
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်”
◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။
ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။
သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။
◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။
၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုမှာ အသုံးဝင်နေသလို ဖြစ်ချင်တဲ့စိတ်က အဓိက မောင်းနှင်နေတာကို တွေ့ရတယ်။ မနက်ဖြန် သန်ဘက်ခါ အပြောင်းအလဲ ဖြစ်သွားပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း အသုံးဝင်နေချင်တယ်။ Useful ဖြစ်နေချင်တယ်။ ဒါပဲ။
သိတဲ့အတိုင်း ခုချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ပင်မအလုပ်တွေ၊ ဘဝတွေကို ချန်ထားခဲ့ပြီး တခြားအလုပ်တွေ လုပ်ရင်း ရပ်တည်နေကြရတယ်။ လစာမရဘူး။ ဝင်ငွေလောက်လောက်လားလား မရှိဘူး။ Self-esteem တွေ ရက်ရက်စက်စက် ကျဆင်းနေတဲ့အချိန်လို့ ပြောလို့ရတယ်။ တခြားသက်တူရွယ်တူတွေနဲ့ နှိုင်းယှဉ်မိတဲ့အခါ သိမ်ငယ်စိတ်တွေ ဖြစ်ကြရတယ်။
အဲဒါကို ကုစားပေးနိုင်တာက “တစ်ခုခုမှာ အသုံးဝင်နေခြင်း” ပဲ ဖြစ်တယ်။ ဒီအတွက် ကိုယ်လုပ်ရမှာတွေကို မရပ်မနား လုပ်နေကြတာလည်း ဖြစ်ပါတယ်။
ပြောရရင် ကိုယ့်ရဲ့ ယုံကြည်ချက်ကြောင့် အခိုက်အတံ့သဘော ‘အသုံးဝင်မှု ပျောက်ဆုံးသွားတဲ့သူတွေ’ ရဲ့ လက်ရှိဖြတ်သန်းမှုပေါ့။
◾️များသောအားဖြင့်ကတော့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေမှာ ဒီခံစားချက် သိပ်မဖြစ်တတ်ဘူး။ အလုပ်လုပ်နေ၊ ပိုက်ဆံရှာနေနိုင်တော့ အသုံးကျသလို ဖြစ်နေတာကိုး။
သို့သော် တချို့မှာတော့ အဲဒီလို မဟုတ်ဘူး။ ပညာအားဖြင့်၊ အရည်အချင်းအားဖြင့် တစ်ခုခုမှာ အားနည်းချက် ရှိနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြဿနာ ပေးလာတယ်။
ဒါကြောင့် မိသားစုမှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ်၊ Relationship တွေမှာဖြစ်ဖြစ် လိုက်ကြည့်ကြည့်။ သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးသူတွေဟာ ပြဿနာအရှာဆုံးပဲနော်။ ဘာလေးမဆို အထအနကောက်၊ မပြီးနိုင် မစီးနိုင်တွေ ညည်းတွား၊ ကလေးတွေဆန်နဲ့ ဖြစ်နေတတ်ကြတယ်။
◾️တစ်ခါ၊ အဲ့ဒီလို အသုံးမကျ၊ လူရာမဝင်တဲ့အတွက် အသုံးသိပ်ကျချင်တယ်၊ လူရာသိပ်ဝင်ချင်တယ်။ ဒီလူတွေကို ‘လက်ပတ်’ ပတ်ပေးလိုက်တဲ့အခါကျ သိပ်ကိုဘဝင်မြင့်ပြီး ဘာလုပ်ခိုင်းခိုင်း လုပ်တော့တာပဲ။ အဲဒီလို လက်မောင်းမှာ အပတ်တစ်ခု ရလာရင် ဟောင်ဖွာဟောင်ဖွာ လုပ်တတ်တဲ့သူတွေကို ကြည့်လိုက်။ အကုန်လုံးသည် နဂိုက ရပ်ကွက်ထဲမှာ ဘာမှသုံးစားမရတဲ့ အော့ကြောလန်တွေ ဖြစ်နေကြတာ တွေ့ရမယ်။
◾️အလုပ်ခွင်တွေမှာဆိုလည်း အလုပ်သိပ်များလွန်းရင်သာ ညည်းကြတာ။ အလုပ်မရှိလွန်းရင်တော့ ထွက်ပါထွက်ကုန်ကြရော။
ဘောလုံးသမားတွေကိုပဲ ဥပမာကြည့်ကြည့်။ ဖလားတွေ အများကြီး ရထားတဲ့ အသင်းကနေ အသင်းငယ်လေးတွေဆီကို ပြောင်းတယ်။ ဘာလို့လဲ။ ဟိုအသင်းမှာက ဖလားရတာ မှန်တယ်။ ဒါပေမဲ့ သူက ဝင်မကန်ရဘူး။ အရံခုံ ထိုင်နေရတာ။ အသုံးမကျဘူးလို့ ခံစားရတယ်။ အသင်းသားတစ်ယောက်အနေနဲ့ ဆုတံဆိပ်ရတာ မှန်ပေမဲ့ ဒါကို သူ ဂုဏ်မယူဘူး။ သူနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုလို့လည်း မသတ်မှတ်ဘူး။ ဒါကြောင့် ပုံမှန်ကစားခွင့်ရတဲ့၊ တစ်နည်းအားဖြင့် သူ့ကိုယ်သူ အသုံးကျတယ်လို့ ခံစားရစေတဲ့ အသင်းဆီကို ဆုဖလားတွေ မရဦးတော့၊ လစာပဲ နည်းဦးတော့ ပြောင်းရွှေ့သွားကြတာ။
◾️အဲဒီလို အသုံးဝင်လိုစိတ်ကို ပိုပြီး အတွေ့ရများတာကတော့ လူကြီးပိုင်းတွေမှာပဲ။ တစ်သက်လုံး အလုပ်လုပ်လာခဲ့တယ်။ ငွေရှာလာခဲ့တယ်။ မိသားစုကပဲ သူ့အပေါ် မှီခိုနေရတယ်။ ဒီလိုကနေ ပင်စင်ယူလိုက်ရတဲ့အခါ၊ ဒါမှမဟုတ် ကျန်းမာရေးကြောင့် အလုပ်ကနေ အပြီးအပိုင် အနားယူလိုက်ရတဲ့အခါ သူ့ကိုယ်သူ အသုံးမဝင်တော့ဘူး ထင်သွားတယ်။ ဘဝက သေသလို ဖြစ်သွားတယ်။ အငုံ့စိတ်တွေ ဝင်လာတယ်။ စိတ်ဓါတ်တွေ ကျတယ်။ ပြဿနာတွေ ရှာတယ်။
ဒါကြောင့် ဘယ်အသက်အရွယ်မှာဖြစ်ဖြစ် အသုံးဝင်နေဖို့ဟာ သိပ်အရေးကြီးတယ်။ မဟုတ်ရင် အလုပ်တွေ ပင်ပန်းနေတုန်းက အကောင်း၊ အနားယူရပါပြီ ဆိုတဲ့အချိန်ကျမှ စိတ်ကျရောဂါ ဖြစ်ကြရလိမ့်မယ်။ ငယ်ငယ်ကလို ပင်ပင်ပန်းပန်း လုပ်ဖို့တော့ မဟုတ်ဘူးပေါ့။ ပိုက်ဆံမရတောင်မှ တစ်ခုခုတော့ လုပ်နေဖို့ လိုမယ်။ အပင်စိုက်တာ ဖြစ်ဖြစ်၊ ဆိုင်ကူထိုင်ပေးတာ ဖြစ်ဖြစ်၊ ပရဟိတလုပ်တာဖြစ်ဖြစ် စသဖြင့်ပေါ့လေ။
◾️အဲဒီစိတ်ကလေးကို သိရင် ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ အသုံးချလို့ ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်အခြေအနေရောက်ရောက်၊ ဘယ်အသက်အရွယ်ရောက်ရောက် အသုံးဝင်အောင် ထား။
စတီဖင်ဟော့ကင်းပဲ ကြည့်။ အသက် ၂၀ ကျော်ကတည်းက အာရုံကြောရောဂါနဲ့ ကိုယ်တစ်ခြမ်းမက သေသွားပြီး စကားတောင် အနိုင်နိုင် ပြောနေရတဲ့သူက နှစ် ၅၀ ကျော်လောက် အလုပ်တွေ မနေမနား ဆက်လုပ်သွားခဲ့တာ။ တိုးတက်တဲ့ နိုင်ငံမို့ စနစ်က ပံ့ပိုးပေးတာရော၊ ကိုယ်တိုင်က ပါရမီရှင် ဖြစ်နေတာရော ပါတာပေါ့။ သို့သော် လက်မလျှော့တတ်တဲ့ စိတ်ကို အတုယူဖို့၊ ဘယ်တော့မဆို အသုံးကျနေအောင် နေဖို့ ပြောတာပါ။
◾️ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း တစ်နေရာရာမှာ အသုံးကျနေအောင် လုပ်ပေး။ ကလေးတွေကအစ သူတို့အရွယ်နဲ့ ကိုက်ညီတဲ့ တာဝန်တွေကို ပေး။ အဲဒီလိုကလေးဟာ အသက်ကြီးလာတဲ့အခါ Self-esteem သိသိသာသာ မြင့်နေတတ်တယ်။ ဝန်ထမ်းတွေဆိုလည်း အသုံးကျနေပါစေ။ အသုံးကျနေတယ်လို့ ခံစားရနေပါစေ။
ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ချစ်သူ၊ ကိုယ့်မိဘတွေကများ သူတို့ကိုယ်သူတို့ အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့အတွက်ကြောင့် ပြဿနာတွေ ရှာနေရင်လည်း သူတို့ရဲ့ အထအနကောက်မှုကိုပဲ မမြင်ပါနဲ့။ ရင်ထဲက သိမ်ငယ်စိတ်ကို ကျော်လွန်ပြီးတော့ မြင်နိုင်အောင် ကြိုးစားပါ။ အဲဒါဆို အတိုင်းအတာတစ်ခုထိ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်။ ညှိယူနိုင်သွားပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၂.၆.၂၀၂၃
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
7 responses to ““ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ”
👍
LikeLike
Good article,saya phyo
LikeLike
Thanks for sharing 🙏🙏
LikeLike
What a great article to read
LikeLike
♥️
LikeLike
ကျေးဇူးပါ 🥰
LikeLike
Thank You So Much Dr..
LikeLike