ကိုယ်ကျင့်တရားဆိုင်ရာ ​တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )

“ကိုယ်ကျင့်တရားဆိုင်ရာ ​တွေးဆစရာများ”

◾️မှတ်မိသလောက် ရေးရတာမို့ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ သဘောတရားကို ယူပါ။

တစ်ခါက ပင်စင်စား အဖိုးကြီးတစ်ယောက် ရှိသတဲ့။ သူ့ချွေးနဲစာလေးနဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကားကောင်းကောင်းတစ်စီး ဝယ်လိုက်တယ်။ ငွေပိုမရှိတော့လို့ အာမခံတော့ မထားရသေးဘူး။ တစ်ရက်တော့ သူ အဲဒီကားလေးကို မောင်းရင်း ရထားသံလမ်း (လမ်းလွှဲ) မှာ ရပ်ထားခဲ့ပြီး ရထားလမ်းတလျှောက် လမ်းလျှောက်ထွက် ရှုခင်းတွေ ကြည့်နေတယ်။

အဲဒီမှာ ရထားတစ်စီးက အရှိန်နဲ့ မောင်းလာတယ်။ ကြည့်လိုက်တော့ အဲဒီလမ်းပေါ်မှာ ကလေးလေးတစ်ယောက်က ဆော့ကစားလို့။ သူပြေးသွားလို့လည်း မမီသလို၊ လှမ်းအော်လို့လည်း ကလေးက မကြားနိုင်ဘူး။ ဒါပေမဲ့ သူ့အနားမှာက ဒီရထားကို လမ်းလွှဲလိုက်လို့ ရတဲ့ မောင်းတံတစ်ခု ရှိနေတယ်။ ဒါကို နှိပ်ချလိုက်ရင် ကလေး မသေရတော့ဘူး။ ဒါပေမဲ့ လမ်းလွှဲမှာ ရှိနေတာက သူတစ်သက်လုံး စုဆောင်းထားတဲ့ ငွေတွေနဲ့ ဝယ်ထားတဲ့ကား ရှိနေတယ်။ အဲဒါတော့ ပျက်စီးသွားမယ်။

ဘာလုပ်ရင် ကောင်းမလဲ သူစဉ်းစားပြီး နောက်ဆုံးမှာတော့ လမ်းမလွှဲတော့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်တဲ့။

◾️ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ ဘယ်လိုခံစားရလဲ။ ဘယ်လိုမြင်လဲ။ အရင်စဉ်းစားကြည့်။ အောက်ကို ဆက်မဖတ်နဲ့ဦး။

ဒီလူလုပ်တာ မှန်သလား၊ မှားသလား။ သူ့ကား မပျက်စီးချင်တာနဲ့ပဲ ကလေးအသက်ကို သေချင်သေပါစေ လျစ်လျူရှုလိုက်တာ ဖြစ်သင့်လား။ ကိုယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ရိုးရိုးသားသား ဖြေကြည့်။

◾️ဒီဥပမာကို တော်လှန်ရေးနဲ့လည်း ချိတ်ကြည့်လို့ ရတယ်။ ကိုယ့်ရှေ့မှာ လူတွေ ဒုက္ခရောက်နေတယ်။ တစ်ခုခု ဝင်လုပ်လို့လည်း ရတယ်။ ဒါပေမဲ့ လုပ်လိုက်ရင် အနည်းနဲ့အများတော့ ကိုယ့်ဘက်က ပေးဆပ်ရမယ်။

မတူတာကတော့ ကလေးအသက်က ချက်ချင်းကယ်နိုင်သွားမယ်။ တော်လှန်ရေးကတော့ ရလဒ်ကို တန်းမမြင်နိုင်သလို၊ ကိုယ်ကူနေတိုင်းလည်း အောင်မြင်ပါ့မယ် အာမ,မခံနိုင်ဘူး။ အကြောင်းအချက်ပေါင်းစုံ ရှိတာကိုး။ ဒါကြောင့်မို့ ကိုယ်တစ်ခုခု ဝင်လုပ်ဖို့ကို ပိုတွန့်ဆုတ်တာလည်း ဖြစ်နိုင်တယ်။

◾️တစ်ဖက်ကကျ ဇာတ်လမ်းထဲက လူသည် မောင်းတံကို ဖိချလိုက်ရင် သူ့ဘဝတလျှောက်လုံး ရှာဖွေထားတဲ့ ငွေတွေကုန်သလို ဖြစ်သွားမှာ။ တော်လှန်ရေးထဲ ပါဖို့ကတော့ ဒီလောက်ကြီး ပေးဆပ်စရာ မလိုပြန်ဘူး။ ကိုယ့်ကို မထိခိုက်ဘဲ ပါဝင်လို့ရတဲ့ အခြေအနေ​တွေ ရှိတယ်။

ကလေးအသက်ရှင်သွားလို့ ကိုယ့်အတွက် ဘာမှကောင်းမသွားဘူး။ ဒါပေမဲ့ တော်လှန်ရေး နိုင်သွားရင်တော့ အသီးအပွင့် ခံစားရမဲ့ထဲမှာ ကိုယ်ပါတယ်။ ဒီတော့ အားလုံးဝိုင်းကြိုးစားနေတဲ့ အချိန်မှာလည်း ကိုယ်လည်း ဝင်ကူသင့်တယ်ပေါ့။

◾️ခုနက လူဟာ ဒီကလေးကို ကယ်ဖို့ ဘာတာဝန်မှ မရှိဘူး။ ရထားကလည်း သူ့ရထား မဟုတ်ဘူး။ နေမယ်ဆို အနေသာကြီး။ ဒါပေမဲ့ ကလေးအသက်ထက် သူ့ကားကို ဦးစားပေးတယ်လို့ အပြစ်မြင်မယ်ဆို တော်လှန်ရေးမှာ ဘာမှ ဝင်မကူတာဟာလည်း အပြစ်လို့ ဆိုရမယ်။

စဉ်းစားကြည့်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ဖို့ပါ။

◾️ဒီဇာတ်လမ်းနဲ့ ဆင်တူတာက Trolley Problem.

တော်တော်များများ ကြားဖူးမယ် ထင်တယ်။ အဲဒါကတော့ ကလေးနဲ့ ကိုယ့်ကား မဟုတ်ဘူး။ လူ ၅ ယောက်နဲ့ ၁ ယောက်ကို ရွေးရမှာ။ ပုံမှန်ဆို ဒီရထားက ၅ ယောက်ကို တက်ကြိတ်မယ်။ လမ်းလွှဲလိုက်ရင် ၁ ယောက်ပဲ သေမယ်။ ၅ ယောက် အသက်ရှင်ရမယ်။ မင်း ဘာလုပ်မလဲ။

အများစုကတော့ ၅ ယောက်ကိုပဲ ရွေးမှာပေါ့လို့ ဖြေလိမ့်မယ်။ ဘဝမှာ တစ်ခါတလေတော့ အဲဒီလို ဆုံးဖြတ်ရတာတွေ ရှိတယ်။ ခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆို ပိုသိလိမ့်မယ်။ အနည်းကို မစတေးနိုင်ရင် အများတင်မက အားလုံးကိုပါ ဒုက္ခပေးသလို ဖြစ်သွားတာပေါ့။

◾️စဉ်းစားစရာက အဲဒီ ၅ ယောက် သေသွားရင် ကိုယ်နဲ့ မဆိုင်လှဘူး။ နဂိုကတည်းက ရထားလမ်းပေါ် ရှိနေကြတာ။ ကိုယ် မောင်းတံကို နှိပ်လိုက်လို့ လမ်းလွှဲသွားရင်တော့ သေသွားတဲ့ ၁ ယောက်က ကိုယ့်အပြစ်ကြောင့် ဖြစ်သွားမယ်။ ကိုယ်လုပ်လိုက်လို့သာ ဖြစ်သွားတာကိုး။

၅ ယောက်ကလည်း ကိုယ်နဲ့ ဆိုင်တယ်၊ ကိုယ်လမ်းမလွှဲလို့သာ သေရတာဆိုရင် လက်ပိုက်ကြည့်နေခြင်း၊ လျစ်လျူရှုခြင်းတွေဟာလည်း အပြစ်လို့ ခံယူသလို ဖြစ်သွားပြန်မယ်။

◾️တစ်ခါ၊ ၅ ယောက်ကို ရွေးလိုက်တယ် ဆိုပါတော့။ သေသွားတဲ့ ၁ ယောက်က CDMer ဖြစ်နေပြီး ၅ ယောက်က စခတွေ ဖြစ်နေရင်ရော အဲဒီ ၅ ယောက် – ၁ ယောက် လော့ဂျစ်က ဖြစ်သင့်သေးရဲ့လား။ ခင်ဗျားလည်း ကြိုးဖြေပြီးရော ဒင်းတို့က ဓါးပြပြန်တိုက်မသွားရင်တောင် ကံကောင်းလေ။

အဲဒီလိုဆို Veil of ignorance ကရော မှန်ပါဦးမလား။ Veil ဆိုတာ လိုက်ကာ ခန်းဆီး။ ပစ္စည်းပေးတဲ့အခါ လိုက်ကာရဲ့ နောက်မှာ ဘယ်သူတွေ ရှိနေတယ်ဆိုတာကို လျစ်လျူရှုပြီး ပေးလိုက်ပါတဲ့။ အဓိပ္ပါယ်က ပေါ်လစီတွေ ချမှတ်တဲ့အခါ၊ စီမံကိန်း​တွေ အ​ကောင်အထည် ​ဖော်တဲ့အခါ အကျိုးရှိသွားမဲ့သူတွေကို ဘာသာ၊ လူမျိုး၊ ကျားမ စသဖြင့် မခွဲခြားဘဲ၊ ဘက်မလိုက်ဘဲ လုပ်ဖို့ ပြောတာ။ (ဥပမာ ကိုယ်က ဗမာမို့ ကရင်နီဘက်ဆို သိပ်မကူချင်တာမျိုး)

အဲဒီတော့ ဘယ်သူတွေမှန်း မသိခင်က ၅ ယောက်ကို ရွေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်သူတွေမှန်း သိသွားတဲ့အချိန်မှာ မတူတော့ပြန်ဘူး၊ မမှန်တော့ပြန်ဘူး ဖြစ်သွားတတ်တယ်။

နောက်ထပ်တစ်ခုကတော့၊ အဲဒီတစ်ယောက်ဟာ ကိုယ့်မိသားစုဝင် ဖြစ်ခဲ့ရင်ရော ဆိုတာပဲ။

စဉ်းစားစရာတွေပါ။

◾️ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မွေးနေ့လက်ဆောင်ပေးပါ ဆိုပြီး ငွေကူခိုင်းတယ်။ ပေ့ချ်မှာ အမိုးအကာ၊ အကောင့်မှာက ပွဲကမဲ့ ကမ်ပိန်းတွေ။ ပေ့ချ်က အကောင့်ထက် ဖော်လိုဝါ ၂ ဆလောက် ပိုများတယ် ဆိုပေမဲ့ အကောင့်က ပို့စ်ကိုလည်း မထရီဇာ၊ ကိုဇင်​​ဇေ၊ သုသု၊ မြတ်နိုးအေး၊ နော်ထိုက် စတဲ့ နာမည်ကျော်တွေ ဝိုင်းရှယ်ပေးကြတယ်။ ဒါကြောင့် ပျံ့နှံ့မှုချင်းက သိပ်မကွာဘူးပဲ ဆိုပါတော့။

ရလဒ်က ခန့်မှန်းခြေအရ အမိုးအကာ ကမ်ပိန်းက သိန်း ၄၅၀ ဝန်းကျင် ရသွားပြီး ပွဲကမဲ့ ကမ်ပိန်းတွေက ၄ ခုပေါင်းမှ သိန်း ၂၀၀ ဝန်းကျင်ပဲ ရတယ်။ ၂ ဆကျော် ကွာတယ် ပြောရမယ်။ ‘ဓမ္မ’ မိတ်ဆွေထက် ‘ဓါးမ’ မိတ်ဆွေတွေက ပိုနည်းနေတဲ့သဘော။

◾️ဘာလို့များလဲ စဉ်းစားကြည့်တော့ လက်နက်ကိုင် တော်လှန်ရေးထက် လူသားချင်း ကူညီပေးတာကို ပိုလုပ်ချင်ကြတာလား ဆိုတာကို သွားတွေးမိတယ်။

ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် တော်လှန်ရေးအစမှာ ဒွိဟဖြစ်ခဲ့ဖူးတယ်။ တချို့ဆို သတိထားမိမယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှ ကမ်ပိန်းတွေကို ဝိုင်းကူဖြစ်ခဲ့တာ။ ဘာလို့ဆိုတော့ ဒီကိစ္စတွေက အစဉ်အလာ ဗုဒ္ဓဘာသာအနေနဲ့ဆို ငရဲကြီးမဲ့ ကိစ္စတွေကိုး။ လူ့အသက်တွေ ပါတယ်။ မိသားစု ပြိုကွဲတာတွေ ပါတယ်။ မျက်ရည်တွေ ပါတယ်။ ကျွန်တော်ဆိုလည်း ခြင်လောက်ပဲ အကြီးဆုံး သတ်ဖူးတာလေ။ နောက်မှ ဒီ Dilemma ကို ကျော်နိုင်သွားတာပေါ့။

◾️ငရဲကြီးကာမှသာ ကြီးရော၊ ခုလက်ရှိ ကျနေတဲ့ မျက်ရည်တွေကိုတော့ သုတ်ပေးမှ ရလိမ့်မယ်လို့ ခံယူလိုက်တယ်။ ကိုယ်တစ်ယောက် ငရဲကြီးမှာဆိုပြီး ဒီအဖြစ်အပျက်ကြီးကို လက်ပိုက်ကြည့်နေတာမျိုးက ဘယ်လိုနည်းနဲ့မှ အဓိပ္ပါယ် မရှိဘူး။

ဒါကြောင့်မို့လည်း ဒီကာလမှာ Secular Buddhist တစ်ယောက် ဖြစ်လာခဲ့တယ်လို့ ​ပြောရမယ်။ (အဲဒီအကြောင်း အသေးစိတ် ရေးဖူးပါတယ်။) လိုတိုရှင်း ပြောရရင် “ဗုဒ္ဓကို တန်ခိုးရှင်ဆန်ဆန် ကိုးကွယ်တာတွေ၊ သက်သေမပြနိုင်တဲ့ ကိစ္စတွေကို ဖယ်ပြီး လက်ရှိဘဝမှာ ကောင်းအောင် နေဖို့အတွက်ပဲ သူ့အဆုံးအမကို နာယူကျင့်သုံးတဲ့သူ”လို့ ဆိုနိုင်တယ်။

◾️ပြောရရင် ဒီတော်လှန်ရေးမှာ Humanism နဲ့ Buddhism တို့ လွန်ဆွဲနေတာပဲ။ Humanism အရဆို လုပ်သင့်တဲ့ ကိစ္စပဲ။ လူပေါင်းများစွာ သေကြေပျက်စီးနေတယ်။ တစ်ဖက်က သယံဇာတတွေ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ တည်ထောင်ထားတာ ဖြစ်တယ်။ ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုထားတယ်။ ဒီမှာက ဒေါ်လာ ၁ သိန်းလောက်ကို သေမလောက် ရှာနေကြရတာ။ ရှုံးများသွားခဲ့ရင်လည်း ဘဝပေါင်းများစွာ အနာဂတ် မဲ့ကုန်ကြမယ်။ Buddhism အရကျတော့ မလုပ်သင့်တဲ့ ကိစ္စပဲ။ ခက်တာကလည်း အကြမ်းဖက်စစ်တပ်ဆိုတာက ခု​နေ ဗုဒ္ဓကိုယ်တိုင် တရားဆင်း​ဟော​တောင် ရပ်မဲ့သူ​တွေ မဟုတ်ဘူး။

ကနောင်မင်းသားကြီး ရေမြှုပ်မိုင်း စမ်းသပ်တာကို ငါးကလေးတွေ သေရလို့ ပိတ်ပင်တာမျိုး၊ ခွေးလေခွေးလွင့် နှိမ်နင်းရေး ပြဿနာမျိုးနဲ့ ခပ်ဆင်ဆင်တူတယ်။

◾️နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဘာသာရေး မရောတာ ကောင်းပေမဲ့ ခုကျ ပြည်သူ့အားနဲ့ မောင်းနှင်နေတဲ့ တော်လှန်ရေး ဖြစ်တဲ့အခါ ဒီပြည်သူအများစုရဲ့ ကိုးကွယ်ယုံကြည်မှုကိုလည်း ထည့်မစဉ်းစားလို့ မရပြန်ဘူး။

ဒီလိုမျိုး မွေးကတည်းက ခံယူကျင့်သုံးလာတဲ့ ဘာသာတရား ယုံကြည်မှုတွေကို တစ်ရက် တစ်မနက်နဲ့ ပြင်ဖို့ဆိုတာ အတော်ခက်ပါတယ်။ လူကြီးပိုင်းတွေဆို ပိုဆိုးမယ်။

သို့သော် အနိမ့်ဆုံးအနေနဲ့ စစ်ရှောင်အကူအညီလောက်တော့ ပေးဖို့ လိုပါလိမ့်မယ်။ အဲဒါကတော့ ဘယ်ဘာသာတရား အဆုံးအမနဲ့မဆို ကိုက်ညီမယ် ထင်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ Negative Energy တွေ၊ Low vibe တွေ ဆိုပြီး ကိုယ်တစ်ယောက်တည်း ဇွတ်အေးချမ်း၊ ဇွတ်လွတ်မြောက်ချင်နေရင်တော့ အတော်လေး အတ္တကြီးတယ်၊ ကိုယ့်ကိုယ်ကိုယ် ညာနေတယ်ပဲ ပြောရပါလိမ့်မယ်။

◾️နောက်ဆုံးတစ်ခုကတော့ ကိုယ်ချင်းစာတရားအကြောင်း။ အဲဒီမွေးနေ့တုန်းက ကမ်ပိန်း ၄ ခုပဲ ကျွန်တော် ရွေးလိုက်တယ်။ အဓိကက ငွေခေါင်းကွဲမှာ စိုးလို့။ တစ်ခုဆို တစ်ခုပဲ ထိထိရောက်ရောက် ဖြစ်သွားချင်လို့။

ဟုတ်ပြီ။ ဒါဆို ကိုယ်သာ တခြားကမ်ပိန်းတစ်ခုခုကို လုပ်နေတဲ့သူ၊ အဲဒီဒေသက ရဲဘော်တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲပေါ့။

ဘယ်ကြိုက်မလဲ။ အားလည်းလျော့တာပေါ့။ စိတ်တိုနေတဲ့အချိန်မျိုးဆို၊ ငါတို့ကျ ဘာလို့ မကူတာလဲ၊ S ရေးမပါလို့လား၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတာလားတောင် ဆဲချင်ဆဲမိဦးမယ်။

◾️ဒါဖြင့် အကုန်ကြော်ငြာနေပြန်ရင်လည်း အဆင်က မပြေပြန်ဘူး။ ဒီတော့ အသည်းမာမာနဲ့ပဲ လုပ်ရပြန်ရော။

အဲဒီလို ကိုယ်ချင်းစာတတ်တော့လည်း အပြစ်လာတင်ရင် ကျေနပ်သွားအောင် တောင်းပန်ဖြစ်တယ်။ ရှင်းပြဖြစ်တယ်ပေါ့။ သို့သော် အလုပ်လုပ်တဲ့အခါ၊ အထူးသဖြင့် ခေါင်းဆောင်မှု ပေးတဲ့အခါကျ ကိုယ်ချင်းစာတရားကိုပဲ အမြဲရှေ့တန်းတင်နေလို့က မရပြန်ဘူး။

ရည်းစားထားသလိုပေါ့။ ကိုယ်ချစ်တဲ့သူက ကိုယ့်ပြန်မချစ်ရင် အသည်းကွဲရတယ်လေ။ အဲဒါနဲ့ပဲ ကိုယ့်ကို လာချစ်သမျှ လူတိုင်းကို ငါ့လို အသည်းကွဲမှာ စိုးတယ်လေ ဆိုပြီး ပြန်ချစ်ပေးနေလို့မှ မရတာ။

◾️ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာမို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရတဲ့ လမ်းဆုံလမ်းခွတွေနဲ့လည်း ကြုံရနိုင်ပါတယ်။ “ပစ်ရမှာလည်း အဆီနဲ့တဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်” ဆိုသလိုပေါ့။ တစ်ခါတလေလည်း ဦးနှောက်က ခိုင်းတာတစ်မျိုး၊ နှလုံးသားက ခိုင်းတာတစ်မျိုး ဖြစ်နေတာတွေ၊ ကိုယ့်အတွက်ပဲ စဉ်းစားရင် တစ်မျိုး၊ မိသားစု ပါလာရင်ကျ တစ်မျိုး ဖြစ်သွားတာတွေ ရှိပြန်သေးတယ်။ လူအများရဲ့ ဖိအားကိုလည်း ခံကြရတယ်။ အဲဒီနောက်ကိုလည်း ရောယောင်ပြီး ပါသွားတတ်တယ်။

ဒီလိုနဲ့ပဲ အမှားတွေ၊ နောင်တတွေ၊ ခုတော့ မှန်နေသလိုနဲ့ နောင်မှ မှားမှန်း သဘောပေါက်လာတာတွေ၊ စိတ်အလိုမကျမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမှုတွေ၊ လစ်ဟာနေမှုတွေ ခံစားနေကြရတာပေါ့။ ဒါကိုကပဲ ဘဝရဲ့ ရှောင်လွှဲလို့ မရတဲ့ အစိတ်အပိုင်းတွေလို့ ဆိုချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၄.၆.၂၀၂၃

(ဓါတ်ပုံကတော့ ရယ်စရာပါ။ ကိုယ်တို့ လူအစစ်တွေသာ လမ်းလွှဲရမလား၊ မလွှဲရဘူးလား တွေဝေနေကြတာ။ ဒင်းတို့ ၂ ပိုင်း ၁ ပိုင်းတွေကတော့ အေးဆေးပဲ၊ ကိုယ့်ကို ဆန့်ကျင်သူဆို အကုန်အပြတ်ရှင်းမယ် ဆိုတာမျိုးလောက်ပဲ စဉ်းစားကြတာလေ။ ဘာမှ သိပ်တွေဝေမနေဘူး။ ဒါ​ကြောင့် ဒီ​တော်လှန်​ရေးမှာ အခက်ခဲဆုံးက ဘာလဲဆို လက်နက်အင်အား ကွာခြားမှု မဟုတ်သလို၊ နိုင်ငံတကာ အကူအညီ မရတာလည်း မဟုတ်ပါဘူး။ Moral value ဆိုလို့ တစ်ပြားဖိုးမှ မရှိတဲ့သူ​တွေနဲ့ ရင်ဆိုင်​နေရခြင်းပဲ ဖြစ်ပါတယ်။)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )




11 responses to “ကိုယ်ကျင့်တရားဆိုင်ရာ ​တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )”

  1. ကိုယ်ချစ်တဲ့သူက ကိုယ့်ပြန်မချစ်ရင် အသည်းကွဲရတယ်လေ။ အဲဒါနဲ့ပဲ ကိုယ့်ကို လာချစ်သမျှ လူတိုင်းကို ငါ့လို အသည်းကွဲမှာ စိုးတယ်လေ ဆိုပြီး ပြန်ချစ်ပေးနေလို့မှ မရတာ။

    Like

  2. တော်လှန်မွေးနေ့ပါ ဆရာ
    ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ
    ဆရာ့စာတွေအမြဲဖတ် /နားထောင်ပါတယ်

    Like

  3. မှန်တာပေါ့ ကိုယ်လည်း အဲ့လို ဝေခွဲမရဖြစ်ဖူးတယ် သို့ပေမယ့် လက်ရှိဘဝ လက်ရှိလူတွေကိုပဲ မျက်ရည်သုတ်ပေးဖို့ ရွေးချယ်ခဲ့တယ်

    Like

  4. ကိုယ့်ကိုလာချစ်ရင်တော့ စဉ်းစားမနေဘူး ပြန်ချစ်လိုက်တာပဲ။😁😁

    Like

Leave a reply to Ma Zin Cancel reply