
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း)
ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။
“ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ”
ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း
“ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ”
ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။
အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး စုမှူးတိုက်မောင်းနှင့် ကိုမဟာတို့ ကြိုးဝိုင်းထဲမှာ ပုဝါမကူ၊ ရေမရှူကြေး ယှဉ်ပြိုင်ထိုးရန် ချိန်းဆိုထားသည့်နေ့ ဖြစ်၏။ ထို့ကြောင့် ဆရာအောင်လက နောက်မကျစေရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
*
လက်နှင့်ထိသမျှ ရွှေဖြစ်အောင်ရိုက်ကူနိုင်သည့် ဒါရိုက်တာကြီးတိုက်မောင်းနှင့် အဆို၊ အငို၊ အပြော၊ အရွတ်၊ အရေး ဘက်စုံပိုင်နိုင်သော အကယ်ဒမီဆုများရှင် မီဂါစတားမင်းသားကြီး မဟာချိုတို့ ဝမ်းဘိုင်ဝမ်း ထိုးကြမည့်ပွဲ ဖြစ်သဖြင့် ကြိုးဝိုင်းထဲ၌ ပရိသတ်များ ကြိတ်ကြိတ်တိုးလျက်ရှိနေသည်။
မြန်မာနောင်း၊ မဇ္ဈိမ၊ ခေတ်သစ်၊ PVTV၊ DNA စသော မီဒီယာများကလည်း သတင်းယူရန် အဆင်သင့် ရောက်ရှိနေကြပြီ။ ရေဒီယိုနုကြည်ကလည်း ထိုအစီအစဉ်ကို တိုက်ရိုက်အသံလွှင့်ပေးလျက် ရှိနေသည်။ ပဒေသာပင် ‘ပေးချယ်နယ်’ ကလည်း တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်ပေးနေ၏။
ကြိုးဝိုင်းတစ်နေရာ၌ သတင်းထောက်မလေး ဂျာမုန်းက ဒါရိုက်တာကြီးတိုက်မောင်းကို အင်တာဗျူးနေသည်။ သို့သော် ဂျာမုန်းက ဘာမေးမေး စုမှူးတိုက်မောင်းကြီးက
“လူဆိုတာ ကောက်ကြောင်းလှဖို့ အရေးကြီးတယ်”
ဟုသာ ထပ်တလဲလဲ ဖြေနေသဖြင့် ဂျာမုန်းအခက်တွေ့နေရသည်။
ထိုစဉ် ပရိသတ်များ အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားပြီး လက်ခုပ်ဩဘာများ ဝိုင်းတီးလိုက်ကြသည်။ အကြောင်းမှာ မင်းသားကြီး မဟာချို ကြိုးဝိုင်းအတွင်းသို့ ဝင်လာသောကြောင့် ဖြစ်သည်။
စုမှူးတိုက်မောင်းနှင့် ကိုမဟာတို့ ယှဉ်ပြိုင်ထိုးကြမည့်ကြိုးဝိုင်းမှာ လက်ဝှေ့ကြိုးဝိုင်း မဟုတ်ချေ။ သစ်အုပ်ကြီးနေရဲ၏ ကျွန်းသစ်တောကြိုးဝိုင်း ဖြစ်လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ စုမှူးတိုက်မောင်းကြီးသည် လက်ရည်ကျင့်သားရပြီးသူ သဘာရင့်တစ်ယောက်ဖြစ်သောကြောင့် လက်ရည်နုသော ကိုမဟာကို ညှာတာထောက်ထားသောအားဖြင့် နှစ်သက်ရာကြိုးဝိုင်းကို ရွေးချယ်ခွင့်ပေးလိုက်ခြင်းဖြစ်ရာ ဉာဏ်များသူပီပီ ကိုမဟာကလည်း မိမိချောင်ပိတ်ပြီး အနှက်မခံရစေရန် ကျယ်ကျယ်ဝန်းဝန်းရှိသော သစ်အုပ်ကြီး၏ သစ်တောကြိုးဝိုင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ စုမှူးတိုက်မောင်းမှာ ကွင်းမရွေးသူဖြစ်သောကြောင့် မျက်နှာတစ်ချက်မပျက်ဘဲ ခေါင်းညိမ့်လိုက်သည်။
ကြိုးဝိုင်းအတွင်းသို့ ဟန်ရေးပြပြီး ဝင်လာသော ကိုမဟာသည် ဗီအိုင်ပီတန်းတွင်ထိုင်နေသော ကိုပဒေသာကို မြင်လိုက်ရသဖြင့် တွန့်ခနဲ တစ်ချက်ဖြစ်သွား၏။ သို့သော် ကိုပဒေသာက ကိုမဟာကို သွားထပ်လေးများပေါ်အောင် ရယ်ပြလျက်
“ကျနော်က ရယ်သူပါ” ဟု အရွှန်းဖောက်လိုက်ရာ ကိုမဟာကလည်း
“ကိုယ်ကလည်း မဟာပါချို” ဟု ယောင်ပြီး ပြန်ပြောမိလိုက်သည်။ ထို့နောက် ကိုမဟာသည် ဆွီတီမအကြောင်း မေးမည်ပြုလိုက်ပြီးမှ အမြန်ပြန် ဘရိတ်အုပ်လိုက်သည်။ သို့မဟုတ်ပါက စုမှူးတိုက်မောင်းနှင့် မထိုးရခင် ကိုပဒေသာနှင့်အရင် တစ်ပွဲတစ်လမ်း ဖြစ်သွားနိုင်၏။
ဤသို့ဖြင့် စုမှူးတိုက်မောင်းနှင့် ကိုမဟာတို့ သတ်မှတ်ထားသော ထောင့်ကိုယ်စီတွင် အသီးသီး နေရာယူလိုက်ကြသည်။ ကြိုးဝိုင်းအတွင်း၌ ကိုမဟာတို့ ဟဲဗီးဝိတ်ပွဲမတိုင်ခင် ကြားပွဲတစ်ပွဲလည်း စီစဉ်ထားသေးသည်ဖြစ်သောကြောင့် ထိုပွဲကို အရင်ကြည့်ရှုအားပေးနေရသည်။
အပျော်တမ်း လက်ဝှေ့သမားလေးများဖြစ်ကြသည် ‘အောင်ကို’ နှင့် ‘နိုင်ကို’ တို့ ထိုးကြမည့်ပွဲဖြစ်သည်။ ဒိုင်လူကြီးက သစ်အုပ်ကြီး ကိုနေရဲပင်။ ‘ဒေါင်’ ခနဲ အချက်ပေးခေါင်းလောင်းထိုးသည်နှင့် အောင်ကိုနှင့် နိုင်ကိုတို့ ဘတစ်ပြန်၊ ကျားတစ်ပြန် ထိုးကြလေသည်။ ထိုးရင်းထိုးရင်း လူချင်းပူးကပ်ပြီး လုံးနေကြသဖြင့် အောင်ကိုလား၊ နိုင်ကိုလား ခွဲမရ ဖြစ်ကုန်ကြ၏။
ပရိသတ်များကလည်း
“အောင်ကို အောင်ရမည်”
“နိုင်ကို နိုင်ရမည်”
ဟု အသီးသီး တစ်ခဲနက် အားပေးနေကြသည်။ အောင်ကိုနှင့် နိုင်ကိုတို့မှာ အပျော်တမ်းသမားများဆိုသော်လည်း တစ်ယောက်နှင့်တစ်ယောက် မညှာတမ်း ထိုးကြသည်ဖြစ်သောကြောင့် ပွဲမှာ အင်မတန်ကြည့်ကောင်းလှသည်။ သို့သော်လည်း လက်ရည်တူနေကြသဖြင့် နောက်ဆုံး သရေနှင့်သာ ပွဲသိမ်းသွားလေသည်။
အောင်ကိုနှင့် နိုင်ကိုတို့ပွဲပြီးသော် ဒိုင်လူကြီးကိုနေရဲက
“အခု တစ်ယောက်နဲ့တစ်ယောက် ရည်းစားလုဖက်များလို မညှာတမ်း ယှဉ်ပြိုင်ထိုးကြမှာကတော့ တပ်စုမှူးတိုက်မောင်းနဲ့ မင်းသားကြီးမဟာချိုတို့ပဲ ဖြစ်ပါတယ်ခင်ဗျား”
ဟု ကြေငြာပေးလိုက်ရာ ပရိသတ်များ နှစ်ထောင်းအားရလျက် ဩဘာသံများ ဒေါနတစ်ခွင်လုံး သောသောညံသွားလေသည်။
ကြိုးဝိုင်းထဲနှင့် စုမှူးတိုက်မောင်းနှင့် ကိုမဟာတို့ မျက်နှာချင်းဆိုင်လိုက်သည်။
“မဟာရေ၊ ပညာကုန် ထုတ်သုံးစမ်းကွာ”
စုမှူးတိုက်မောင်းက လက်ဖျံရိုးသုံးချောင်းရှိသော သူ၏ညာလက်ရုံးကို ဆန့်တန်းလျက် ပြောလိုက်သည်။
“စောင့်ကြည့်လိုက်ပေါ့ ကိုတိုက်မောင်းရာ”
ကိုမဟာကလည်း ကျောက်ဆောင်ကျောက်သားကဲ့သို့ မာကြောလျက်ရှိသော သူ့ကောက်ကြောင်းကြီးကို တဖတ်ဖတ်ရိုက်လျက် ပြန်စိန်ခေါ်လိုက်သည်။
ထို့နောက် မျက်လုံးချင်း ဆိုင်လိုက်ကြသည်။
ထို့နောက် လက်သီးချင်း ဆိုင်လိုက်ကြသည်။
‘ဒေါင်’
ခေါင်းလောင်း စ တီးသည်နှင့် စုမှူးတိုက်မောင်းသည် မုန်ယိုနေသော ဆင်ရိုင်းတစ်ကောင်ကဲ့သို့ ကိုမဟာကို တဟုန်ထိုး ဝင်တိုးလေတော့သည်။ အစပိုင်းတွင် ကိုမဟာသည် အရှောင်အတိမ်း၊ အခုအခံလေးများဖြင့် လှလှပပ ပြန်ကစားရင်း မိမိ အထူးလေ့ကျင့်ထားသော ‘မြိုကွက်’ ကို ထုတ်သုံးနိုင်ရန်အတွက် ချပ်ဝတ်တန်ဆာကြိုးပြုတ်နေသော ဂါမဏိကို သမိန်ပရမ်းက အလစ်အပေးဘဲ ချောင်းနေသကဲ့သို့ စုမှူးတိုက်မောင်း၏ ဟာကွက်ကို ကုန်းလိုက်ကွလိုက်၊ ငုံ့လိုက်ငဲ့လိုက်ဖြင့် လှည့်ပတ်ပြီး ချောင်းမြောင်းနေလေ၏။ ထိုအချက်ကို ကြိုသိသောကြောင့်လား မသိ။ စုမှူးတိုက်မောင်းက ခါတိုင်းကဲ့သို့ ပုဆိုးမဝတ်ဘဲ စတော့ကင်ဘောင်းဘီ ဝတ်ချလာသဖြင့် ကိုမဟာ အကွက်မမြင်ဘဲ ဖြစ်နေရသည်။
တကယ်တမ်းတွင် စုမှူးတိုက်မောင်းနှင့် ကိုမဟာမှာ လက်ဝှေ့ရေး၌ ပညာရော၊ သဘာရော ကွာခြားလှလေသည်။ အစပိုင်းတွင် မသိသာလှသော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ ကိုမဟာချို လက်ပမ်းကျလာလေသည်။
‘ဒေါင် ဒေါင်’
ပွဲနားချိန်ရောက်သွားသဖြင့် စုမှူးတိုက်မောင်းနှင့် ကိုမဟာတို့ မိမိတို့နေရာအသီးသီး၌ ပြန်ထိုင်လိုက်ကြသည်။ နည်းပြဆရာ ကိုအောင်လက ကိုမဟာချိုအနီးသို့ ရောက်လာပြီး မျက်နှာတည့်တည့်ကို ဖူးခနဲ ရေတွေငုံပြီး မှုတ်ထုတ်ပေးလိုက်သည်။
“ဟာ ဆရာအောင်လ ဘာတွေလဲ”
“ရေမန်းလေ၊ လက်ဝှေ့ကျော်ကြီး မြွေဟောက်သင့်သူ လက်ဆောင်ပေးထားတာလေ”
ထို့နောက် ဆရာအောင်လက ကိုမဟာကို အနီးကပ်ပို့ချနေ၏။
“မဟာရေ၊ မြိုကွက်ကို သိပ်အားမကိုးနဲ့၊ မြိုကွက်ဆိုတာ ချက်ကောင်းမိမှ ပွဲသိမ်းတာ၊ ဒီပွဲမှာတော့ အဲ့ဒီအကွက်က သိပ်မဟန်ဘူး”
“ဒါဆို ကိုက်ကွက် ထုတ်သုံးရမလား ဆရာ”
“ဟ အဲ့ဒီအကွက် ငါမှ မသင်ထားတာ၊ မင်း ဘယ်က တတ်လာတာလဲ”
ရှင်းပြလျှင် ပေရှည်နေမည်ဖြစ်သောကြောင့် ကိုမဟာ ဘာမှ ဆက်မပြောတော့ဘဲ အသက်ကိုသာ မှန်မှန်ရှူနေလိုက်၏။
အခြားတစ်ဖက်တွင်လည်း စုမှူးတိုက်မောင်းကို နည်းပြဖြစ်သူက လိုအပ်သည်များ မှာကြားနေ၏။ စုမှူးတိုက်မောင်း၏ နည်းပြမှာ အခြားသူ မဟုတ်ချေ။ ကိုပဒေသာ ပင် ဖြစ်၏။ ကိုမဟာက အံ့ဩသွားဟန်ဖြင့် ကြည့်လိုက်ရာ ကိုပဒေသာက သွားထပ်လေးများပေါ်အောင် ပြန်ရယ်ပြလိုက်လေသည်။ သို့သော် ကိုပဒေသာကိုတွေ့တိုင်း ဆွီတီမမျက်နှာကိုသာ မြင်ယောင်နေမိသော ကိုမဟာမှာ ကြက်သီးမွေးညင်းများ ထသွားလေ၏။
‘ဒေါင်’
ပွဲပြန်စလျှင်စချင်း ကိုမဟာချိုသည် ဆွီတီမနှင့်အတူ အထူးလေ့ကျင့်ထားသော ‘ဆင်ဝှေ့ရန်ရှောင်’ အပြေးကွက်ကို ထုတ်သုံးလိုက်သည်။ ကျယ်ဝန်းလှသော ကျွန်းသစ်တောကြိုးဝိုင်းကြီးထဲတွင် ကိုမဟာချိုက ရှေ့ကပြေးပြီး စုမှူးတိုက်မောင်းကြီးက နောက်ကလိုက်နေသည်မှာ ဘိုးတော်ဦးဝိုင်း၏ လှေပြိုင်ပွဲကဲ့သို့ ဖြစ်နေလေတော့၏။
သို့သော် သစ်အုပ်ကြီးနေရဲ၏ ကျွန်းသစ်တောကြိုးဝိုင်းကြီးမှာ မြေနေရာပိုများပြီး ကျွန်းပျိုးပင်စိုက်ပျိုးသည့်သူ နည်းပါးနေသေးသဖြင့် ကိုမဟာမှာ လှည့်ပတ်ကွေ့ကောက် ပြေးလွှား၍ မရဘဲ ဖြစ်နေ၏။ ထို့ကြောင့် နောက်ဆုံးတွင် ချောင်ပိတ်ပြီး ဆက်ပြေး၍မရသော ကိုမဟာကို စုမှူးတိုက်မောင်းက ‘ကျား’ ဟု ညာသံပေးလျက် လွှားခနဲ ခုန်အုပ်လိုက်နေတော့သည်။
**
လက်ဝှေ့ပွဲကား ပြီးဆုံးသွားလေပြီ။
ကြိုးဝိုင်းကြီးအတွင်း၌ မည်သူမျှ မရှိကြတော့ချေ။ သို့သော် စုမှူးတိုက်မောင်း ကိုမဟာကို ခုန်အုပ်လိုက်သောနေရာ၌ လူသုံးဦး ရောက်ရှိနေသည်။ ကြိုးဝိုင်းကြီး၏ ခြေရာလက်ရာများကို ကြည့်ရှုကြရင်း
“ရှုံးသွားတာ ဘယ်သူဖြစ်မလဲ”
တစ်ယောက်က မေးခွန်းထုတ်လိုက်၏။
“မဟာထင်တာပဲ”
“ဘာဖြစ်လို့လဲ”
“ဟာ ဒီလူက မိန်းမကြောက်တော့ အခုလည်း အကျင့်ပါပြီး ပွဲမြန်မြန်ပြီးအောင် အရှုံးပေးလိုက်တာဖြစ်မယ်”
တစ်ယောက်က ခေါင်းကိုခါယမ်းလျက်
“ငါကတော့ စုမှူးတိုက်မောင်းပဲ ထင်တယ်”
“ဘာကြောင့်လဲ၊ ပြောပါဦး”
“ဟာ ဒီလူက လုပ်လိုက်တိုင်း အမြဲ စွတလွဲတွေချည်းပဲလေ၊ အဲ့ဒီ လွဲတဲ့အကြောင်းတွေတောင် စာအုပ်ထုတ်ထားသေးတာ၊ အခုလည်း မဟာကို ခုန်အုပ်လိုက်တာ လွဲသွားပြီး မြေကြီးနဲ့မိတ်ဆက်ရင်း ဂါသွားတာဖြစ်နိုင်တယ်”
“နိုး နိုး၊ မင်းတို့ နှစ်ယောက်လုံးပြောတာ မဟုတ်သေးဘူး”
နောက်ဆုံးတစ်ယောက်က ဝင်ပြောလိုက်၏။
“ဒါဆို မင်းက ဘယ်သူထင်လို့လဲ”
ကျန်နှစ်ဦးက မေးလိုက်ရာ ထိုသူက ချက်ချင်းမဖြေသေးဘဲ အိတ်ကပ်ထဲမှ ပုလင်းပြားလေးကို ထုတ်မော့လိုက်ပြီး ‘ဟား’ ခနဲ လုပ်လိုက်သည်။
“ဒီမှာတွေ့လား၊ ခြေရာတွေက သုံးမျိုး ရှိနေတာ၊ ဒါက မဟာခြေရာ၊ ဒါက တိုက်မောင်း၊ ဒီဟာက သစ်အုပ်ကြီးနေရဲ”
“အဲ့ဒီတော့”
“ဖြစ်ပုံက ဒီလို၊ မဟာက ပြေးရင်းချော်လဲ၊ တိုက်မောင်းက ခုန်အုပ်၊ အဲ့ဒီအချိန်မှာ သစ်အုပ်ကြီးက သူ့ကျွန်းပျိုးပင်ပေါက်တွေ ထိခိုက်မှာစိုးရိမ်ပြီး လိုက်ဝင်ကာ၊ တိုက်မောင်းက ထုံးစံအတိုင်းလွဲပြီး သစ်အုပ်နေရဲကို ချော်ထိုးမိ၊ အဲ့ဒီမှာ ဒိုင်ပွဲရပ် ဖြစ်သွားတာ”
ထိုသူက ရှင်းပြပြီးနောက် ပုလင်းထဲမှ လက်ကျတ်ကိုမော့ပြီး ‘ဟား’ ခနဲ လုပ်လိုက်ပြန်သည်။
ထို့နောက် သုံးဦးသား ကြိုးဝိုင်းထဲမှ ထွက်ခွါလာကာ ပဒေသာပင်ကြက်ခြံထဲသို့ ဝင်သွားကြလေတော့သတည်း။
အွန့်အွန့် – Burmese Alphabet
(ဘာသာပြန်ဟာသ)
>> သစ်အုပ်ကြီး၏ကြိုးဝိုင်းကို အားဖြည့်ရန် <<
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
8 responses to “ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet”
Nice article.
LikeLike
Like
LikeLike
🥰🥰
LikeLike
❤️❤️❤️
LikeLike
“လူဆိုတာ ကောက်ကြောင်းလှဖို့ အရေးကြီးတယ်”
LikeLike
ဆွိတီ မ ဘာဖြစ်သွားလို့လဲ
ဆိတ်ကြောင်းတယ် ဖိနပ်တွေကိုက်လို့တဲ့
နောက်ပိုင်းဘာဖြစ်သွားလဲမသိ အဆက်ပြတ်သွားတယ်
LikeLike
♥️
LikeLike
Great article 🧠
LikeLike