နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )

နွေဦးဖတ်စာ – ၄

“ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့”

“ဟာ လုပ်လာပြန်ပြီနော်”

တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။

“ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ”

မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။

“ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ”

ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။

“အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့”

ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။

“ဟာ Energy Bar တွေပါလား”

ကိုလင်းထက်အောင်က ဝမ်းသာအားရပြောပြီး ချက်ချင်းပင် တစ်ချောင်း ယူဖောက်စားလိုက်သည်။ ဆရာဖြိုးနှင့် ကိုဇင်ဇေလည်း တစ်ယောက်တစ်ချောင်းစီ ယူစားလိုက်ကြသည်။ ဆရာဖြိုးမှာ တရားမှတ်ရင်း ဖြည်းဖြည်းချင်း စားနေသဖြင့် အင်နာဂျီဘားမှာ တော်တော်နှင့် မကုန်နိုင်ဖြစ်နေသောကြောင့် ဝေစုကုန်သွားသော ကျန်နှစ်ဦးမှာ လုစားရနိုးနိုး၊ သည်အတိုင်း ထိုင်ကြည့်ရနိုးနိုး ဖြစ်နေကြကုန်သည်။

“မမနုကြည်က တော်တော် အမြော်အမြင်ကြီးတာပဲဗျ၊ ဒီဂူထဲ ပိတ်မိနေတဲ့ ကျုပ်တို့ကို စိတ်ရောကိုယ်ပါ အားဖြစ်စေမယ့် အစာတွေ ပို့ပေးလိုက်တာပဲဗျ”

ဆရာဖြိုးက တွေးရင်းပြောရင်း အင်နာဂျီဘားကို တစ်ကိုက်ထပ်ကိုက်ပြီး မြုံ့နေပြန်သည်။

“အခြားတစ်ဘက်က ပြန်တွေးကြည့်ရင်တော့ ကျုပ်တို့ ဒီဂူကြီးထဲမှာ ဆက်ပိတ်မိနေဦးမယ့်သဘောရှိလို့ ရိက္ခာတွေ ပို့လာတာလည်း ဖြစ်နိုင်တယ်ဗျ”

ကိုဇင်ဇေက အင်နာဂျီဘားအခွံလေးကို ဖြန့်လိုက်ခေါက်လိုက်လုပ်ရင်း ပြန်ပြောလိုက်သည်။ ထို့နောက် ကိုလင်းထက်အောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး “ခင်ဗျားရော ဘယ်လိုထင်လဲဗျ” ဟု မေးလိုက်၏။

ကိုလင်းထက်အောင်က ချက်ချင်းမဖြေသေးဘဲ သူ့ ဆံပင်ရှည်ကြီးကို လက်ခလယ်တစ်ချောင်းထဲနှင့် ဆံထုံးထုံးလိုက်ပြီး အတန်ကြာငြိမ်ရင်း စဉ်းစားနေသည်။ ထို့နောက် မျက်လုံးများပိတ်သွားအောင် ရယ်ကျဲကျဲလုပ်ရင်း

“ဝေစု တစ်ယောက်တစ်ချောင်းကတော့ အရမ်းနည်းတယ်လို့ ထင်တာပဲဗျ”

ဟု ပြောလိုက်သည်။

ကိုလင်းထက်အောင်စကားကြောင့် ဆရာဖြိုးလည်း လက်ကျန်အင်နာဂျီဘားကို အရသာခံမနေတော့ဘဲ ပါးစပ်ထဲသို့ ကမန်းကတန်း အကုန်ထိုးထည့်လိုက်ရတော့သည်။

ရေတွေကလည်း တဖြည်းဖြည်းမြင့်တက်လာနေပြီ ဖြစ်သောကြောင့် သုံယောက်သား ရေလွတ်ရာသို့ ရှောင်ရင်းတိမ်းရင်း ရှေ့သို့ဆက်လျှောက်လာကြလေသည်။ ထိုသို့လျှောက်ကြရာ၌ ဖုန်းဘက်ထရီကို ချွေတာသောအနေဖြင့် ဖလက်ရှ်မီးကို အလှည့်ကျဖွင့်ကြရသည်။ တဖြည်းဖြည်းနှင့် ဂူအတွင်းပိုင်းသို့ ရောက်လာကြလေရာ လေထုအောက်ဆီဂျင်မှာလည်း တဖြည်းဖြည်း နည်းလာသည်။

“ဟာ ဆရာဖြိုး ပအို့လေးတွေတောင် နီလာတယ်နော်”

ဖုန်းမီးရောင်မှာ မြင်လိုက်ရသော ဆရာဖြိုးကို ကြည့်ရင်း ကိုလင်းထက်အောင်က ပြောလိုက်သည်။

“ဟာ အဲ့ဒါ ပအို့နီတာ မဟုတ်ဘူးဗျ၊ အမောဆို့ပြီး မျက်နှာကြီးရဲနေတာပါဗျ”

ကိုဇင်ဇေက အမြန်ဝင်ပြောလိုက်သည်။

ဆရာဖြိုးက မောဟိုက်နေသဖြင့် ဘာမှ ပြန်မပြောနိုင်။
**

မမနုကြည်သည် ဆရာဖြိုးတို့သုံးယောက် ဂူထဲတွင်ပိတ်မိနေသည်ဟု သတင်းကြားလျှင်ကြားချင်း ကယ်ဆယ်ရေးလုပ်ရန်အတွက် အရေးပေါ်ဇွန်းမီတင်ခေါ်ယူပြီး ပလန်တွေဆွဲကြသည်။

“မြေပြင်အခြေအနေ ဘယ်လိုရှိလဲဟင်”

မီတင်စစချင်း မမနုကြည်က မေးလိုက်သည်။ သို့သော် ပြန်ဖြေသံ မကြားရချေ။ လူမစုံသေးသောကြောင့်ဖြစ်မည်ထင်ပြီး ခဏစောင့်နေလိုက်သည်။

“မြေပြင်အခြေအနေ ဘယ်လိုရှိလဲဟင်”

လူစုံလောက်သည်ဟု ယူဆပြီး မမနုကြည်က ထပ်မေးလိုက်သည်။ သို့သော် ယခင်အတိုင်း ပြန်ဖြေသံမကြားရ။ မမနုကြည်က မိုက်ခရိုဖုန်း မြုထားသည်ထင်ပြီး စစ်ကြည့်၏။ မိုက်ခရိုဖုန်းများလည်း အကုန်ဖွင့်ထား၏။ သို့နှင့် မမနုကြည်က စောစောက မေးခွန်းကိုပင် ခပ်ကျယ်ကျယ် ထပ်မေးလိုက်ပြန်၏။

“မြေပြင်အခြေအနေလေး ပြောပြကြပါဦးနော်”

သို့သော် ယခင်အတိုင်းပင် ဖြေမည့်သူမရှိဘဲဖြစ်နေပြန်၏။ ထိုစဉ်

“ဟလို၊ ဟလို ကြားရလားခင်ဗျ”

ဟု အသံတစ်သံ ပြတ်တောင်းပြတ်တောင်း ပေါ်လာသည်။

“ဟုတ်ကဲ့ရှင့်၊ ကြားရပါတယ်၊ ပြောပါ”

“ဆရာဖြိုးတို့ရဲ့ မြေပြင်အခြေအနေလေး ပြောပြချင်လို့ပါ”

“ဟုတ်ကဲ့ ပြောပါရှင့်”

“ဆရာဖြိုးတို့ပိတ်မိနေတဲ့ ကျောက်ဂူကြီးက အခုဆို မိုးတွေကြီးပြီး ရေတွေဝင်နေလို့ စိုးရိမ်စရာဖြစ်နေတာကြောင့် အချိန်မီ ကယ်ထုတ်ဖို့ လိုနေပါတယ်၊ ဝင်ပေါက်ကလည်း ရေတွေ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ ပိတ်သွားပြီဖြစ်လို့ လူဝင်ကယ်လို့ မရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်”

“ဒုက္ခပါပဲ၊ ဘယ်လိုလုပ်ရပါ့မလဲနော်”

မမနုကြည်က ငြီးတွားလိုက်ရာ

“စိုးရိမ်ပူပန်ကြောင်း စာအရင်ထုတ်လိုက်ရမလားဟင်”

ဟု UN အကောင့်ပိုင်ရှင်က ဝင်ပြောလိုက်၏။

“ဟလို ဟလို၊ ကြားရလား ခင်ဗျ”

မြေပြင်မှအသံက ပြတ်တောင်းပြတ်တောင်းဖြင့် ဆက်အော်ပြောနေပြန်သည်။

“ကျောက်ဂူကြီးထဲမှာလည်း မှောင်မည်းပြီး အလင်းရောင်မရနိုင်တဲ့ အနေအထား ဖြစ်နေတယ်၊ သူတို့ကလည်း ဒီအတိုင်း ခရီးသွားဟန်လွဲ ဝင်သွားကြတာ ဖြစ်ဖို့များတာကြောင့် ရိက္ခာဘာညာ ပါသွားကြမှာ မဟုတ်ဘူးဗျ၊ ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်စဖို့လိုတယ်ခင်ဗျ”

ထိုစကားများကြောင့် မမနုကြည် ချွေးပြန်သွားရသည်။ ကျောက်ဂူ၏ ဝင်ပေါက်မှာလည်း ပိတ်ဆို့နေပြီဖြစ်နေရာ ဝင်ပေါက်မှ ဝင်ရောက်ကယ်တင်ရန်လည်း ဖြစ်နိုင်ချေနည်းပါးလျက်ရှိသည်။

“ဟလို၊ ဟလို၊ ကြားရလားဗျ၊ ကြားရင် အကြောင်းပြန်ကြပါဦးဗျ၊ ဒီမှာ လိုင်းရဖို့ သစ်ပင်ပေါ် တက်ပြောနေရလို့ပါ”

မြေပြင်မှ အသံက စိတ်မရှည်စွာဖြင့် အော်ပြောနေပြန်သည်။

“ဟုတ်ကဲ့ရှင့်၊ ကြားရပါတယ်ရှင့်၊ ကယ်ဆယ်ရေးအတွက် စဉ်းစားနေလို့ပါရှင့်”

“ဝင်ပေါက်ပိတ်နေတော့ ကျောက်ဂူကြီးကိုပဲ ဒိုင်းနမိုက်နဲ့ ခွဲထုတ်လိုက်ကောင်းမယ်နော်၊ လူလည်းကယ်ထုတ်၊ ကျောက်တွေလည်း တန်ချိန်နဲ့ ပြန်ရောင်းရ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”

‘ချိန’ အကောင့်ပိုင်ရှင်က ဝင်ပြော၏။

“ကျောက်ဂူကို ဒိုင်းနမိုက်နဲ့ခွဲရင် အထဲကလူတွေပါ ထိကုန်မှာပေါ့ဗျ”

မြေပြင်မှအသံက ဝင်အော်ပြောပြန်သည်။

ထို့ကြောင့် မမနုကြည်က ဝင်ထိန်းသည့်အနေဖြင့်

“လောလောဆယ် အရေးအကြီးဆုံး ဘာလိုအပ်နေလဲရှင့်”

ဟု ဝင်ပြောလိုက်သည်။

“လောလောဆယ်တော့ သူတို့ ရိက္ခာလိုမယ်ထင်တယ်၊ မဟုတ်ရင် ကျောက်ဂူကြီးထဲမှာ အားပြတ်ကုန်ကြလိမ့်မယ်၊ ဂူပေါက်ဝက လူဝင်လို့မရအောင် ပိတ်သွားတယ်ဆိုပေမယ့် ရေတွေက ဂူကြီးထဲကို ဒလဟော စီးဝင်နေတာကြောင့် ရိက္ခာထုပ်လေးတွေဆိုရင် ရေစီးနဲ့အတူမျှောပြီး သူတို့ဆီ ရောက်နိုင်မယ်ထင်တယ်ဗျ”

“ဟုတ်ကဲ့ရှင့်၊ ကျမတို့ အဲ့ဒီကိစ္စကို အခုချက်ချင်း အကောင်အထည် ဖော်လိုက်ပါ့မယ်ရှင့်”

“ပြီးတော့ ကျောက်ဂူကြီးထဲမှာ လိုင်းမမိတော့ အီလွန်မတ်စ်ဆီက စတားလင့်လေးပေးသုံးရင်လည်း အပြင်နဲ့ အဆက်အသွယ် ရနိုင် နိုင် နိုင် … ဟင် လိုင်းပျောက်သွားပြန်ပြီဟ”

ပြောရင်းတန်းလန်း လိုင်းပျောက်သွားသဖြင့် သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်းသို့ကူး၍ နေရာပြောင်းပြီး လိုင်းပြန်ချိန်သော်လည်း မည်သို့မျှမရတော့သောကြောင့် ကတုံးဆံတောက်နှင့် ကပ္ပတိန်ဇီးရိုးသည် သစ်ပင်အောက်သို့ ပြန်ဆင်းလာရလေတော့သည်။

ထို့နောက် အမှတ်မထင် မေးစေ့ကို ပွတ်ကြည့်လိုက်ရာ မုတ်ဆိတ်မွေးသုံးပင် ကျိုးတိုးကျဲတဲ ပေါက်လျက်ရှိနေသည်ကို စမ်းမိလိုက်သဖြင့် တောကြီးမျက်မည်းထဲ တစ်ယောက်တည်း ဝမ်းသာသလိုလို ဖြစ်သွားလေတော့သည်။

(ဆက်ရန်)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



13 responses to “နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )”

  1. “စိုးရိမ်ပူပန်ကြောင်း စာအရင်ထုတ်လိုက်ရမလားဟင်”

    Like

Leave a reply to win win Cancel reply