သည်မော်ရတေးနီးယန်း (The Mauritanian) – ဉာဏဗလ

“သည်မော်ရတေးနီးယန်း (The Mauritanian)”

◾️Mauritania ဆိုတာ အာဖရိက အနောက်မြောက်ပိုင်းက လူဦးရေ ၄ သန်းကျော်သာ ရှိတဲ့ နိုင်ငံလေး။ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဒီဇာတ်ကားက အဲဒီက ဆလာဟီ (Mohamedou Slahi) ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်း။

◾️9/11 ဆိုတာ ကမ္ဘာသိ ဖြစ်ရပ်ကြီးပဲ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်က World Trade Center ကို အယ်ခိုင်းဒါတွေ တိုက်ခိုက်ခဲ့တယ်။ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့တဲ့ ကိစ္စဖြစ်သလို၊ ခုထိလည်း နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိကြတုန်းပဲ။ အမေရိကန်တွေက အာဖဂန်ကို တိုက်ချင်လို့ ဒါကို တမင်လွှတ်ပေးခဲ့တာ ဆိုတာမျိုးတွေပေါ့။

အဲဒီနောက်ပိုင်း ကမ္ဘာ့အနှံမှာ မွတ်စလင်မ်တွေကို ကြောက်ရွံ့တာ၊ ခွဲခြားဆက်ဆံတာတွေ ပိုအားကောင်းလာခဲ့တယ်လည်း ပြောလို့ရတယ်။ အယ်ခိုင်းဒါ၊ အိုစမာ ဘင်လာဒင်၊ Terrorist စတဲ့ နာမည်တွေက လူတိုင်းနဲ့ ရင်းနှီးလာခဲ့တယ်။

The Mauritanian ဇာတ်ကားက အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မွတ်စလင်မ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတာပါ။

◾️၂၀၀၂ ခုနှစ်မှာ သူ့ဆီကို လာဖမ်းတယ်။ သူကိုယ်တိုင်လည်း အယ်ခိုင်းဒါတွေဆီမှာ အရင်က သင်တန်းတက်ခဲ့ဖူးသလို၊ သူ့ယောက်ဖကလည်း ဘင်လာဒင်အဖွဲ့ဝင်။ သူ့ဆီ ဖုန်းဆက်ဖူးတဲ့ မှတ်တမ်းရှိတယ်။ ဖမ်းမိတဲ့သူတွေထဲက တစ်ယောက်ကလည်း သူ့နာမည်ကို ဖော်ထားတယ်။ သူ့အိမ်မှာ တည်းဖူးတယ်လို့လည်း ပြောတယ်။ အဲဒါနဲ့ ဖမ်းဆီးပြီး စစ်မေးကြတာပေါ့။

အမေရိကန်မှာ စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်ရှိတယ်။ နေရာကတော့ ကျူးဘားမှာ။ ဒါပေမဲ့ အမေရိကန်တွေ ပိုင်တဲ့နေရာ။ Guantanamo Bay လို့ ခေါ်တဲ့ ကျွန်းကလေးမှာပေါ့။

မေးတယ်။ မြန်းတယ်။ စစ်ဆေးတယ်။ ဒီလူက ဝန်မခံဘူး။ သူ ဘာမှလုပ်မထားဘူးပဲ ဖြေတယ်။ သက်သေကလည်း ရှာမရဘူး။ အဲဒီလိုနဲ့ ဒီလူ့ကို မျိုးစုံတွေ ညှင်းပန်းနှိပ်စက်တယ်။ Physical, Mental, Sexual, Religious abuse တွေ လုပ်တယ်။ မခံနိုင်တဲ့အဆုံးမှာ ဝန်ခံလိုက်ရတယ်။

◾️၂၀၀၅ ခုနှစ်မှာတော့ သူ့ဘက်ကနေ ရှေ့နေလိုက်ပေးမဲ့သူ ပေါ်လာတယ်။ ဒီအမှုကို ပြန်သုံးသပ်ပေးဖို့ပေါ့။ အဲဒီအမျိုးသမီးကလည်း အမေရိကန်ပဲ။ သူ့ကို အားလုံးက ဝိုင်းအပြစ်ပြောကြတယ်။ ကိုယ့်နိုင်ငံကို ဒုက္ခပေးခဲ့တဲ့သူကိုမှ ရှေ့နေလိုက်ပေးရသလားဆိုပြီး။ သူကလည်း ခေါင်းမာမာပဲ။ လုပ်စရာရှိတာ ဆက်လုပ်တယ်။ “ဒီလူ့အတွက် ရှေ့နေလိုက်ပေးတာ မဟုတ်ဘူး၊ အမေရိကန်ပြည်သူတွေရဲ့ သိပိုင်ခွင့် (Right to know) အတွက် ဒီအမှုကို လက်ခံလိုက်တာ” ဆိုတဲ့စကားက တွေးစရာ သိပ်ကောင်းတယ်။

နောက်တော့ ဒီလူ နှိပ်စက်ခံရလို့ ဝန်ခံခဲ့ရတာပါလား ဆိုတာကို သိလာတယ်။ အမေရိကန် စစ်တပ်ကလည်း သူတို့လုပ်ခဲ့တာတွေနဲ့ ပတ်သက်လို့ အများကြီး လျှို့ဝှက်ထားတာ၊ ထိန်ချန်ထားတာတွေ ရှိခဲ့တယ်။

တိုတိုပြောရရင် ၂၀၁၀ အရောက်မှာ သူ့ကို ဖမ်းဆီးထားတာ ဥပဒေနဲ့ မညီကြောင်း တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တယ်။ ပါးစပ်က ဝန်ခံထားတာကလွဲပြီး ကျန်တဲ့ ဘာသက်သေမှ ရှာမရဘူးကိုး။ ဝန်ခံတာကလည်း နှိပ်စက်ထားလို့ဆိုတာ ပေါ်လွင်နေပြီ။

◾️ဒါပေမဲ့ အဲဒီအချိန်မှာ အာဏာရနေတဲ့ အိုဘားမားအစိုးရက ချက်ချင်းလွှတ်မပေးဘူး။ အမေရိကန်အတွက် တကယ့်အန္တရာယ်ရှိ လူပုဂ္ဂိုလ်စာရင်းထဲ ပါနေတော့ ဆက်ပြီး ထိန်းသိမ်းထားတယ်။ ၂၀၁၆ ကျမှပဲ လုံးဝအပြီးသတ် လွှတ်ပေးလိုက်တယ်။ 

စဖမ်းတဲ့ ၂၀၀၂ နဲ့ တွက်ရင် ၁၄ နှစ်တိတိ ကြာခဲ့တယ်။ ဘုရှ်အစိုးရလက်ထက်မှာ ဖမ်းခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရတယ်။ အိုဘားမားအစိုးရလက်ထက်ထိလည်း ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်။ အစိုးရ ၂ ဆက် ကြာခဲ့တယ်ပေါ့။

သူတစ်ယောက်တည်းလား ဆိုတော့ မဟုတ်ဘူး။ အဲဒီကာလမှာ သံသယနဲ့ ဖမ်းခံခဲ့ရတဲ့ မွတ်စလင်မ်ပေါင်း ၇၈၀ ရှိတယ်။ အဲဒီထဲကမှ ၅ ယောက်ကိုသာ တရားစွဲနိုင်ခဲ့တယ်။ အများစုကတော့ အဲဒီအချိန်က Terrorism ကို တိုက်ဖျက်ဖို့ ဆင်နွှဲရမယ်ဆိုတဲ့ အမေရိကန်တွေရဲ့ စစ်ပွဲ (War on Terrorism) ရဲ့ အရှိန်နဲ့ ဖမ်းခံခဲ့ရတယ်ပဲ ပြောရမယ်။

ပြန်လွတ်လာပြီးတဲ့နောက်မှာ ဆလာဟီက အကျဉ်းထောင်ထဲက အတွေ့အကြုံတွေကို အခြေခံပြီး “Guantanamo Diary” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီရုပ်ရှင်ကားကတော့ အဲဒီစာအုပ်ကို အခြေခံထားတာပေါ့။

◾️ဒီဇာတ်ကားကို ကြည့်မိပြီး ဘာတွေးမိလဲဆိုတော့ နိုင်ငံတိုင်းအတွက် အမျိုးသားအကျိုးစီးပွား (National Interest) က နံပါတ် ၁ ဦးစားပေး ဖြစ်တယ်ဆိုတာပဲ။ အမေရိကန်ဆိုတာ လူ့အခွင့်အရေးဆိုတာကို ကမ္ဘာဆီ တင်ပို့ခဲ့တဲ့နိုင်ငံ။ တကယ်လည်း သူတို့နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတာပဲ။ ဒါပေမဲ့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာရော၊ ချိုးဖောက်ဖို့ ဝန်မလေးတော့ဘူး။

ကမ္ဘာ့အမြင်မှာတော့ Propaganda တွေကြောင့် အမေရိကန်ဆို အကောင်းပဲ မြင်ကြတာများတယ်။ အနည်းနဲ့အများသာ ကွာမယ်။ သူလည်း သူ့ဟာနဲ့သူတော့ ဆိုးတာပါပဲ။ Hypocrite ဆန်တယ် ပြောရမယ်။

ခုကိစ္စကိုပဲ ကြည့်။ အဲဒီ ၂၀၀၁ နောက်ပိုင်းမှာ အစွန်းရောက် မွတ်စလင်မ်တွေရဲ့ အကြမ်းဖက်မှုတွေသာ ကမ္ဘာ့မီဒီယာတွေထက်မှာ မြင်တွေ့ရတာ များပြီး ဒါမျိုးကိစ္စတွေကျ သိလိုက်သူ အတော်နည်းတယ်။ ခုတောင် စာအုပ်အဖြစ်၊ ရုပ်ရှင်အဖြစ် ပြန်ထွက်လာလို့ သိကြတာလေ။

ဒါကြောင့်မို့လည်း နိုင်ငံတကာနဲ့ ပတ်သက်ရင် လက်တွေ့ကျကျ မြင်ဖို့ အရေးကြီးတယ်။ ဘယ်နိုင်ငံရဲ့ နှောင်ကြိုးမဲ့ အကူအညီကိုမှ မရနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ နိုင်ငံရေးမှာ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာ မရှိဘူး ဆိုတဲ့အတိုင်း အကျိုးစီးပွားပေါ် အခြေခံပြီးပဲ ပူးပေါင်းကြရတာ ဖြစ်ပါတယ်။

◾️နောက်တစ်ချက်က၊ အမေရိကန်စစ်တပ်ဟာ ဒီလိုလုပ်ရပ်တွေ လုပ်ခဲ့တယ် ဆိုပေမဲ့ ရှေ့နေက အမှုပြန်စစ်ဆေးဖို့ တောင်းဆိုခွင့်ရှိတယ်။ တရားရုံးကလည်း ပယ်ဖျက်ခွင့်ရှိတယ်။ အရပ်သားပြည်သူတွေထဲကလည်း ဒါကို လက်မခံကြောင်း ထုတ်ပြောလို့ရတယ်။ ဒီအမှုကို အစိုးရဘက်ကနေ လိုက်ပေးတဲ့ အမေရိကန် စစ်ဘက်အရာရှိကိုယ်တိုင်ကလည်း ဒီလိုညှင်းပန်းနှိပ်စက်မှုတွေ ရှိခဲ့မှန်း သိသွားတဲ့အခါ နှုတ်ထွက်သွားတယ်။ အခု ဂျိုးဘိုင်ဒန်လက်ထက်မှာလည်း အဲဒီအကျဉ်းစခန်းကို အပြီးအပိုင် ပိတ်သိမ်းဖို့ စီစဉ်နေပြီလို့ သိရတယ်။

ဆိုလိုတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသည့်တိုင်အောင် ကျွန်တော်တို့ဆီက အကြမ်းဖက်စစ်တပ်လိုတော့ စည်းလွတ်ဝါးလွတ် မဟုတ်ဘူး။ မဖြစ်သင့်မှန်း သိသေးတဲ့ လူတွေအများကြီး ရှိတယ်။ ဒီက ပဇီကြီးမှာ အရပ်သား​တွေကို ဗုံးကြဲလည်း ဖြစ်သင့်တယ် ​အော်​နေတဲ့ စစ်တပ်ထောက်ခံသူတွေ၊ ညှင်းပန်းနှိပ်စက်မှု​တွေကို စိတ်ပါလက်ပါ လုပ်​နေတဲ့ စစ်တပ်ထဲက အဆင့်အသီးသီးမှာ တာဝန်ထမ်းဆောင်နေသူတွေနဲ့ လုံးဝတခြားစီပဲ။

◾️တိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း အမျိုးသားရေး အစွန်းရောက်သူတွေ၊ လူမျိုးရေး ခွဲခြားသူတွေ၊ နာဇီ/ ဖက်ဆစ်ထောက်ခံသူတွေ ခုထိ ရှိနေသေးတာပဲ။ ဒါပေမဲ့ စနစ်က အားကောင်းတဲ့အခါ၊ လူများစုကလည်း ဒီလိုလုပ်ရပ်တွေကို ရှုံ့ချရကောင်းမှန်း သိတဲ့အခါ၊ တရားဥပဒေ စိုးမိုးမှုရှိတဲ့အခါကျ လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူးပေါ့။

ကိုယ်တွေနိုင်ငံကျ ဘာသာရေး၊ လူမျိုးရေး အမုန်းစကားတွေကို စင်မြင့်ပေါ်ကနေတောင် ပေါ်ပေါ်တင်တင် ပြောလို့ရနေတဲ့ အနေအထား ဖြစ်နေတယ်။ စစ်အာဏာရှင်ကိုယ်တိုင်ကိုက ဒါကို လက်နက်တစ်ခုလို အသုံးချနေတယ်။

◾️အကျဉ်းထောင်ထဲမှာ သူတို့လုပ်တဲ့ နည်းစနစ်တွေဆိုတာလည်း ဒီက စစ်သားတွေ လုပ်တာရဲ့ ၁၀ ပုံ ၁ ပုံတောင် မရှိဘူး။ စစ်ကြောရေးထဲက အရှင်လတ်လတ် ငရဲခန်းတွေအကြောင်း ဖတ်ထားရတော့ ဒီကားထဲက နှိပ်စက်တဲ့အခန်းတွေ ကြည့်ရတာတောင် သိပ်အထူးတဆန်း မဟုတ်တော့ဘူး ဖြစ်သွားတယ်။ သြော် ငါတို့ဟာ အတော်ကို လူမဆန်တဲ့သူတွေနဲ့မှ ရင်ဆိုင်နေရတာပါလားလို့ တွေးမိတယ်။

အင်စတီကျူးရှင်းကြီးတစ်ခုလုံးကကို စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ပျက်စီးနေတာ၊ ယိုယွင်းနေတာ ဖြစ်ပါတယ်။ ကိုဇင်ဇေ ပြောသလိုပဲ။ လက်ဝှေ့ပွဲဆိုပေမဲ့ တစ်ယောက်က ထိုးချင်သလို ထိုးခွင့်ရနေပြီး နောက်တစ်ယောက်ကတော့ စည်းနဲ့ဘောင်နဲ့ ထိုးနေရသလို ဖြစ်နေတယ်။

သူတို့ကတော့ ကမ္ဘာမှာတောင် သြချရလောက်တဲ့ နည်းတွေသုံးပြီး ဖိနှိပ်နေပေမဲ့ တော်လှန်ရေး အင်အားစုတွေအတွက်ကျ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားနေရတယ်။ စည်းကျော်ဘောင်ကျော် လုပ်လို့မရဘူး။

◾️တစ်ခါတလေကျတော့လည်း အသည်းနာစရာ ကောင်းတယ်နော်။ ဒါပေမဲ့လည်း လူယုတ်မာတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ သူတို့လို မယုတ်မာမိအောင် ထိန်းသိမ်းရတာကိုက စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ နောက်မျိုးဆက်တွေအတွက် စံနမူနာ ဖြစ်အောင်လို့ပေါ့။  

သူတို့ လူမဆန်သလို ကိုယ်လည်း လူမဆန်စွာ လက်တုံ့ပြန်ရမှာ မဟုတ်ဘူး။ သူတို့လို လူမဆန်တဲ့သူတွေ မရှိတော့အောင်၊ ထပ်ပြီး လူမဆန်တဲ့လုပ်ရပ်တွေ မလုပ်နိုင်တော့အောင်၊ လူမဆန်တာဟာ သိပ်ကို စက်ဆုပ်ရွံရှာစရာ ကောင်းတာပါလားလို့ နောက်လူငယ်တွေ သိသွားအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဉာဏဗလ

၇.၇.၂၀၂၃


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


9 responses to “သည်မော်ရတေးနီးယန်း (The Mauritanian) – ဉာဏဗလ”

  1. အမှန်ပါပဲ တော်တော်ထိန်းသိမ်းရပါတယ်။ သူတို့လိုပဲ ပြန်လုပ်ချင်စိတ်တွေ အတော်ပေါ်ပေါက်ပါတယ်

    Like

Leave a reply to Myo Htut Cancel reply