နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )

နွေဦးဖတ်စာ – ၃

“ဟေ့လူ၊ ကိုဇင်ဇေ”

“ဘာလဲဗျ၊ ဆရာဖြိုး”

“ကျုပ်က အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲလို့ပြောနေတာကို ခင်ဗျားက ဘာလို့ အစကတည်းက မဝင်လာရမှာလို့ ပြောရတာလဲဗျ”

ဆရာဖြိုးက ရစ်လိုက်ရာ ကိုဇင်ဇေမှာ ဆတ်ခနဲ တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ကြက်ခေါင်းဆိတ်မခံ ပြန်ဖြေလိုက်၏။

“အဲ့ဒီစကားမျိုး ကျုပ် မပြောဘူးနော်၊ ဆရာဖြိုး”

“ကျနော်က လှုံ့ဆော်အားပေးနေတာကို ခင်ဗျားက အပျက်ဘက်ကနေ လိုက်ပြောနေတယ်၊ တကယ့်လူပဲ”

“ဟာ ဟေ့လူ၊ အဲ့ဒီစကား ကျုပ်မပြောပါဘူးဆို၊ ကျုပ်က ငရဲရောက်မှာတော့ ဆုံးအောင်သာဆက်လျှောက်ဆိုပြီးတော့တောင် ချာချီကြီးစကား ကိုးကားပြောခဲ့သေးတာနော်”

“လက်ပူးလက်ကြပ်မိနေတာတောင် ခင်ဗျားက ငုံတာဥ လုပ်နေတာလား ကိုဇင်ဇေ”

“ရေခဲချောင်း အာ ဘာ မုန်လာဥမှ မလုပ်ပါဘူးဗျ၊ အမှန်တရားတွေပါ”

“ဒီဂူကြီးထဲ ဝင်လာစတုန်းက ခင်ဗျားစိတ်ထဲကပြောလိုက်တာ ကျနော် ကြားလိုက်ပါတယ်ဗျ”

“ဟင်၊ ကျုပ်စိတ်ထဲကတွေးနေတာကို ခင်ဗျားက ဘယ်လိုလုပ်သိနိုင်မှာလဲ ဆရာဖြိုးရဲ့”

“ကျနော်ရဲ့ ကျင့်စဉ်တွေက နောက်တစ်ဆင့်တက်သွားပြီဆိုတာ ခင်ဗျားမှ မသိသေးဘဲကိုး ကိုဇင်ဇေရ”

“ကျုပ် မပြောရပါဘူးဆိုဗျာ၊ ကျုပ်က ဘူးဆိုရင် ဖရုံမသီးဘူးဗျာ၊ အဲ ဒါပေမယ့် ကျုပ်က လုပ်ပြီဆိုရင်လည်း တဆုံးပဲ”

ကိုဇင်ဇေသည် ထိုကဲ့သို့ ‘တဆုံးပဲ’ ဟု ပြောပြီးလျှင်ပြီးချင်း ကိုဇင်ဇေ၏ ဆံပင်များမှာ ချက်ချင်းပင် ခေါင်းထဲသို့ ပြန်တိုဝင်သွားပြီး ကတုံးဆံတောက် ဖြစ်သွားလေသည်။ ထို့အတူပင် ကိုဇင်ဇေ၏ မျက်နှာကြီးမှာလည်း ကျုံ့ဝင်သွားပြီး ကပ္ပတိန်ဇီးရိုး၏ မျက်နှာကြီး ဖြစ်သွားလေသည်။

“ဟင် ကိုခန့်ကြီးပါလား”

ဆရာဖြိုးသီဟ အံ့ဩတကြီး ရေရွတ်လိုက်မိ၏။

“ကြည့်ပါဦး ဆရာဖြိုးရာ၊ ဆံပင်ညှပ်ဆိုင်က လုပ်လွှတ်လိုက်တာ၊ ဓားပြရုပ်ပေါက်နေပြီ၊ လုပ်လိုက်ရင် တဆုံးပဲဗျာ”

ကိုဇင်ဇေ တစ်ဖြစ်လဲ ကိုဇီးရိုးက ပြောလိုက်၏။

“ဒါမျိုးကေက … က … က …”

ဆရာဖြိုးသီဟ စကားမဆုံးမီမှာပင် ကိုဇီးရိုးခေါင်းနံဘေးမှ နောက်ထပ်ဦးခေါင်းတစ်လုံး ပတောက်ခနဲ ထပ်ပေါက်လာသည်။

“ဒါမျိုးကေက ကျနော်နဲ့ပဲ ကြည့်ကောင်းတာဗျ၊ ကိုဇီးရိုးရ”

“ဟာ ကိုဒေါင်း”

ကိုဇီးရိုးရော၊ ဆရာဖြိုးပါ ပြိုင်တူပြောလိုက်မိသည်။

“ဟာ ဆရာဖြိုးပါလား၊ ဘယ်လိုဖြစ်လို့ ဒီ ရောက်နေတာလဲ”

ကိုဒေါင်း၏ ဦးခေါင်းက ပြန်နှုတ်ဆက်လိုက်သဖြင့် ဆရာဖြိုးမှာ စောစောက ပြတ်သွားသော စကားစကို အမြန်ပြန်ကောက်ရန် ပြင်လိုက်၏။

“ဟုတ်တယ်ဗျ၊ ကိုဒေါင်းရ၊ ဒါမျိုး ကတုံးဆံတောက်ကေက ကိုဒေါင်းနဲ့ ကျနော် … နော် …. နော် …”

ဆရာဖြိုး၏ စကားမဆုံးမီမှာပင် ကိုဇီးရိုးမှာ နောက်ထပ်ဦးခေါင်းတစ်လုံး ပတောက်ခနဲ ထပ်ပေါက်လာပြန်သည်။

“အဲ့ကေက ကျနော်ရယ် ကိုဒေါင်းရယ်ပဲ ကြည့်ကောင်းတာ ကိုခန့်ရေ”

အသစ်ထပ်ပေါက်လာသော ဒေါက်တာဖြိုးသီဟ၏ ဦးခေါင်းက အမြန်ဝင်ပြောလိုက်ရာ ဆရာဖြိုးမှာ ဘာဆက်ပြောရမှန်းမသိဘဲ တန်းလန်းကြီး ဖြစ်နေလေတော့၏။

“ဆရာဖြိုးတို့၊ ကိုဒေါင်းတို့ကို အားကျပြီး လိုက်ညှပ်မိတာ အခုတော့မှားပြီဗျာ၊ မှန်ရှေ့တောင် ဖြတ်မလျှောက်ရဲတော့ဘူး”

ကိုဇီးရိုးက ဝမ်းနည်းပက်လက် ဆက်ပြောနေရာ ကိုဒေါင်းဦးခေါင်းနှင့် ဆရာဖြိုးဦးခေါင်းက ကရုဏာသက်သော မျက်လုံးများဖြင့်ကြည့်လျက်

“ဆံပင်တွေက ပြန်ရှည်လာမှာပါ ကိုခန့်ရယ်”

ဟု ဝိုင်းပြီး အားပေးနေကြလေသည်။
**

လူတိုင်း အိပ်မက်မက်တတ်ကြသည်။ လူတိုင်း အိပ်မက်မှ လန့်နိုးဖူးကြသည်။ သွေးသံတရွှဲရွှဲနှင့် အော်ဟစ်ပြီး လန့်နိုးတတ်ကြသလို မျက်စိနှစ်လုံး အသာဖွင့်ပြီး ညင်ညင်သာသာဖြင့် နိုးလာတတ်ကြသည်လည်း ရှိ၏။ ဆရာဖြိုးမှာ သမာဓိအလွန်အားကောင်းသူ ဖြစ်လေရာ ‘အား’ ဟု အသံနက်ကြီးဖြင့်အော်လျက် အိပ်မက်မှ အလန့်တကြား လန့်နိုးလာသည်ကို ထောက်ရှုခြင်းအားဖြင့် အိပ်မက်၏ ဆန်းကြယ်မှုအတိုင်းအဆကို ခန့်မှန်းကြည့်၍ ရပေသည်။ သို့သော် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ ခေါက်ဆွဲခြောက်ထုပ်အခွံများကိုသာ အာရုံရောက်နေကြသဖြင့် ထိုအချင်းအရာများကို သတိမမူမိဘဲ ဖြစ်နေကြ၏။ ထို့ကြောင့်ပင်

“အိပ်မက်တွေရော မက်သေးလား” ဟု မေးလိုက်မိကြခြင်း ဖြစ်သည်။ ဆရာဖြိုးက

“လူတိုင်းလူတိုင်း အိပ်မက်ကိုယ်စီ မက်ကြတာပဲလေဗျာ” ဟု ပြောရင်း အိပ်မက်ထဲမှ ဦးခေါင်းသုံးလုံးနှင့် ကပ္ပတိန်ဇီးရိုးကို မြင်ယောင်မိပြီး ကြက်သီးများ ထလာလေရာ ထိုအိပ်မက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်စေရန် ဆယ့်ငါးမိနစ်ခန့် တရားဆက်ထိုင်နေလိုက်သည်။

“ဟင် ဆရာဖြိုး ပြန်အိပ်ပျော်သွားပြန်ပြီလား”

ကိုလင်းထက်အောင်က ပြောလိုက်ရာ ဆရာဖြိုးက ချက်ချင်းပင် မျက်လုံးပြန်ဖွင့်ကြည့်လိုက်သဖြင့် ကိုဇင်ဇေက အသာလက်ကုတ်ပြီး ခပ်တိုးတိုး သတိပေးလိုက်ရသည်။

“ဟေ့လူ၊ စကားကို အရမ်းအရမ်းမပြောနဲ့၊ ဆရာဒိုးဖြောင်းက တရားထိုင်ရင်းအိပ်တယ်လို့ပြောရင် လုံးဝမကြိုက်ဘူးဗျ”

“ဟင်ဟုတ်လား၊ ဒါပေမယ့် သူ တရားထိုင်တာကလည်း အိပ်ပျော်နေတဲ့ အတိုင်းပဲနော်”

“အဲ့ဒါ မဂ်ဆိုက်တယ်လို့ခေါ်တယ်ဗျ”

စကားသံများကြောင့် မှိတ်နေသော ဆရာဖြိုး၏ မျက်လုံးများ ပြန်ပွင့်လာပြီး နှာသီးဖျားမှာလည်း ပိန်လိုက်ဖောင်းလိုက် ဖြစ်နေလေတော့၏။

“ဆရာဒိုးဖြောင်း အချက်ပြနေပြီ၊ တိတ်တိတ်နေ”

ကိုဇင်ဇေက ဆရာဖြိုး၏ နှာသီးဖျားကို မျက်စပစ်ပြရင်း လေသံဖြင့် ပြောလိုက်ရာ ကိုလင်းထက်အောင် ပါးစပ်ဘရိတ် အုပ်လိုက်ရတော့သည်။ ထိုအခါမှ ဆရာဖြိုးလည်း မျက်လုံးပြန်မှိတ်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် တရားဆက်ထိုင်နေလေတော့၏။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့သည်လည်း မှောင်မည်းနေသော ကျောက်ဂူကြီးထဲ၌ အထွေအထူး လုပ်စရာမရှိကြသဖြင့် တရားထိုင်နေသော ဆရာဖြိုးကိုသာ ထိုင်ကြည့်နေကြရင်း ရောက်တတ်ရာရာ တွေးတောနေကြသည်။
*

“ဟေ့လူတွေ၊ ခင်ဗျားတို့ကြည့်ရတာ ငူငူငိုင်ငိုင်နဲ့ ပျော်ရွှင်ကြပုံ မရဘူး”

တရားထိုင်ပြီးသွားသော ဆရာဖြိုးက လှမ်းပြောလိုက်သည်။

“ဝင်လာတဲ့လမ်းကိုလည်း ပြန်လှည့်သွားလို့မရ၊ ထွက်ပေါက်ကလည်း ဘယ်ဆီနေမှန်းမသိသေးတဲ့ ကျောက်ဂူကြီးထဲမှာ စားစရာ၊ သောက်စရာ မရှိဘဲ ပိတ်မိနေတာကို ပျော်ရွှင်နေရမှာလား ဆရာဒိုးဒိုးဖြောင်း၊ ဒီကျောက်ဂူကြီးထဲမှာ ပျော်တာဆိုလို့ ကျုပ်ရဲ့ ရေခဲချောင်းပဲ ရှိတယ်”

ကိုဇင်ဇေက ခပ်ငေါ့ငေါ့ ပြန်ဖြေလိုက်သဖြင့် ဆရာဖြိုးက အေးချမ်းသော အပြုံးဖြင့် အသာပြန်ပြုံးပြလိုက်သည်။

“If you are not happy, make other people happy.”

မြန်မာလိုပြော၍ အပေါက်အလမ်းမတည့်နေသော အင်္ဂလိပ်စာဆရာကို ဆရာဖြိုးက အင်္ဂလိပ်ဘာသာစကားဖြင့် ထပ်ပြောလိုက်ပြန်၏။

“ကိုယ်တိုင်ကမှ မပျော်ဘဲ ဘူနေတာ၊ သူများကိုပျော်အောင် ဘယ်လိုလုပ်ပေးရမှာလဲဗျ၊ သူဟာသူ အလကားနေရင်း ပျော်သွားတာဆိုလို့ ကျုပ်ရေခဲချောင်းပဲ ရှိတယ်”

အင်္ဂလိပ်စာဆရာက မြန်မာလိုပင် ပြန်ပက်နေသဖြင့် ဆရာဖြိုး ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်လေသည်။

“ဟာ ဟေ့လူတွေ၊ လွန်ကုန်မယ်နော်၊ တစ်ဂူထဲစီး အဲ တစ်ဂူထဲ ပိတ်မိနေကြတဲ့သူတွေ အချင်းချင်းပဲဗျာ၊ စိတ်ထိန်းကြပါဦး၊ လက်လွန်ခြေလွန်ဖြစ်ကုန်ရင် ကျတော်လည်း ဘာမှမလုပ်တတ်ဘူးနော်”

စကားအချေအတင်ဖြစ်နေကြသော ဆရာဖြိုးနှင့် ကိုဇင်ဇေတို့ကို ကိုလင်းထက်အောင်က အလန့်တကြား ဝင်တားလေသည်။

“ဟေ့လူ၊ ကိုလင်းထက်အောင်၊ ခင်ဗျား ဘာတွေပြောနေတာလဲဗျ၊ ကျနော်က ခင်ဗျားတို့ကို ပျော်အောင် လုပ်ပေးမလို့ပါဗျ၊ တစ်နေ့ကို ငါးမိနစ်ပဲ ပျော်ရင်တောင် အခက်အခဲတွေကို ခံနိုင်ရည်ရှိသွားတယ်တဲ့”

ဆရာဖြိုးသီဟသည် ပြောပြောဆိုဆိုဖြင့် အနားမှာရှိသော ကိုဇင်ဇေ၏ခါးကို ရုတ်တရက် ကလိလှမ်းထိုးလိုက်သည်။ သို့သော် ကိုဇင်ဇေမှာ ဆရာဖြိုးထင်ထားသကဲ့သို့ ‘ယား’ တတ်သူ မဟုတ်ဘဲ ဖြစ်နေသည်။

“ဟင် ကိုဇင်ဇေ၊ ခင်ဗျား မယားတတ်ဘူးလားဗျ”

“ဟင့်အင်း MLM တွေကြောင့် အရေထူနေပြီလေ”

သို့နှင့် ဆရာဖြိုးလည်း ကိုလင်းထက်အောင်အနီးသို့ တိုးကပ်သွားလေရာ ကိုလင်းထက်အောင်မှာ အကြောက်အကန် လက်ကာပြလျက် ဖင်တရွတ်တိုက် နောက်ဆုတ်ရင်း ပြောလေသည်။

“ဟာ ဆရာဖြိုး၊ ကျုပ်ကိုတော့ ကလိလုံးဝ မထိုးနဲ့နော်၊ မဖြစ်ဘူးနော်၊ တောင်းပန်ပါတယ်ဗျ”

“ငါးမိနစ်လောက်ပါပဲဗျ၊ ဘာလို့လဲ၊ ခင်ဗျားက ယားတတ်လို့လား”

“ဟုတ်ဖူး၊ ဆဲတတ်လို့”

ကိုလင်းထက်အောင်၏ စကားကြောင့် ကလိထိုးရန်ပြင်နေသော ဆရာဖြိုးသီဟမှာ အမြန်ပင် ကိုယ်ရှိန်သတ်လိုက်ရလေတော့သည်။ ရှေ့ဆက်တိုးလျှင် ကိုလင်းထက်အောင်၏ ‘ထာဝရလက်ခလယ်’ စာရင်းထဲ ပါသွားပေလိမ့်မည်။ ထိုသို့တော့ အဖြစ်မခံနိုင်။ ဆရာဖြိုးက နာမည်တစ်လုံးနှင့် နေသူ။ ထို့ကြောင့်

“ကဲ ကဲ၊ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ၊ ဒီအတိုင်းထိုင်နေကြလို့ မဖြစ်သေးဘူးဗျ၊ ရှေ့ဆက်တိုးကြဦးစို့”

ဟု အားပေးစကားပြောလိုက်သည်။

ဆရာဖြိုးသီဟ ဆော်ဩလိုက်သဖြင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့ ထိုင်နေရာမှ ပြိုင်တူ ထရပ်လိုက်ကြပြီး ရှေ့သို့ဆက်လျှောက်ရန် ဖုန်း Flash မီးများကို ပြိုင်တူ ဖွင့်လိုက်ကြသည်။

ထိုစဉ် ရေထဲမှ အရာဝတ္ထုတစ်ခု လှုပ်လှုပ်လှုပ်လှုပ်ဖြင့် ပေါ်လာသည်ကို အားလုံးတွေ့လိုက်ကြရသည်။

(ဆက်ရန်)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


16 responses to “နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )”

Leave a reply to Wainwe Oo Cancel reply