အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )

“အကြပ်အတည်းကြားက ရှင်သန်ခြင်း”

◾️ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက “ငါ ဘာအတွက် လူလာဖြစ်တာလဲ” ဆိုပြီးတော့ပေါ့။

အဲဒီမေးခွန်းအတွက် အရင်တုန်းက ရတဲ့ အဖြေက ‘အသိပညာ မျှဝေဖို့’၊ ‘လူတွေကို ကူညီဖို့’၊ ဒီလိုတွေ ဖြစ်တယ်။

ခုထိရော မှန်လားဆို မှန်ပါသေးတယ်။ သို့သော် ဒီဘက်နှစ်တွေမှာတော့ အတော်လေး ပြောင်းလဲသွားခဲ့တယ် ပြောရမယ်။

◾️အခုဆို အသက်က ၃၄၊ အိမ်မှာ မရှိဘဲ ဖြတ်သန်းရတဲ့ မွေးနေ့အနေနဲ့ဆို ၃ နှစ်မြောက်။ ဘဝအပေါ် မြင်တဲ့အမြင်၊ ရေးတဲ့စာ၊ လုပ်တဲ့အလုပ်တွေက အရင်နှစ်တွေကထက် ပိုရင့်ကျက် ပြည့်ဝလာသလို ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဘယ်သူမဆို ပျော်ရွှင်၊ အဆင်ပြေ၊ လွယ်ကူချင်ကြတာချည်းပဲ ဆိုပေမဲ့ အခက်အခဲ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်လာစေတာမို့လား။ အတွေးအမြင်တွေကို ပြောင်းလဲစေနိုင်တာမို့လား။

ဒါကြောင့် ဒီကာလ လွန်မြောက်သွားတဲ့အခါ ကျွန်တော့်ရဲ့ ဘဝရပ်တည်မှု၊ နေထိုင်မှုပုံစံဟာ အတော်လေး ပြောင်းလဲသွားဖို့ ရှိတယ်။

◾️ဥပမာတစ်ခု ပြောရရင်၊ Social Influencer မလုပ်တော့ဘူး တွေးထားတယ်။ စာပဲ သီးသန့်ရေးတော့မယ်။ Social Influencer ဆိုတာက ကိုယ့်ရဲ့ အိမ်ထောင်ရေး အဆင်ပြေတာ၊ မိသားစုဘ၀ ပျော်စရာကောင်းတာ၊ အလုပ်မှာ အောင်မြင်တာ၊ ဝင်ငွေကောင်းတာ စတာတွေကို ချပြပြီး တခြားသူတွေအပေါ် လွှမ်းမိုးနိုင်အောင် ကြိုးစားရတာမို့လား။ တကယ်တမ်းကျ ပြီးပြည့်စုံနေတဲ့သူဆိုတာ ဘယ်ရှိမလဲ။ သူတို့မှာလည်း ပြဿနာတွေ တပုံတပင်နဲ့ပေါ့။

အဲဒါတွေကို မြင်ပြီး တချို့လည်း အားကျအတုယူကြပေမဲ့ သိမ်ငယ်စိတ် ဖြစ်သွားတဲ့သူတွေလည်း အများကြီး ရှိမှာ။ ဒီလိုမှ ကောင်းတာတွေ ချမပြရင်လည်း လူတွေအပေါ် လွှမ်းမိုးဖို့၊ နာမည်ကြီးအောင် လုပ်ဖို့က မဖြစ်ပြန်ဘူး။ ဒါကြောင့်မို့ Knowledge sharing ပဲ အဓိက လုပ်တော့မယ်လို့ ရည်ရွယ်ထားတယ်။

◾️နောက်တစ်ခုက ‘၁၁ လလုပ်၊ ၁ လနား’ ဆိုတာမျိုး အကောင်အထည် ဖော်ချင်တယ်။ ဒီအတွက်ကတော့ ကိုယ်ပိုင်အလုပ်နဲ့မှ အဆင်ပြေမယ်ပေါ့။ ၁ လနား ဆိုတာကတော့ အိမ်မှာ နားဖို့ မဟုတ်ဘူး။ အဲဒီလဆို တစ်လလုံးလုံး ခရီးထွက်ပြီး၊ ဒီနှစ်တွေအတွင်း စစ်ဘေးစစ်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေဆီ သွားမယ်။ ကျန်းမာရေး ဟောပြောပွဲတွေ၊ စာပေဟောပြောပွဲတွေ လုပ်မယ်။ စာကြည့်တိုက်တွေ လုပ်မယ်။ သင်တန်းတွေ ပေးမယ်။ လုပ်အား၊ ငွေအား ကူမယ်။ စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မယ်။

◾️ကိုယ်တိုင်လည်း တရားစခန်း ဝင်မယ်။ နေရာတော်တော်များများ လိုက်ဝင်ကြည့်မယ်။ နောက်ပိုင်း အဆင်ပြေတယ်ဆို လူငယ်တွေအတွက် အဲဒီလိုတွေ လုပ်ပေးချင်တယ်။ ၁ နှစ် ၁ ကြိမ်လောက်ဖြစ်ဖြစ်ပေါ့။ တရားစခန်းစစ်စစ်တော့ မဟုတ်ဘဲ Buddhism ကို လက်တွေ့ကျကျ သဘောပေါက်ဖို့နဲ့ ကျင့်သုံးနိုင်ဖို့အတွက် မျှဝေပေးတဲ့ Camp မျိုး ဖြစ်လိမ့်မယ်။

◾️တိုတိုပြောရရင်တော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့၊ အများအတွက် အလုပ်တွေ ပိုလုပ်ရင်းပဲ ဖြတ်သန်းသွားတော့မယ် စိတ်ကူးထားပါတယ်။ အရင်ကတည်းကတော့လည်း ငွေနောက်ပဲ လိုက်ပြီး နေခဲ့တာ မဟုတ်ပါဘူး။ ပရဟိတ အလုပ်တွေလည်း အလျဉ်းသင့်သလို လုပ်ခဲ့ပေမဲ့ ခုကာလမှာတော့ လိုအပ်ချက်တွေ ပိုမြင်လာတယ်။ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်က ဘာလဲ၊ ကိုယ်ဘာလုပ်နေရရင် ပျော်သလဲဆိုတာ ပိုသိလာခဲ့ပါတယ်။

◾️ဒီကာလအတွင်း ရလိုက်တဲ့ ဘဝသင်ခန်းစာတွေကို ပြောပါဆိုရင်တော့ –

💟 ၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သားကောင် (Victim) အဖြစ်မခံနဲ့။

ငယ်ဘဝက ရခဲ့တဲ စိတ်ဒဏ်ရာတွေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအခြေအနေ၊ ခေတ်ကာလ အခြေအနေတွေနဲ့ပဲ ဖြစ်ဖြစ် လက်မြှောက်အရှုံးမပေးနဲ့။ ခေါင်းငုံ့မခံနဲ့။ ဒဏ်ရာဘယ်လောက်ကြီးကြီး ကုစားလို့ရတယ်။ ကျော်ဖြတ်လို့ ရတယ်။ ငါကတော့ ဒီလိုငယ်ဘ၀ ရှိခဲ့လို့ ဒီလိုမျိုး ဖြစ်နေတာ ဆိုပြီး လက်လျှော့မထားနဲ့။ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေပဲ ဖြစ်ပါစေဦး၊ ရှင်သန်နိုင်တယ်။ ရပ်တည်နိုင်တယ်။ ကိုယ့်အတွက် အကျိုးရှိအောင် ပြောင်းလဲယူနိုင်တယ်။ ဒီလိုတွေး။

💟 ၂။ အတိတ်ကနေ သင်ခန်းစာယူ၊ အနာဂတ်အတွက် ပြင်ဆင်၊ ပစ္စုပ္ပန်မှာ ရှင်သန်။

အတိတ်ကို ပြန်မလွမ်းနဲ့။ နောင်တရနေလည်း အပိုပဲ။ အနာဂတ်ကို တွေးပူလွန်းရင်လည်း ပင်ပန်းတယ်။ လုံးလုံးမေ့လျော့ထားရင်လည်း ဘဝက လည်ထွက်နေတတ်ပြန်တယ်။ ဒါကြောင့် ပြင်ဆင်စရာရှိတာ ပြင်ဆင်။ အရေးကြီးဆုံးကတော့ ပစ္စုပ္ပန်မှာ ရှင်သန်ဖို့ကို မမေ့ဖို့ပဲ။

💟 ၃။ ချစ်ရခင်ရသူတွေကို ‘ရှိနေတုန်း’ တန်ဖိုးထား၊ ပစ္စည်းဥစ္စာတွေ ‘ရှိနေတုန်း’ မျှဝေ။

💟 ၄။ လူဟာ မဟုတ်တာ မလုပ်မိအောင် ရှောင်ဖို့ လိုသလို၊ ဟုတ်တာတွေ လုပ်ဖြစ်အောင်လည်း အားထုတ်ဖို့ လိုတယ်။ မဟုတ်တာ လုပ်မိရင် အပြစ်ဖြစ်သလို၊ ဟုတ်တာလုပ်ဖို့ ပျက်ကွက်ခြင်းဟာလည်း အပြစ်ဖြစ်တယ်။

💟 ၅။ ကိုယ့်မှာ ရှိနေတဲ့ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေ ဆိုတာ ကိုယ့်ကြိုးစားအားထုတ်မှု သက်သက်ကြောင့် ရလာတာ မဟုတ်ဘူး။ ဘယ်လိုမိဘဆီမှာ လူသွားဖြစ်တယ်၊ ဘယ်မြို့၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘယ်လိုခေတ်မျိုးမှာ ကြီးပြင်းခွင့်ရတယ် ဆိုတာနဲ့ အဓိက ပတ်သက်တယ်။ ဒါကြောင့်မို့ မာန်မတက်နဲ့။ ဘဝင်မမြင့်နဲ့။ သူတစ်ပါးကို အထင်မသေးနဲ့။

တာထွက်မှတ်မတူလို့ ရောက်နေတဲ့နေရာချင်း မတူကြတဲ့သဘောပဲ။ ကိုယ်သာ သူတို့နေရာက တာထွက်ရရင် သူတို့လိုပဲ ဖြစ်နေမှာ။ သူတို့သာ ကိုယ့်နေရာကနေ တာထွက်ခွင့်ရရင်လည်း လက်ရှိ ကိုယ်ရောက်နေသလောက်တော့ ရောက်နေကြမှာချည်းပဲ။

💟 ၆။ ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ မနက်စာ ဘာစားရမလဲ ဆိုတာကနေ၊ ဘယ်အချိန် အိမ်ထောင်ပြုမလဲအလယ်၊ မတရားမှုတစ်ခုကို တွေ့တဲ့အခါ ဘယ်လိုရပ်တည်မလဲ ဆိုတာအဆုံး ရွေးချယ်မှုတွေ လုပ်နေရတယ်။

ဒီအခါ ကိုယ့်ရဲ့ တန်ဖိုးထားမှုနဲ့ ကိုယ်ရွေးလိုက်တဲ့အရာက ထပ်တူညီတယ်ဆို ပျော်ရွှင်မှုဆိုတာ ရလာတယ်။ လိပ်ပြာလုံတယ် ဆိုတဲ့ ခံစားချက် ပေါ်လာတယ်။ မိမိကိုယ်မိမိ လေးစားမှု မြင့်တက်လာတယ်။ အခုထိ ကျွန်တော် ယုံကြည်တဲ့အတိုင်း ဆက်လက်ရပ်တည်နေတယ် ဆိုတာ အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ အဲဒီ Self-respect ကြောင့် ဖြစ်တယ်။

ဒါကြောင့် သူများလုပ်လို့ လိုက်မလုပ်နဲ့။ ကိုယ့်အတွင်းထဲက လာတဲ့အသံကို နားထောင်။ ရေတိုပျော်ရွှင်မှုကို မကြည့်နဲ့။ နောင်ပြန်စဉ်းစားလိုက်တိုင်း ဂုဏ်ယူနေရမဲ့ ရွေးချယ်မှုလား ဆိုတာကို အဓိကစဉ်းစား။

💟 ၇။ လောကကြီးကို ကိုယ်က မပြောင်းလဲခင် လောကကြီးက ကိုယ့်ကို အရင်ပြောင်းလဲမပစ်နိုင်အောင် တောင့်ခံဖို့ လိုတယ်။

◾️ဘဝဆိုတာ တကယ်တော့ မသေမချင်း သွားနေရမဲ့ ခရီးစဉ်တစ်ခုပဲ။ မကုန်နိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ပေးနေတဲ့ ကျောင်းတစ်ကျောင်းလို့ ပြောလည်း မမှားဘူး။ ဒါကြောင့် ရှေ့ဆက်နေရဦးမှာပဲ။ သူပေးလာတဲ့ သင်ခန်းစာတွေကို သင်ယူနေရဦးမှာပဲ။

တစ်ခါတလေမှာလည်း အဆိုးတရားတွေလို့ ထင်ရပေမဲ့ တကယ်တမ်း အကောင်းဘက်ကို ပိုရောက်လာစေတဲ့၊ ပိုပြီး ပြည့်ဝလာစေတဲ့ အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။ A blessing in disguise လို့ ခေါ်တာပေါ့။

ကိုယ့်အနေနဲ့ လောကဓံတရားတွေကို ဘယ်လိုခံယူချက်မျိုး ထားပြီး ရင်ဆိုင်သလဲ ဆိုတာကပဲ အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၁.၆.၂၀၂၃

(ဓါတ်ပုံက​တော့ စစ်​ရှောင်စခန်းတစ်ခုမှာပါ။ ကျ​နော်ကလည်း က​လေး​တွေကို မသိ၊ က​လေး​တွေကလည်း ကျ​နော့်ကို မသိကြ​ပေမဲ့ ​မေတ္တာတရား​တွေနဲ့ စည်း​နှောင်ထားတဲ့ပုံ​လေးပါ။ ချစ်ခြင်း​မေတ္တာမှာက ဘာသာစကား၊ အသက်အရွယ်၊ လူမျိုး၊ ဘာသာ ဘယ်လိုအကန့်အသတ်၊ အတုပ်အ​နှောင်မှ မရှိဘူးမို့လား။)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



10 responses to “အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )”

  1. ကျေးဇူးပါဆရာဖြိုး
    တော်လှန်ရေးကြောင့် ပြောင်းလဲသွားရတဲ့ တချို့ခံယူချက်တွေကို ဆရာ့စာတွေက ပိုပြီးခိုင်မာသွားစေပါတယ်။
    ကိုမင်းကိုနိုင်လဲ ပြောဘူးပါတယ်
    ချစ်ရခင်ရသူတွေကို ရှိနေတုန်း တန်ဖိုးထားဖို့၊
    ချစ်ခင်ကြောင်းပြသဖို့။
    ဘာဖြစ်မယ်မှန်းမသိတဲ့ ကာလကြီးအတွက် ဒီစကားက သိပ်အံဝင်ခွင်ကျဖြစ်တာပဲ။

    Like

  2. ***အများအတွက် စိတ်စွမ်းအားဖြည့်/ ခွန်အားဖြည့်စာတွေရေးပေးပြီး တတ်စွမ်းသမျှ တိုင်းပြည်အကျိုးသယ်ပိုးနေတဲ့ ဆရာဖြိုး ဘဝခရီးတလျှောက် ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး အလိုရှိတိုင်း စွမ်းဆောင်နိုင်သူဖြစ်ပါစေ***
    အသက်ငယ်ပေမယ့် လေးစားတန်ဖိုးထားရပါတယ်လို့ 🤍🌹🤍

    Like

  3. စာတွေဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆရာ
    🤎🤎🤎

    Like

Leave a reply to win win Cancel reply