“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ

“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း”

◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။

ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။

◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊ မာန်မာန ပိုကြီးသူက ပိုပြိုလဲတတ်သလိုပေါ့။

ဒါတွေကို ကုစားရာမှာ ကျွမ်းကျင်သူတွေနဲ့ သေချာစနစ်တကျ လုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီဆောင်းပါးမှာတော့ Mindfulness လို့ ခေါ်တဲ့ သတိကို အခြေပြုပြီးတော့မှ ဒီဒဏ်ရာတွေ သက်သာအောင် လုပ်နိုင်တဲ့အကြောင်း မျှဝေလိုခြင်း ဖြစ်ပါတယ်။

◾️ခန္ဓာကိုယ်မှာ ဒဏ်ရာ ဖြစ်နေတာနဲ့ နမူနာ ပေးကြည့်မယ်။ ဥပမာ ကိုယ့်လက်မှာ အနာတရ ဖြစ်ထားတယ် ဆိုပါတော့။ ဒီအတိုင်းဆို မသိသာဘူး။ အဲဒီနေရာကို သွားထိမိပြီ ဆိုတဲ့အခါကျ နာကျင်တဲ့ ဝေဒနာက ပေါ်လာရော။

စိတ်ဒဏ်ရာ ဆိုတာမှာလည်း ဒီသဘောပဲ။ သူက မြင်မနေရတော့ ပိုဆိုးတယ်။ လက်မှာ အနာဖြစ်နေတာကမှ မြင်သာသေးတယ်။ စိတ်ကျ မသိနိုင်ဘူး။ ဒီအတိုင်းဆို ဘာမှမဖြစ်သလို ထင်ရတယ်။ အကြောင်းတိုက်ဆိုင်လာရင်တော့ အရင်က ခံစားချက်တွေ ပြန်ပေါ်လာပြီး ပြဿနာ ပေးတာပေါ့။

ဒါကြောင့် စိတ်ဒဏ်ရာဆိုတာကို အရိုးရှင်းဆုံး ပြောရရင် “အတိတ်က ဖြစ်ခဲ့တာတွေကို လက်ရှိအချိန်ဆီ ဆွဲခေါ်လိုက်တဲ့အခါ ခံစားရတဲ့ နာကျင်မှု” ပဲ ဖြစ်တယ်။

◾️ခန္ဓာ ၅ ပါးမှာ ‘သညာ’ ဆိုတာ ရှိတယ်။ မှတ်သားထားတဲ့ သဘောပေါ့။ အတိတ်က ရခဲ့ဖူးတဲ့ ဝေဒနာ (ခံစားချက်) တွေကို မှတ်မှတ်ထားပေးတယ်။

ဥပမာ ဒူးရင်းသီး ဆိုတာကို ဘဝမှာ ပထမဆုံးအကြိမ် စစားတုန်းက ကြိုက်တယ်၊ နှစ်သက်တဲ့ ခံစားချက်ကလေး ဖြစ်သွားတယ်ဆို သူက မှတ်ထားလိုက်တယ်။

နောက်တစ်ခါ၊ ဒူးရင်းသီးကို မြင်တာနဲ့၊ ဒူးရင်းသီး ဆိုတဲ့အသံ ကြားတာနဲ့ စားချင်လိုက်တာ ဆိုတဲ့ စိတ်က တန်းဖြစ်လာတယ်။ ဒါ မှတ်သားထားလို့ပေါ့။

ပြောင်းပြန်အနေနဲ့ စဉ်းစားရင် ဒူးရင်းသီးကို မကြိုက်တဲ့သူပဲ ဆိုပါတော့။ နောက်တစ်ခါ အနံ့ရတာနဲ့ကို သူက နှာခေါင်းပိတ်တော့မယ်။

ဒါ သညာရဲ့ သဘောကို အစားအစာနဲ့ နမူနာပေးလိုက်တာ။ တခြားသော အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့ စတဲ့ အာရုံတွေနဲ့လည်း ပြောလို့ ရသေးတယ်။

◾️ကိုယ့်ရှေ့မှာ အနိဌာရုံမြင်ကွင်းတစ်ခု ဖြစ်သွားတယ်။ စစ်ပွဲမှာ ကိုယ်နဲ့ ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးသွားတာမျိုး၊ ယာဉ်တိုက်မှု ဖြစ်တော့ ကိုယ့်မိသားစုဝင်တွေ ဆုံးပါးသွားတာမျိုး။ ဒါဆို အကြောင်းတိုက်ဆိုင်တိုင်းမှာ ဒီမြင်ကွင်းတွေက အာရုံထဲ ပြန်ပြန်ပေါ်လာတယ်။

တကယ်ဆို ခု ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ ပြီးခဲ့ပြီ။ နှစ်နဲ့ချီပြီးတောင် ကြာချင်ကြာနေမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အာရုံထဲမှာတော့ ပြန်ပြန်တွေးမိတုန်း။ မြင်ယောင်နေတုန်းပဲ။

ကိုယ့်မှာ ငယ်ငယ်ကတည်းက အဖေမရှိဘူး။ ဆုံးသွားတာလည်း ဖြစ်နိုင်တယ်။ ပိုဆိုးတာက ကိုယ့်မိသားစုကို ထားသွားတာ၊ စွန့်ပစ်သွားတာ။ ဒါဆို ဒီနေ့လို အဖေများနေ့မှာ သူများတွေ ပို့စ်တင်နေတာ မြင်ရင် စိတ်ထဲမှာ နာကျင်ခံစားရတယ်။

◾️မိဘကဖြစ်ဖြစ် ကိုယ့်ကို နာကျည်းစေမဲ့ စကားတစ်ခွန်း ပြောလိုက်တယ်။ ခု ပြောနေတာလား ဆိုတော့ မဟုတ်ဘူး။ ဟိုးအရင်က ပြောခဲ့တာ။ ဒါပေမဲ့ ခုထိ နားထဲ ပြန်ကြားယောင်နေတုန်း။ စိတ်ကလည်း တဆစ်ဆစ်နဲ့ နာနေရတုန်း။ စစ်ဖြစ်တဲ့ နေရာဒေသတွေမှာ ကြီးပြင်းနေထိုင်ဖူးတဲ့အခါ သေနတ်သံလိုလို ကြားတာနဲ့ စိတ်က ထိတ်ခနဲ ဖြစ်သွားတာမျိုးလည်း ဒီသဘောပဲ။

◾️ကိုယ့်ချစ်သူနဲ့ ထိတွေ့ခဲ့ဖူးတာတွေကျ ကွဲကွာသွားတဲ့အခါ တသသနဲ့ လွမ်းဆွတ်နေရတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာလိုမျိုး ဆိုးရွားတဲ့ အထိအတွေ့ကျ အိပ်မက်ဆိုးလို ဖြစ်နေတယ်။

တချို့ဆို အဲဒီလို ကျူးလွန်ခံလိုက်ရပြီးနောက်ပိုင်း အိမ်ထောင်မပြုရဲတော့ဘူး။ ပြုရင်လည်း အိမ်ထောင်ရေး မသာယာတော့ဘူး။ အမျိုးသားနဲ့ အတူနေတိုင်း အတိတ်က ဖြစ်ခဲ့တာတွေက ပြန်ပေါ်လာတယ်။ အဲဒီတုန်းက မြင်ကွင်းတွေ ပြန်မြင်လာတယ်။ အဲဒီတုန်းက ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေ ပြန်ဖြစ်လာတယ်။

◾️သက်ငယ်မုဒိမ်းမှုတွေမှာ ကျူးလွန်သူက ထူးခြားတဲ့ အနံ့တစ်ခု (အရက်နံ့ပဲဖြစ်ဖြစ်) ရှိနေတယ် ဆိုပါတော့။ ဒါမှမဟုတ်လည်း ကျူးလွန်ခံရတဲ့ နေရာမှာ အနံ့တစ်ခုခု ရှိတယ်။ ပြုကျင့်ခံနေရချိန်မှာ အဲဒီအနံ့ကြီးကို ရနေတယ်။ ဒီအခါ တူညီတဲ့အနံ့မျိုး ရတိုင်းရတိုင်းမှာ မနှစ်မြို့တဲ့ ခံစားချက်က ပြန်ပြန်ပေါ်လာတယ်။

◾️ဒါက စိတ်ဒဏ်ရာတွေကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံ ၅ ပါးနဲ့ ခွဲပြလိုက်တာ။ အဓိကကတော့ မြင်တွေ့ရတဲ့အရာတွေနဲ့ ထိတွေ့ရတဲ့ အရာတွေကြောင့် ဖြစ်တာ များပါတယ်။ ကျန်တဲ့ အသံ၊ အနံ့၊ အရသာတို့ကတော့ ဆက်စပ်နေတဲ့ သဘောမျိုးပေါ့။ အတိတ်ကို ပြန်သတိရအောင် ပံ့ပိုးပေးတဲ့ အာရုံတွေလို့ ဆိုရမယ်။

ပြောရရင် သညာရဲ့ အလုပ်လုပ်မှုတွေပါပဲ။ အရင်က ဖြစ်ခဲ့တဲ့ ခံစားချက်တွေကို သူက မှတ်ထားတယ်။ တူညီတဲ့ အခြေအနေ၊ ဆက်စပ်တဲ့ အခြေအနေတွေမှာ အဲဒီခံစားချက်ကို ပြန်ဖြစ်လာစေတယ်။ တကယ်တော့ ခုလက်ရှိဖြစ်နေတာ မဟုတ်ဘူး။ ပြီးခဲ့ပြီးသား ကိစ္စတွေ။

ဒါကြောင့် အဲဒီလို အတိတ်နဲ့ ပစ္စုပ္ပန်ကို ပိုင်းခြားပြီးတော့ သိမယ်၊ ဒါဟာ သညာရဲ့ လုပ်ဆောင်မှုတွေပါလားလို့ သတိထားမိမယ်ဆို စိတ်ဒဏ်ရာကနေ လွတ်မြောက်ဖို့ အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဒီအတွက် Mindfulness က အရေးပါလာတာပေါ့။

မဟုတ်ရင် အတိတ်နဲ့ ပစ္စုပ္ပန် ၂ ခုက ရောထွေးပြီး ဖြစ်နေတတ်တယ်။ အတိတ်က ကိစ္စတွေကို ပစ္စုပ္ပန်ဆီ ယူလာမိတတ်တယ်။ အတိတ်က တရားခံရဲ့ အပြစ်တွေကို ပစ္စုပ္ပန်မှာ ဘာအပြစ်မှ ရှိမနေတဲ့ တခြားလူတစ်ယောက်ဆီ ပုံချနေမိတတ်တယ်။

◾️အဲဒါကို မြှား ၂ ချောင်း စူးနေတဲ့လူနဲ့ တူတယ်လို့ ဗုဒ္ဓက ဥပမာပေးခဲ့တယ်။ စိတ်ဒဏ်ရာ ရစရာ အခြေအနေနဲ့ ကြုံရတာက ပထမမြှား စူးတာပေါ့။ အဲဒီဒဏ်ရာကို သေချာမကုစားတော့ လုပ်မိလုပ်ရာတွေ လုပ်၊ ပြဿနာတွေ ဖြစ်၊ ကိုယ်တိုင်လည်း အမြဲမပြတ် ပူလောင်နေရတာမျိုးကျ ဒုတိယမြှား စူးတာနဲ့ တူတယ်။

ပထမမြှား မစူးဖို့ကတော့ လုံးလုံးလျားလျား ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်အမှားကြောင့် မဟုတ်ဘဲလည်း ဖြစ်လာနိုင်တာကိုး။ သို့သော် ဒုတိယမြှား မစူးအောင်ကတော့ ကိုယ့်အနေနဲ့ တတ်နိုင်တယ်ပေါ့။

◾️စိတ်ဒဏ်ရာဆိုတာ အတိတ်ကို တဝဲလည်လည် ဖြစ်နေလေ၊ ပိုဆိုးလေပဲ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ပိုင်းခြားလာနိုင်တာနဲ့အမျှ စိတ်ဒဏ်ရာတွေကြောင့် ဖြစ်တဲ့ ဝေဒနာတွေလည်း သက်သာသွားနိုင်ပါတယ်။

တစ်ဆင့်တက် ပြောရရင် စိတ်က တည်ငြိမ်သွားတဲ့အခါ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရားတွေ ဝင်လာတယ်။ (ဒေါသထွက်နေတုန်းတော့ ကိုယ်ပဲအမှန်၊ ကိုယ်ပဲအကောင်း မြင်တတ်ကြတာချည်းပဲလေ။) တစ်ဖက်လူဘက်က ဖြည့်တွေးပေးတတ်လာတယ်။ လက်သင့်ခံနိုင်လာတယ်။ လွှတ်ချနိုင်လာတယ်။ ဒါတွေအကုန်လုံးဟာ စိတ်ဒဏ်ရာကနေ လွန်မြောက်ဖို့ လိုအပ်တဲ့ စိတ်စွမ်းရည်တွေပဲ ဖြစ်ပါတယ်။

◾️ဒီနေရာမှာ သတိပြုလိုတာကတော့ Mindfulness နဲ့ Meditation ကွဲဖို့ပါ။ Mindfulness က ပစ္စုပ္ပန် အခိုက်အတံ့တွေကို သတိရှိနေခြင်းဖြစ်ပြီး အဲဒီလို သတိအားကောင်းလာအောင် လေ့ကျင့်တဲ့ နည်းတစ်ခုက Meditation ဖြစ်ပါတယ်။ စိတ်ဒဏ်ရာ အကြီးအကျယ်ရပြီး ယောက်ယက်ခတ်နေတဲ့ လူတစ်ယောက်ကို ငုတ်တုတ်ထိုင် တရားမှတ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတလေမှာ တရားထိုင်လိုက်ကာမှ အတိတ်က ဒဏ်ရာတွေ ပိုဆိုးလာတတ်တာမျိုးလည်း ရှိပါတယ်။

ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု ကြုံလိုက်ရတဲ့ လူတစ်ယောက်မှာ မယုံနိုင်ခြင်းတွေ၊ ဒေါသတွေ၊ ငြင်းဆိုတာတွေ၊ စိတ်ဓါတ်ကျတာတွေ စသဖြင့် အဆင့်ဆင့် ဖြတ်ကျော်ကြရပါသေးတယ်။ အတိုင်းအတာတစ်ခုထိ တည်ငြိမ်မှု ရှိလာတဲ့ နောက်ပိုင်းမှာမှ ဖြည်းဖြည်းချင်း နည်းစနစ်တကျ လုပ်ဆောင်သွားတာ ပိုကောင်းပါတယ်။ (အချိန်ရရင် Trauma-informed mindfulness ဆိုတာကို ရှာဖွေဖတ်ရှုစေချင်ပါတယ်။)

ဒါကြောင့် Mindfulness ဆိုတာနဲ့ တရားထိုင်တာ တစ်ခုတည်းကိုပဲ ပြေးမမြင်စေချင်ဘူး။ Pay attention to the present moment, One thing at a time ဒါတွေသည်လည်း သတိကို အားကောင်းစေတာပဲ ဖြစ်တယ်။ သွားရင်းလာရင်းလည်း လေ့ကျင့်လို့ရတယ်။ ခုစာဖတ်နေရင်းတောင် လေ့ကျင့်လို့ ရပါတယ်။

◾️တကယ်တော့ ကြီးကြီးမားမား စိတ်ဒဏ်ရာမှ မဟုတ်ပါဘူး။ အသည်းကွဲတယ်၊ လွမ်းတယ်၊ ဆွေးတယ် ဆိုတာတွေဟာလည်း အတိတ်ကို ပြန်လည် သတိရနေခြင်းပါပဲ။ အရင်က ဖြစ်ခဲ့တာတွေကို ပြန်ဖြစ်စေချင်တယ်။ အရင်က ရခဲ့ဖူးတာတွေကို ပြန်လိုချင်တယ်။ စိတ်က လက်ရှိပစ္စုပ္ပန်မှာ ရှိမနေဘဲ အတိတ်မှာ တဝဲလည်လည် ဖြစ်နေတယ်။ ဒီအခါ ပိုခံစားရတယ်။ ကြေကွဲရတယ်။ နာကျင်ရတယ်။ အိမ်လွမ်းတာ၊ မိသားစုကို သတိရတာ၊ အရင်လို ဘဝမျိုး ပြန်နေချင်တာ၊ အကုန်လုံးဟာ သဘောတရား အတူတူပဲ။

ဒါကြောင့်မို့လည်း သတိအားကောင်းအောင် မလုပ်နိုင်သေးရင်တောင် ကိုယ့်ကိုယ်ကိုယ် အအားမထားဖို့ လိုတယ်။ အာရုံစိုက်စရာ အလုပ်တစ်ခုခု ရှိနေတော့ စိတ်က အတိတ်ကို ပြန်ရောက်သွားတာ သက်သာသွားတယ်လေ။

◾️ဖြစ်တတ်တာ ရှိသေးတယ်။ ဆိုပါတော့၊ အဖေဖြစ်သူက အမေ့ကို သစ္စာဖောက်သွားတယ်။ ဒါမှမဟုတ် ကိုယ်တိုင်လည်း အရင်အိမ်ထောင်မှာ သစ္စာဖောက်ခံလိုက်ရတယ်။ နောက်တစ်ယောက် ရတဲ့အခါ အဲဒီလို ဖြစ်မှာ သိပ်ကြောက်တယ်။ သဝန်တိုတယ်။ စိတ်မချ ဖြစ်တယ်။ အမြဲတမ်း မယုံသင်္ကာ ဖြစ်နေတယ်။ ကိုယ့်ကို စွန့်ပစ်သွားမှာ၊ လှည့်စားသွားမှာ တအားစိုးရိမ်တယ်။

တကယ်တော့ လူတွေက တစ်ယောက်စီပဲ။ အဖေက အဖေ၊ Ex က Ex ၊ လက်ရှိတစ်ယောက်က လက်ရှိတစ်ယောက်။ ဒါပေမဲ့ အကုန်ရောထွေးပြီး မှတ်ယူပစ်လိုက်တာပေါ့။

ပြောရရင် သညာကို သတိနဲ့ မဆင်ခြင်နိုင်တဲ့အတွက်၊ အတိတ်ကို ပစ္စုပ္ပန်ဆီ ယူလာတဲ့အတွက် ဖြစ်ရတဲ့ Relationship ပြဿနာတွေပဲ။

◾️A Wandering mind is an unhappy mind တဲ့။

ပျံ့လွင့်နေတဲ့ စိတ်ဟာ ပျော်ရမှာ မဟုတ်ဘူး။ အေးချမ်းရမှာ မဟုတ်ဘူး။ ကြည်လင်နေမှာ မဟုတ်ဘူး။ အနာဂတ်ကို တွေးလွန်းရင် ပူပန်ရတယ်။ အတိတ်ကို တသသနဲ့ ပြန်တွေးနေတော့လည်း ပူလောင်ရတယ်။ ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်မှာ ထားနိုင်ဖို့ဟာ သိပ်အရေးကြီးတယ်။

ပြဿနာက စိတ်ကို ကာလ ၃ ပါးထဲမယ် ပစ္စုပ္ပန်မှာ ထားနိုင်ဖို့ဟာ အခက်ဆုံး ဖြစ်နေတာပဲ။ သို့သော် ရနိုင်သမျှတော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးကြီးတဲ့ အရာမှန်သမျှကတော့ ခက်ခဲပြီး အချိန်​ပေးရတာချည်းပဲကိုး။

◾️ဒါကြောင့် “သတိနဲ့ နေထိုင်ခြင်း” ဟာ အသည်းကွဲရာကနေ Move on လုပ်နိုင်ဖို့ကစလို့၊ အိမ်လွမ်းနာကို ကုစားတာအလယ်၊ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့အဆုံး အကူအညီ ပေးနိုင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၆.၂၀၂၃

ကိုးကား – “စိတ်ဒဏ်ရာများရဲ့ အလွန် …” – နန္ဒာစာရ


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



11 responses to ““စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ”

Leave a reply to Thi Thi Aung Cancel reply