ဖြိုးသီဟ ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ( ဒေါက်တာ ဖြိုးသီဟ )

◾️ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေလို့ ပြောရင် ဘယ်သူတွေများ ဖြစ်မလဲ။ တခြားသော စာရေးဆရာတွေ၊ Trainer တွေ ဖြစ်မှာပေါ့။ ဒါတောင် အသေးစိတ် ခွဲလို့ ရသေးတယ်။ Fitness Trainer သည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ နိုင်ငံရေး စာရေးဆရာသည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ လိုင်းမှ မတူတာပဲကိုး။

သို့သော် ဒီခေတ်ကျ အဲ့ဒီလို စဉ်းစားလို့ မရတော့ဘူး။

◾️လူတွေမှာ တစ်နေ့ကို ၂၄ နာရီ ရှိကြတဲ့အထဲ ပျမ်းမျှအားဖြင့် အိပ်ချိန် ၆ နာရီ၊ အလုပ်ချိန် ၈ နာရီ၊ လမ်းပေါ် အချိန်ကုန်တဲ့ ၂ နာရီ ဖယ်လိုက်ရင် ၈ နာရီ ကျန်မယ်။ ဂျက်မားရဲ့ စကားနဲ့ ပြောရရင်တော့ အဲဒီလက်ကျန် ၈ နာရီမှာ ဘာလုပ်သလဲ ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကို ကွာခြားသွားစေတာပဲ။

တချို့က စာဖတ်မယ်။ တချို့က ရုပ်ရှင်ကြည့်မယ်။ တချို့က ဘီယာဆိုင်ထိုင်မယ်။ တချို့က ဖေ့စ်ဘွတ်သုံးမယ်။ အားကစားလုပ်မယ် စသဖြင့် စသဖြင့် ဒီ ၈ နာရီကို အသုံးပြုနေကြတယ်။

ဒါကြောင့် Time management ဆိုတာ မရှိဘူး။ Attention management ပဲ ရှိတယ်လို့ ပြောတာ။ ဒီ ၈ နာရီကတော့ သူ့ဟာသူ ကုန်သွားမှာပဲ။ ဒီအတောအတွင်း ကိုယ် ဘယ်အရာကို အာရုံစိုက်မလဲ ဆိုတာသာ စီမံလို့ ရတာပါ။

ကျွန်တော်တို့တွေဟာ တကယ်တော့ အဲဒီ ၈ နာရီကို ဝိုင်းလုနေကြရတဲ့သူတွေ ဖြစ်တယ်။ ဒီ ၈ နာရီမှာ ကိုယ့်ကို အာရုံမစိုက်စိုက်အောင် ကြိုးစားနေကြရတယ်။

◾️ကြည့်ပါ။ Netflix ကလည်း သူ့ဆီက ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ကြည့်အောင်၊ စီးရီးတွေ တစ်ပိုင်းပြီးတစ်ပိုင်း ကြည့်အောင် ဆွဲဆောင်နေတယ်။ Facebook ကလည်း သူ့ဆီကနေ ခွာမသွားနိုင်အောင် AI နဲ့ လုပ်ထားတယ်။ ကိုယ်စိတ်ဝင်စားမှာတွေကို တစ်ခုပြီးတစ်ခု ပြပေးနေတယ်။ ဂိမ်းတွေကလည်း မစလိုက်နဲ့၊ စလိုက်တာနဲ့ မဆော့ဘဲ မနေနိုင်တော့အောင် လုပ်ထားတယ်။

ဒါကြောင့်မို့ အားလုံးဟာ ကိုယ့်ရဲ့ ပြိုင်ဘက်တွေလို့ ပြောရမှာ ဖြစ်ပါတယ်။

◾️ကျွန်တော်ဟာ ကိုယ့်ရဲ့ စာကို စာဖတ်သူတွေ အချိန်ပေးပြီး ဖတ်ဖို့၊ အာရုံစိုက်ဖို့ Netflix နဲ့လည်း ပြိုင်ရတယ်။ YouTube နဲ့လည်း ပြိုင်ရတယ်။ Premier League နဲ့လည်း ပြိုင်ရတယ်။ အဲဒါတွေကိုပဲ အာရုံစိုက်နေကြမယ်ဆို ကျွန်တော့်စာကို ဖတ်ဖို့ အချိန်ရကြတော့မှာ မဟုတ်ဘူးကိုး။

တကယ်တော့ မင်းက စာရေးနေတာ မဟုတ်ဘူး။ Vlog လုပ်နေတာ မဟုတ်ဘူး။ ဓါတ်ပုံရိုက်နေတာ မဟုတ်ဘူး။ ဈေးရောင်းနေတာ မဟုတ်ဘူး။ Attention ကို ဝိုင်းလုနေကြရတာသာ ဖြစ်တယ်ပေါ့။ ပြောရရင် အားလုံးဟာ Attention seeker တွေပါပဲ။

ဒီအတွက် ဗီဒီယိုဆို အတိုလေးတွေပဲ ရိုက်ကြတယ်။ ပို့စ်တွေဆိုလည်း ခပ်တိုတို။ စာအုပ်ဆို အနှစ်ချုပ် ဖတ်ထားတာကိုတောင် ပြန်ရောင်းနေကြပြီ။ စီးရီးတွေတောင် အရင်ခေတ်ကလို ရာနဲ့ချီ ရိုက်တာ အတော်ရှားသွားပြီ။ အများစုက ၁၆ ပိုင်းလောက်ပဲ။ ဘာလို့ဆိုတော့ လူတွေမှာ Attention ပေးစရာက များလွန်းလာတဲ့အခါ တစ်ခု တစ်ခုကို အများကြီး မပေးချင်တော့ဘူး။ ဒါကြောင့် ရေစီးကြောင်းကို လိုက်ပြီး တိုလေ မြန်လေ ကောင်းလေ ဆိုတာမျိုးပဲ လုပ်ကြတော့တယ်။

◾️အဲဒီလို Attention business ထဲမှာ တော်လှန်ရေးက အချိန်တစ်ခုလည်း ကြာလာရော ပျောက်ကွယ်လုနီးပါး ဖြစ်လာတယ်။ ဘာလို့ဆိုတော့ ပျော်စရာ မကောင်းဘူးလေ။ The PDF Game လို၊ P2D လို App တွေက တော်သေးတယ်။ Tha Din တို့၊ C2D တို့ကျ Attention ရစရာ မရှိဘူး။ ပို့စ်တွေဆိုလည်း ပွဲဖြစ်နေတဲ့ ကိစ္စတွေမှာ ဝင်မန့်ရတာ ပျော်စရာ ကောင်းတာပေါ့။ တော်လှန်ရေးပို့စ်တွေမှာ RCS လုပ်ရတာက ပျင်းစရာကြီးလေ။

ဒါကြောင့် Myanmar Celebrity လို ပေ့ချ်ဟာ တခြားသူ့လို အလားတူ ပေ့ချ်တွေအတွက်ပဲ ပြိုင်ဘက်ဖြစ်တာ မဟုတ်ဘူး။ တော်လှန်ရေးအတွက်လည်း သူဟာ ပြိုင်ဘက်ပဲ။ ဘာလို့ဆို သူ့ဆီက အင်တာဗျူးတစ်ခုကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ကြည့်နိုင်ပေမဲ့ တော်လှန်ရေးအတွက် YouTube Video လေး ကြည့်ပါဆို စိတ်မှ မဝင်စားတော့တာ။ ရတဲ့ ၁၅ မိနစ် MC ကို ပေးလိုက်ပြီကိုး။

ဒီလိုပဲ၊ နာမည်မှာ ဘာပါရင် အလကားယူ ဆိုတဲ့ ပို့စ်တွေ၊ အိမ်ထောင် ဇာတ်ကားလို အကြောင်းအရာတွေကလည်း ပြိုင်ဘက်ပဲ။

တော်လှန်ရေးနဲ့ ဘာဆိုင်လဲ မဟုတ်ဘူး။ ဆိုင်တယ်။ Attention ကို ဝိုင်းလုနေကြရလို့ ဖြစ်ပါတယ်။

◾️လူတွေမှာ စိတ်ထွက်ပေါက် လိုတယ်။ ပျော်စရာ လိုတယ်။ ဖျော်ဖြေရေး လိုတယ် ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် အာရုံစိုက်သင့်တာကိုလည်း စိုက်ဖို့ လိုတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း လူအများ စိတ်မဝင်စား ဝင်စားအောင် ကြိုးစားနေကြတာ သတိထားမိမှာပါ။ ဒါပေမဲ့ သူ့သဘောသဘာဝကိုက အညှီအဟောက်ကိစ္စတွေ၊ အတင်းအဖျင်းတွေ၊ ဖျော်ဖြေရေးတွေလောက်တော့ စိတ်ဝင်စားစရာ မရှိဘူးလေ။ ဒီအတွက် တသီးတသန့် အာရုံစိုက်ပေးနိုင်ဖို့တော့ လိုပါလိမ့်မယ်။

◾️ကျွန်တော်တို့လို လူတွေတောင် Newsfeed ပွတ်လိုက်လို့ ၁၅ ပို့စ်လောက်မှာမှ တစ်ခါ တော်လှန်ရေးအကြောင်း မြင်နေရတဲ့အခါ စိတ်ဓါတ်ကျချင်လာတယ် ဆိုရင် လိုင်းမကောင်းလို့ တောင်ပေါ်တက် သုံးရတဲ့ ရဲဘော်တစ်ယောက်သာဆို ပိုတောင်မှ ဆိုးပါလိမ့်ဦးမယ်။ Don’t judge a book by its cover လို့ လာမပြောပါနဲ့။ Judge လုပ်စရာ ဒီ Book cover ပဲ ရှိတော့ ဒါနဲ့ပဲ Judge လုပ်ရမှာပါပဲ။

သေချာစဉ်းစားကြည့်ရင် ဒါသည် Psy-war တစ်ခုလို့တောင် ဆိုနိုင်တယ်။ တဖြည်းဖြည်း စိတ်ဓါတ်ကျစရာ ဖြစ်လာတာကိုး။ ငါတို့ပဲ ဆက်လုပ်နေသေးတာလား၊ ဘယ်သူကမှ မကူတော့ဘူးလား၊ ဒီလိုအတွေးတွေ ဝင်လာစေနိုင်တယ်။

ဖေ့စ်ဘွတ်ကို ကြည့်ပြီး တော်လှန်ရေးကို အကဲဖြတ်လို့ မရတာ မှန်ပေမဲ့ ကမ်ပိန်းပို့စ်တွေကို လူမမြင်တော့တာ၊ စိတ်မဝင်စားတော့တာကလည်း အသေအချာပါပဲ။ ခုနောက်ပိုင်း ကမ်ပိန်းမှန်သမျှ ရက်ထပ်တိုးနေရတာသာ ကြည့်တော့ပေါ့။

◾️ဂျက်မားရဲ့ စကားလို ကိုးကားပြောရရင်တော့ လက်ကျန် ၈ နာရီအတွင်းမှာ တော်လှန်ရေးအတွက် အချိန်ဘယ်လောက် ဖဲ့ပေးသလဲ၊ တစ်နည်းအားဖြင့် ဘယ်လောက် အာရုံစိုက်သလဲ ဆိုတာက နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်နေ့တာထဲက အနည်းဆုံး ၁၅ မိနစ်တော့ Click လုပ်ပါ။ ဆိုရှယ်မီဒီယာ သုံးချိန်ထဲကနေ အနည်းဆုံး ၁၅ မိနစ်လောက်တော့ တော်လှန်ရေးသတင်းတွေကို ဖတ်ပါ။ RCS – React/ Comment/ Share လုပ်ပါ။ တစ်လစာထဲကနေ ဝင်ငွေပမာဏတစ်ခုကို ပုံမှန်ထည့်ဝင်ပါ။

အဲဒီလို တစ်ကိုယ်စာ Attention Management, Financial Management တွေကို သေချာလုပ်ပြီး ဆက်လက်ပါဝင်ပေးကြပါလို့ တိုက်တွန်းပါရစေခင်ဗျ။

ဒေါက်တာ ဖြိုးသီဟ
၂၃.၅.၂၀၂၃


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

20 responses to “ဖြိုးသီဟ ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ( ဒေါက်တာ ဖြိုးသီဟ )”

    • ဆရာ့စာတွေကို ဖတ်ရတာ တကယ်ကို စိတ်ခွန်အား ဖြစ်ရပါတယ်🥰

      Like

  1. ဆရာ့စာတွေက တကယ်အကျိုးရှိပါတယ် ကျေးဇူးပါ

    Like

  2. ပုံမှန်ကလစ်ပါတယ် အချိန်ရသလောက်ပေါ့ လစဉ်လဲ နိုင်သလောက်ထေါက်ပို့ပါတယ် တတ်စွမ်းသမျှလုပ်နေပါတယ် နိုင်ငံသားတစ်ယောက်ပီသစွာ

    Liked by 1 person

  3. နိုင်သလောက်တော့ထောက်ပို့ပါတယ်ဆရာတို့ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်ဆန္ဒတွေပြည့်ကြပါစေမဝေးတော့တဲ့အချိန်မှာပျော်ရွှင်မှုတွေရောက်တော့မှာလို့အမြံယုံကြည်ပါတယ်

    Like

Leave a reply to Lola Cancel reply