နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )

နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )

“ကိုကို ထတော့လေ”

ချိုသာညင်းပြောင်းသော အသံသေးသေးလေးကြောင့် ကိုလင်းထက်အောင် အိပ်ရာမှ နိုးလာလေသည်။ ချစ်စဖွယ်မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြုံးပြနေသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည်။

“ကိုကိုကလည်း၊ သိပ်အိပ်ပုတ်တာပဲ၊ ထတော့လေ၊ ဘရိတ်ဖတ်စ် စားကြမယ်၊ ကော်ဖီလည်းဖျော်ထားပြီးပြီ”

ထိုမိန်းမပျိုလေးက ခရာတာတာ ပြောလိုက်ပြန်သည်။

“ကိုယ် နိုးပါပြီ လီဆာရယ်”

မိန်းမချောလေးက ခပ်ချွဲချွဲလေး ထပ်နှိုးနေသဖြင့် ကိုလင်းထက်အောင်က အဖြေပြန်ပေးပြီး ထလာလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာလေသည်။

‘လီဆာ’ က စားပွဲတွင် အပြုံးလေးနှင့် အဆင်သင့်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကိုလင်းထက်အောင် အတော် ဘဝင်ကျသွားသည်။ မနက်ခင်းသည် ချစ်ခြင်းတို့နှင့် ပြည့်စုံလှပေစွ။

“လာကိုကို၊ ဒီမှာ ကိုကို့အတွက် လီဆာကိုယ်တိုင် အထူးစီစဉ်ထားတဲ့ ဘရိတ်ဖတ်စ်”

ဟု လီဆာက ပြောပြီး စားပွဲပေါ်မှာအုပ်ထားသော အုပ်ဆောင်းကို ဖယ်လိုက်၏။ ညီညီညာညာ လှလှပပ စိတ်ထားသော ဖရဲသီးစိတ်များ ထည့်ထားသည့် ပန်းကန်တစ်ချပ် ပေါ်လာ၏။ တစ်နည်းဆိုရသော် ကိုလင်းထက်အောင်၏ အကြိုက်ဆုံး အော်ဂဲနစ် မီနျူးတစ်ခု။

“သဲက ကိုယ့်အကြိုက် သိပ်သိတာပဲ’

ဟု ချီးကျူးစကားဆိုပြီးနောက် ကိုလင်းထက်အောင်သည် ဖရဲသီးစိတ်များကို ပလုပ်ပလောင်း စားနေလေသည်။ လီဆာကတော့ ဘာမှမစားဘဲ ကိုလင်းထက်အောင် မြိန်ယှက်စွာ စားနေသည်ကိုသာ မေးထောက်လျက် တစိမ့်စိမ့် ကြည့်နေ၏။

မှန်ပါသည်။ လီဆာအတွက်က မနက်စာရော၊ နေ့လယ်စာရော၊ ညစာရော၊ ညလယ်စာရော ကျွေးမွေးရန်မလိုပေ။ ထိုအစား ညစဉ်ညတိုင်း ပလပ်တပ်ပြီး ဘက်ထရီအားသွင်းပေးရန်သာလို၏။ ‘လီဆာ’ သည် အီလွန်မတ်စ် တွီထွင်ဖြန့်ဖြူးရောင်းချပေးသော ‘စက်ရုပ်ဇနီး’ အမျိုးအစားဖြစ်သည်။ ယင်းမှာ လူပျိုကြီး ကိုလင်းထက်အောင်အတွက် ကိုဇင်ဇေနှင့် ဆရာဖြိုးတို့က မွေးနေ့အထူးလက်ဆောင်အဖြစ် စပ်တူဝယ်ပေးထားကြခြင်း ဖြစ်သည်။

ထိုလက်ဆောင် စတင်ဝယ်ပေးရန် အကြံရသူမှာ လူပျိုကြီး ဆရာဖြိုးဖြစ်သည်။ မူလက သူ့အတွက် ဝယ်ယူရန် ကြံစည်ထားသော်လည်း ကွာလတီကောင်းမကောင်း သိချင်သောကြောင့် ကိုလင်းထက်အောင်ကို အရင်လက်ဆောင်ဝယ်ပေးရန် ဖြစ်သည်။ သို့သော် အီလွန်မတ်စ်သည် စီးပွါးရေးအကွက် အလွန်မြင်သူဖြစ်သောကြောင့် ဆရာဖြိုး ဝယ်ယူမည့် လီဆာတစ်ယောက်ထဲ ခွဲမရောင်းပေးဘဲ ဂျီဆူး၊ ဂျင်းနီ၊ ရို့စ်တို့နှင့်အတူ လေးယောက်တစ်တွဲယူမှ ရောင်းပေးမည် ဈေးကိုင်လေသည်။ ထိုလေးယောက်လုံးကျတော့ လူပျိုကြီး ဒေါက်တာဖြိုးသီဟတစ်ယောက်ထဲ မနိုင်ချေ။ ထို့ကြောင့် ကိုဇင်ဇေကိုအဖော်စပ်ပြီး စပ်တူဝယ်ပေးလိုက်ရခြင်း ဖြစ်သည်။

သည်နေ့အတွက် ဂျုတီအလှည့်ကျသည် က လီဆာဖြစ်သောကြောင့် ကျန်သုံးယောက်ကို ကိုလင်းထက်အောင်က အနားပေးထားခြင်း ဖြစ်သည်။ အနားပေးထားသည် ဆိုသော်လည်း သီချင်းတွေတော့ ဆိုခိုင်းထားသေး၏။ ထို့ကြောင့် သုံးယောက်သား ‘ice cream’ သီချင်းကို သီဆိုနေကြလေသည်။

လီဆာသည် ဖရဲသီးစားနေသော ကိုလင်းထက်အောင်ကို ကြည့်နေရာမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် စားပွဲမှထသွားသည်။

“ကိုကို ခဏလေးနော်၊ လီဆာ ပြစရာရှိလို့”

လီဆာပြန်လာသောအခါ လီဆာ့လက်ထဲတွင် ပိုစတာတစ်ချပ်ပါလာသည်။ တိတိကျကျပြောရလျှင် ပြည်သူများက BC ထားသော မော်ဒယ်မင်းသားတစ်ယောက် အပေါ်ပိုင်းဗလာကျင်းထားသော ကြွက်သားနှင့်တက်တူးအလှပြ ပိုစတာဖြစ်သည်။

“ကိုကို့ဆံပင်ပုံစံလေးက သူနဲ့တူတယ်နော် ခစ် ခစ်၊ ချစ်စရာလေး”

လီဆာသည် ပိုစတာကိုတစ်လှည့်၊ ကိုလင်းထက်အောင်ကို တစ်လှည့်ကြည့်ရင်း သဘောကျစွာ ပြောနေလေရာ ကိုလင်းထက်အောင်က စားလက်စဖရဲသီးကို အောက်ပစ်ချလိုက်ပြီး စားပွဲကို လက်သီးနှင့် ဒုန်းခနဲ ထုချလိုက်သည်။

“ဒီမယ် မိလီဆာ၊ ဘယ်လောက်တော်တော်၊ ဘယ်လောက်ချောချော စကစနဲ့ တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေရင် ငါသိပ်ချစ်ရတဲ့ မင်းကိုလည်း ငါ့ဘဝထဲကနေ ဘလော့ပစ်ရတော့မယ်၊ ဒီနေ့ကစပြီး မင်း ငါ့ကို ပြုစုဖို့ မလိုတော့ဘူး မိလီဆာ၊ ဂျီဆူးတို့ သုံးယောက်ပဲ ပြုစုပေ့စေ”

ကိုလင်းထက်အောင်၏ ဒေါသတကြီး မာန်မဲပြောဆိုလိုက်သော စကားများကြောင့် လီဆာလေးမှာ မျက်ရည်များ တသွင်သွင် စီးကျလာကာ တရှုံ့ရှုံ့ ငိုလေတော့သည်။

“သမီး မှားသွားပါတယ် ကိုကို၊ နောက် ကိုကိုမကြိုက်တာ မပြောတော့ပါဘူးနော်”

လီဆာလေးက အစွမ်းကုန် တောင်းပန်ခယပါသော်လည်း ကိုလင်းထက်အောင်က

“သိပ်နောက်ကျသွားပြီ မိလီဆာ၊ ဒီစကားတွေ အစကတည်းက မပြောခဲ့ရမှာ၊ ငါဆိုတဲ့ ကောင်ကလည်း ရန်-ငါ သိပ်ပြတ်သားတဲ့ကောင်ကွ၊ ကြာပါတယ်ကွာ၊ အဲ့ဒီမင်းသားနဲ့တူတဲ့ ဆံပင်ကိုလည်း အခုပဲ သွားညှပ်ပစ်မယ်ကွ”

ဟုပြောကာ ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သဖြင့် လီဆာလေး လန့်သွား၏။

“နေပါဦး ကိုကိုရယ်၊ လီဆာ ရှင်းပြပါရစေ”

“တော်၊ ဘာမှထပ်ပြီး မျက်ရည်လာမချူနဲ့တော့ မိလီဆာ”

“လီဆာ ရှင်းပြပါရစေ ကိုကို၊ အီလွန်မတ်စ်က ဘာစက်ရုပ်ဇနီးမှ ထွင်မနေဘူး၊ သိလား”

“ဘာ”

လီဆာ၏ မဆီမဆိုင် စကားကြောင့် ကိုလင်းထက်အောင် ကြောင်သွား၏။

“အဲ့ဒါနဲ့ ဘာဆိုင်လို့လဲကွ”

ကိုလင်းထက်အောင်က ထပ်မေးလိုက်၏။

“အီလွန်မတ်စ်က ဘာစက်ရုပ်ဇနီးမှ ထွင်မနေဘူး၊ အီလွန်မတ်စ်က ဘာစက်ရုပ်ဇနီးမှ ထွင်မနေဘူး၊ အီလွန်မတ်စ်က ဘာစက်ရုပ်ဇနီးမှ ထွင်မနေဘူး”

လီဆာမှာ အခြား ဘာမှ ထပ်မပြောတော့ဘဲ ထိုစကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ပြောနေသဖြင့် ကိုလင်းထက်အောင် ထိတ်လန့်သွားသည်။ Error တက်သည်ထင်ပြီး လီဆာလည်ပင်းနောက်မှ ပါဝါခလုတ်ကို ပိတ်ရန်လက်လှမ်းလိုက်စဉ် ကိုလင်းထက်အောင်ကို ကြည့်နေသော လီဆာ၏ မျက်နှာပြင်အနေအထားသည် တဖြည်းဖြည်း ပြန့်ကားပြောင်းလဲလာပြီး ကိုဇင်ဇေမျက်နှာကြီး ဖြစ်သွားလေ၏။

“အမလေးလေး၊ ဘာကြီးလဲဟ”

ကိုလင်းထက်အောင် ယောင်အော်ပြီး နောက်သို့တစ်လှမ်းခုန်ဆုတ်လိုက်လေသည်။

ထို ကိုဇင်ဇေမျက်နှာကြီးကပင်

“အီလွန်မတ်စ်က ဘာစက်ရုပ်ဇနီးမှ ထွင်မနေဘူး” ဟု ကိုလင်းထက်အောင်ကို ရှုတည်တည်ကြည့်လျက် ထပ်ပြောနေပြန်သဖြင့် ကိုလင်းထက်အောင် ကြောက်လန့်တကြား အသံကုန် အော်ဟစ်လိုက်လေသည်။

“အားးး”
*

‘အား’ ဟူသောအသံနှင့်အတူ လန့်နိုးလာသော ကိုလင်းထက်အောင်ကို ကိုဇင်ဇေက ရှုတည်တည်မျက်နှာကြီးဖြင့် ထိုင်ကြည့်နေသည်။

“ဟေ့လူ၊ နိုးလာပြီလား”

ကိုဇင်ဇေ၏ မေးဆတ်ရင်း လှမ်းမေးလိုက်သော အမေးကို ကိုလင်းထက်အောင် ရုတ်တရက်မဖြေနိုင်သေးဘဲ နဖူးမှချွေးများကို အရင်သုတ်လိုက်သည်။ ထို့နောက် ဝဲကျလာသော ဆံပင်ရှည်များကို သပ်တင်ရင်း

“ဟာကွာ၊ ဒီဆံပင်တွေ ညှပ်ပစ်ဦးမှပါ”

ဟု တစ်ယောက်ထဲ ပြောနေသည်။ ထို့နောက် ဘာမပြောညာမပြောနှင့် ကိုဇင်ဇေ့လက်မောင်းကို လက်သည်းနှင့် သွားဆိတ်လိုက်သည်။

“အား၊ ဟေ့လူ ဒါဘာလုပ်တာလဲဗျ”

ကိုဇင်ဇေ လန့်အော်ရင်း ငေါက်ဆတ်ဆတ် မေးလိုက်သည်။

“အိပ်မက်လား၊ တကယ်အစစ်လား သိရအောင် ဆိတ်ကြည့်ရတယ်ဆိုလို့၊ နာသွားလားဟင်”

“အဲ့ဒါ ခင်ဗျာဘာသာ ခင်ဗျား ဆိတ်ပါလား၊ ဘာကိစ္စ ကျုပ်ကို လာဆိတ်ရတာလဲ”

“ကိုယ့်ဘာကိုယ်ဆိတ်ရင် နာမှာပေါ့ဗျ”

“တော်စမ်းဗျာ၊ ဒီထဲပိတ်မိနေလို့ အာရုံနောက်ရတဲ့အထဲ၊ ခင်ဗျားက လာနှောက်နေတယ်”

“ဟုတ်တယ်ဗျာ၊ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ အိပ်ပျော်သွားတာ အိပ်မက်တွေတောင် မက်လိုက်သေးတယ်၊ ဟဲ ဟဲ အိပ်မက်လေးကလည်း တော်တော်ကောင်းတာ၊ အဆုံးနားလေးကျမှ ချော်တောငေါ့သွားတာလေ ဟင်း ဟင်း”

ကိုလင်းထက်အောင်မှာ သူ့စကားသူ သဘောကျပြီး ရယ်နေလေရာ အိပ်မက်အကြောင်း ဘာမှမသိသော ကိုဇင်ဇေမှာ ရှုတည်တည်ကြီးကြည့်လျက် ဆက်ထိုင်နေလေသည်။

“ဒါနဲ့ ကိုဇင်ဇေ၊ ခင်ဗျားရော အိပ်ပျော်ပြီး အိပ်မက်တွေ ဘာတွေများ မမက်ဘူးလားဗျ”

ကိုလင်းထက်အောင်နှင့် မရှေးမနှောင်းမှာပင် ဟော့ပေါ့အိပ်မက်မှ လန့်နိုးလာသော ကိုဇင်ဇေမှာ ကိုလင်းထက်အောင်၏ အလိုက်ကမ်းဆိုးမသိ မေးလိုက်သောမေးခွန်းကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားတော့၏။

“မက်တာပေါ့ဗျာ”

ကိုဇင်ဇေက ဂလုခနဲ တံတွေးမြိုချက ဖြေလိုက်လေသည်။

“ဘာမက်တာလဲဗျ”

“ခင်ဗျားလိုပဲပေါ့ဗျာ၊ စားရခါနီးကျမှ လန့်နိုးလာတာပဲလေ”

ကိုဇင်ဇေက သူ့အတွေးနှင့်သူ ပြောလိုက်ရာ ကိုလင်းထက်အောင်ကလည်း သူ့အတွေးနှင့်သူ သဘောပေါက်သွားပြီး ‘ဟဲဟဲ ဟုတ်လား’ ဟု ပြောရင်း ရယ်လိုက်လေသည်။

ထို့နောက် နှစ်ဦးသား ဆရာဖြိုးကို လှမ်းကြည့်လိုက်ကြရာ ဆရာဖြိုးမှာ ကျောက်ဂူနံရံကို မှီထိုင်လျက် မျက်စိမှိတ်ကာ တရားမှတ်နေသည်ကို တွေ့လိုက်ကြရသည်။ ဆရာဖြိုးအနီး၌မူ ခေါက်ဆွဲခြောက် အခွံများ ဟိုတစ်ခု သည်တစ်ခု ပြန့်ကျဲလျက် ရှိနေ၏။ အခက်အခဲများ ကြုံနေရသည့်တိုင် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ဖြတ်သန်းနေသော ဆရာဖြိုးသီဟကိုကြည့်ရင်း စိတ်ထဲမှ ချီးကျူးနေမိကြသည်။ ထို့နောက် ဗိုက်ဆာနေကြပြီဖြစ်သော ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့သည် ခေါက်ဆွဲခြောက်ထုပ်များထဲ၌ ခေါက်ဆွဲခြောက်အစအနများ ကျန်လိုကျန်ငြား လိုက်ခံရှာဖွေကြသော်လည်း တစ်မှုန်တစ်စမျှပင် ရှာမတွေ့ကျချေ။

“ဆရာဖြိုးက ပြိုင်ဘက်ကို တစ်စမကျန်အောင် လေ့လာပစ်လိုက်တာပဲ”

ကိုဇင်ဇေက ကောက်ချက်ချလိုက်၏။

ထိုစဉ်မှာပင် ‘အား’ ဟု အလန့်တကြားအော်လျက် ဆရာဖြိုး လန့်နိုးလာလေသည်။

“ဟင် ဆရာဒိုးဖြောင်း၊ တရားထိုင်နေတယ် မှတ်နေတာ၊ လက်စသတ်တော့ ကျုပ်တို့လိုပဲ အိပ်ပျော်နေတာကိုး”

ကိုဇင်ဇေက နိုးလာသော ဆရာဖြိုးကို လှမ်းနှုတ်ဆက်လိုက်သည်။

“တရားမှတ်ရင်း ငိုက်ခနဲတစ်ချက် ဖြစ်သွားတာပါဗျ”

ဆရာဖြိုးက ပြန်ချေပလိုက်၏။

“အိပ်မက်တွေရော မက်သေးလား ဆရာဒိုးဖြောင်း”

သူ့အိပ်မက်ကို အခဲမကြေဖြစ်နေသော ကိုလင်းထက်အောင်က ဆရာဖြိုးကို လှမ်းမေးလိုက်ရာ ဆရာဖြိုးသည် မျက်လွှာကိုချလျက် တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်လေ၏။

“လူတိုင်းလူတိုင်း အိပ်မက်ကိုယ်စီ မက်ကြတာပဲလေဗျာ”

(ဆက်ရန်)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


29 responses to “နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )”

  1. ကိုဇင်ဇေရဲ့ hotpot dream ကို ဖတ်ထားတော့ ပိုပြီးရယ်ချင်

    Like

  2. 😄😂🤣
    ချစ်လိုက်တာအွန့်လေးရယ် ရေးတတ်လိုက်တာ 😍
    Brother သုံးယောက်စတိုင်တွေနဲ့ ကွက်တိပဲနော် 😂
    ကိုယ့်အိပ်မက်ကတော့ အရေးတော်ပုံအောင်တဲ့အခါ တလရအတွက် နေ့စဉ်မပျက်ဇွဲမလျှော့ပဲ နိုင်ရာဝန်ထမ်းကြိုးစားနေတဲ့ မောင်နှမတွေအားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆုံချင်တယ် 🌷

    Like

  3. ပြုံးမိစိတ်ပေါ့ပါးသွားမိတယ်။ဒါနဲ့အွန့်အွန့်ကရောဘယ်သူနဲ့တွဲနေလဲဗျ။😊

    Like

Leave a reply to TTK17 Cancel reply