတင်းရတာပေါ့။
ဒီဘဝမှာ အကိုဟာ ညီမလေးအပေါ် တာဝန်မကျေတဲ့
ပညာတတ်လူမိုက်တစ်ယောက်ပေါ့။
ချစ်တဲ့စိတ်နဲ့လည်း အကို့ကိုခွင့်မလွှတ်နဲ့နော်။

အကို့စိတ်ထဲ နိုင်ငံတော်ရယ်
ညီမလေးရယ် ကိုစောင့်ရှောက်ခွင့်ရချင်တာပါ။
ညီမလေးက ဒီကာလကြီးထဲ့ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။
တိမ်တွေကို ချစ်ပါ။
တောင်တွေကိုချစ်ပါ။
ဂီတကိုချစ်ပါ။
ပန်းတွေကိုချစ်ပါ။
ကိုယ့်မြေကိုယ့်ရေ ကိုချစ်ပါ။
အကိုမချစ်ပေးနိုင်တဲ့ နေ့တွေမှာ ကိုယ့်ကိုယ်ကိုပိုချစ်ပေးပါ။

ညီမလေးရေ
ကြည်သာအေးချမ်းရေ
အကိုပြန်လာပါလားလို့ ခဏခဏ ‌မပြောတော့ဘူးမလား။
အကိုပြန်မလာတဲ့အခါလည်း အကို့ကိုမရှာနဲ့နော်။
အမှန်တရားကိုလည်းမရှာနဲ့။
‌အမှန်တရားက ခါးသမှ သိပ်ခါး။
ဆောင်းတွင်းကြီးလည်းပူရတယ်။
နေ့ခင်းကြီးလည်း ကြောက်နေရတတ်တယ်။
ထမင်းမဝတာရော ရေငတ်တာရော
ကျင်းထဲမှာ အိပ်ရတာရော
အို —
အမှန်တရားက ဒီနှစ်နှစ်မှာ သိပ်ခါးတာညီမလေးရဲ့။
ဘယ်လောက်ခါးဦးမယ် မသိရ‌သေးပါဘူး။

စက်ဘီးကလေးနဲ့
သနပ်ခါးလေးနဲ့
ကျောင်းစိမ်းလေးနဲ့
ကြည်သာအေးချမ်းလေး
ငါ့ညီမလေးကို လွမ်းလိုက်တာ။

ပန်းချီဆွဲတော်တဲ့ ငါ့ညီမလေးက
ပန်းချီဆရာမကြီး လုပ်ပေါ့။
ဒီနိုင်ငံ တော်လှန်ရေးကားချပ်ကြီးထဲ အကိုက အနီရောင်
သွေးတွေ ဆေးစက်ချနေရဦးမယ်ထင်တယ်။

ညီမလေးကြည်သာအေးချမ်းကို ဆက်သွယ်တဲ့အခါ
အကိုပြန်လာပါလားတဲ့။

နိုင်ငံရော
ငါ့ညီမလေးရော
ကြည်သာအေးချမ်းတဲ့အခါ အကိုဟာလည်းပြန်လာကောင်းပါရဲ့ကွယ်။

  • သင့်သူ

တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ စာတွေ Facebook မှာ ပိုပြီး ပျံ့နေစေနိုင်ဖို့
မူရင်း Post ကို ဒီလင့် မှာ
RCS ( React , Comment , Share ) လုပ်ပေးနိုင်ပါတယ် ။



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


7 responses to “ညီမလေးနဲ့ နိုင်ငံတော် ( သင့်သူ )”

  1. အရေးလည်း ကောင်း
    အသံလည်း မိူက်တဲ့ ရဲဘော်သင့်သူပါ။ ်

    (Asonethat ကို များများထည့်ပေးပါဆရာ)

    Like

Leave a reply to Nawzar Khaing Cancel reply