ဟန်ဆောင်ရယ်ပြနေကြရသူများ – ဉာဏဗလ

“ဟန်ဆောင်ရယ်ပြနေကြရသူများ”

◾️ဗြိတိန်စီးရီးတစ်ခုဖြစ်တဲ့ Black Mirror က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အတွေးတွေ အများကြီး ရစေတယ်။ စီးရီးဆိုပေမဲ့ တစ်ပိုင်းစီမှာ ဇာတ်လမ်းတစ်ခုစီ၊ ဇာတ်ကောင်စရိုက်တွေကလည်း သက်သက်စီနဲ့ ရိုက်ထားတဲ့ Anthology series မျိုး ဖြစ်ပါတယ်။

အဓိကကတော့ ဒီဘက်ခေတ် လူသားတွေအပေါ် နည်းပညာရဲ့ သက်ရောက်မှုတွေအကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတာပါ။ Sci-fi ဆိုတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစား မဟုတ်လို့ အစက ဒီလောက်ကြီး သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ အခန်းဆက်ထက်စာရင် အဲဒီလို တစ်ပိုင်းစီ ရိုက်တာမျိုးဆို ပိုသဘောကျတတ်တယ်။ Review တွေလည်း ကောင်းတာနဲ့ ကြည့်မိလိုက်တာ။ ပထမဆုံးအပိုင်းမှာတင် အတော်မိုက်တယ်။ အဲဒါနဲ့ပဲ ဆက်ကြည့်ဖြစ်သွားတာ။

စီးရီး ၆ ခုမှာ စုစုပေါင်း ၂၇ ပိုင်းရှိတယ်။ ခုပြောမှာက တတိယမြောက်စီးရီးရဲ့ Episode 1 – Nosedive အကြောင်း။ ဇာတ်လမ်းကို ပြောမှဖြစ်မှာမို့ ကြည့်မယ်စိတ်ကူးရင်တော့ ဆက်မဖတ်ဖို့ သတိပေးပါရစေနော်။ မကြည့်ဖြစ်လောက်ဘူးဆိုမှပဲ ဖတ်ပါ။

◾️ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ –

မျက်လုံးမှာ မျက်ကပ်မှန်လို ကိရိယာလေးတစ်ခု ထည့်ထားလို့ရတယ်။ အဲဒါနဲ့ Mobile device နဲ့ကို ချိတ်ထားတယ်။ ဒီအခါ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့ရဲ့ နာမည်နဲ့ Rating ကို မြင်နေရမယ်။ ကိုဖြူ Rating 3.4, မညို Rating 4.1 စသဖြင့်။

သူတို့တင်ထားတဲ့ ပို့စ်တွေတင်မက ပြင်ပက လုပ်ရပ်တွေကို ကြည့်ပြီးလည်း တစ်ယောက်ကို တစ်ယောက် Review ပေးလို့ရတယ်။

ဆိုပါတော့၊ မနက်ပိုင်း လမ်းလျှောက်ရင်း တစ်ယောက်ယောက်က ပြုံးပြပြီး နှုတ်ဆက်သွားတယ်။ ကိုယ်သဘောကျတယ်ဆို အဲဒီလူကို Rating ပေးလိုက်။ 1 Star ကနေ 5 Stars ထိ ပေးလို့ရတယ်။ နှစ်သက်တယ်ဆို 5 ပေါ့။ မကြိုက်ဘူးဆို 1 ပေါ့။

◾️ဒီတော့ အားလုံးက ကိုယ့်ကို ပေးထားသမျှ Rating တွေအကုန်ပေါင်းပြီး ပျမ်းမျှဂဏန်းတစ်ခု ရနေမယ်။ Facebook page တွေလိုပေါ့။ လူကြိုက်များတဲ့ ပေ့ချ်ဆို Rating များတယ်။ ပေါက်ကရပေ့ချ်ဆို Bad review ဝိုင်းရေးခံရတော့ Rating နည်းနေမယ်။ အဲဒါမျိုး လူအစစ်တွေမှာပါ ဖြစ်နေတာပေါ့။

ဒီ Rating အနည်းအများပေါ် မူတည်ပြီးလည်း သတ်မှတ်ထားတာတွေ ရှိတယ်။ ဥပမာ ဒီ Airline နဲ့ စီးဖို့ဆို အနိမ့်ဆုံး Rating ဘယ်လောက်ရှိရမယ်၊ ဒီအဆောက်အဦထဲ ဝင်ဖို့ဆို Rating 3 ထက် နိမ့်ရင် မရဘူး စသဖြင့်ပေါ့။ လမ်းကြုံကားတားစီးမယ်ဆိုလည်း ကြည့်လိုက်လို့ Rating နည်းနေတယ်ဆို ဘယ်သူကမှ မတင်ချင်ကြဘူး။ ဒီတော့ လူတွေက အပြုံးတုတွေ၊ ဟန်ဆောင်ဖော်ရွေတာတွေနဲ့ Rating ကောင်းအောင် လုပ်နေကြရတယ်ပေါ့။

◾️ဇာတ်လမ်းထဲက မင်းသမီးက အစ်ကိုနဲ့အတူတူ နေနေရတဲ့ ကောင်မလေး။ သူတစ်ယောက်တည်းနေဖို့ အမိုက်စား အိမ်ကလေးတစ်လုံးကို ငှားချင်တယ်။ ဒါပေမဲ့ ပိုက်ဆံက မလောက်ဘူး။ အဲဒီအခါ အေးဂျင့်က ပြောတယ်။ Rating 4.5 နဲ့အထက်ဆို Discount ပေးတဲ့ အစီအစဉ်ရှိတယ်တဲ့။ အဲဒီအချိန်မှာ သူက 4.2 ဖြစ်နေတယ်။ သိပ်မလိုတော့ဘူး။

အဲဒါနဲ့ ကျွမ်းကျင်သူတစ်ယောက်နဲ့ သွားတိုင်ပင်တယ်။ သူကနေ အကြံပေးတယ်။ 4.5 အထက် ရထားတဲ့သူတွေ၊ Influencer တွေပေါ့၊ သူတို့နဲ့သာ ခင်မင်ပြီး Positive review ပေးကြမယ် ဆိုရင်တော့ နင်လည်း 4.5 မြန်မြန်ရသွားလိမ့်မယ်တဲ့။

◾️အဲဒီမှာတင် လိုက်ရှာကြည့်တော့ သူ့ငယ်သူငယ်ချင်းတစ်ယောက်က ဆယ်လီဖြစ်နေတယ်။ အကျင့်တော့ မကောင်းလှဘူး။ ဒီလောက်ကြီးလည်း ခင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ သူနဲ့ အဆက်အသွယ်ရဖို့က လိုနေတော့ သူ့ပို့စ်တွေ သွားကြည့်ပြီး 5 Stars တွေ ပေးပစ်တာပေါ့။

တစ်ရက်တော့ အဲဒီသူငယ်ချင်းက သူ့ဆီကို ဆက်သွယ်လာတယ်။ သူ့မင်္ဂလာဆောင်မှာ သတို့သမီးရဲ့ Best Friend အဖြစ် အမှတ်တရစကား လာပြောပေးဖို့ ဖိတ်တယ်။ သူလည်း ဝမ်းသာသွားတာပေါ့။ ပွဲကို လာမဲ့သူတွေကလည်း ထိတ်ထိတ်ကြဲတွေချည်းပဲလေ။ သူ့ကိုသာ Rating ကောင်းကောင်းပေးကြရင် 4.5 ဖြစ်သွားလောက်ပြီဆိုပြီး ပျော်နေတာ။ အိမ်ကိုတောင် စရံတွေ ဘာတွေ ပေးလိုက်ပြီ။ ပွဲက ပြန်လာတာနဲ့ 4.5 ဖြစ်သွားမယ်၊ ဒါဆို Discount လည်း ရပြီပေါ့။

◾️အဲဒီမှာ သူ့အစ်ကိုက ပြောတယ်။ ဒီဘဲကကျ Rating 3 လောက်ပဲ ရှိတယ်။ Gamer, ဘဝကို ခပ်အေးအေး ဖြတ်သန်းနေတဲ့သူ။ တကယ်လည်း မခင်ဘဲ ခင်ချင်ယောင်တွေ ဆောင်နေတဲ့ သူ့ညီမကို ကြည့်ပြီး နင့်ပုံစံအတိုင်းပဲ နေစမ်းပါ၊ ဘာလို့ ဟန်ဆောင်နေမလဲပေါ့လေ။ ကောင်မလေးကလည်း အိမ်ငှားဖို့ Discount ရချင်တာပဲ သိတော့တယ်။ အဲဒါနဲ့ မင်္ဂလာပွဲကို မရရအောင် သွားတာပေါ့။

ဖြစ်ချင်တော့ သူ့အစ်ကိုနဲ့ စကားများပြီး အိမ်ကအထွက်မှာ မိန်းမတစ်ယောက်ကို တိုက်မိတယ်။ အဲဒီမိန်းမက စိတ်ဆိုးပြီး သူ့ကို Rating 1 ပေးချသွားရော။ နောက် တက်စီနဲ့ လေယာဉ်ကွင်းဆင်းတော့ ကားပေါ်မှာ သူ အရမ်းတွေ ဖော်ရွေပြီး ပြောနေ၊ ပြုံးနေတာကို ကားသမားက ကြည့်မရဘူး။ အဲဒါနဲ့ Rating 1 ထပ်ပေးသွားပြန်ရော။ အဲဒီလိုနဲ့ Overall မှာ 4.1 ပဲ ကျန်တော့တယ်။ နည်းနည်းလျော့သွားတာပေါ့။ ဒါပေမဲ့ ရသေးတယ်။ ငါ ဟိုရောက်ရင် အဆင်ပြေသွားမှာပါပေါ့။

◾️ဖြစ်ချင်တော့ Flight က Canceled ဖြစ်သွားတယ်။ မင်္ဂလာဆောင်က နက်ဖြန်ညမို့ အရေးကြီးလို့ပါ ပြောတော့ ဝန်ထမ်းက ပြန်ဖြေတယ်။ နောက်ထပ် Flight တစ်ခု​တော့ ရှိသေးတယ်တဲ့။ ဒါပေမဲ့ အဲဒါက အနည်းဆုံး 4.2 ရှိမှ စီးလို့ရမယ်ဆိုတော့ သူ့မှာ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ စိတ်တိုပြီး နည်းနည်းလေး စကားလုံး ကြမ်းမိတာ လေဆိပ်က လူတွေရော၊ လုံခြုံရေးဝန်ထမ်းကပါ Bad review တွေ ဝိုင်းပေးတော့ Rating က 3 ကျော်ကျော်ပဲ ကျန်တော့တယ်။

အဲဒီမှာမှ လုံခြုံရေးအကြောင်းပြချက်နဲ့မို့ Double punishment ထိတယ်။ အဲဒီကစ ၂၄ နာရီအတွင်း Bad review မှန်သမျှကို ၂ နဲ့ မြှောက်တော့မှာ။ ဒီတော့ ပိုသတိထားနေရတာပေါ့။ ကားသွားငှားတော့လည်း Rating မကောင်းတော့ ကားအစုတ်ကလေးပဲ ရတယ်။ ဘက်ထရီကားလေးမို့ အားကုန်သွားလို့ ဆက်မောင်းမရတော့တာလည်း ဘယ်သူကမှ အဖက်လုပ်ပြီး မကူညီကြဘူး။ လမ်းကြုံကားတားစီးတာလည်း ရပ်မပေးကြဘူး။

◾️နောက်တော့ ကုန်ကားတစ်စီးက သူ့ကို ရပ်ပေးတယ်။ မောင်းတဲ့ မိန်းမကြီးကို ကြည့်လိုက်တော့ Rating က 1 ကျော်ကျော်မို့ မစီးချင်ဘူး။ ဒါပေမဲ့ တခြားလည်း ရွေးစရာမရှိတာနဲ့ စီးလိုက်ရတယ်။

လမ်းကျတော့ အဲဒီမိန်းမက ပြောတယ်။ ငါလည်း တစ်ချိန်က နင့်လိုပဲတဲ့။ ဒီ Rating နောက်ကို လိုက်ပြီး လူတကာအပေါ် ကောင်းပြ၊ ချိုသာပြခဲ့တာတဲ့။ နောက်တော့မှ ဘာအဓိပ္ပါယ်မှ မရှိပါလား ဆိုတာ သဘောပေါက်ပြီး နေချင်သလို နေလိုက်တော့တာတဲ့။ အဲဒီအခါ တအားလွတ်လပ်သွားတာကို ခံစားရလိမ့်မယ်တဲ့။ ငါ့ Rating ဆိုလည်း 1 ကျော်ကျော်ပဲဆိုပေမဲ့ ငါ့ကိုကြည့်၊ ဆိုးနေတဲ့လူမှ မဟုတ်တာတဲ့။ ကောင်မလေးကတော့ နားမဝင်ပါဘူး။

◾️နောက်နေ့မနက်ရောက်တော့ သူငယ်ချင်းဆီက ဖုန်းဝင်လာတယ်။ နင် မလာနဲ့တော့တဲ့။ ဘာလို့ဆိုတော့ နင့်လို Rating 2 ကျော်ကျော်လေး ရှိတဲ့လူက ငါ့သူငယ်ချင်းပါဆို ငါရှက်တယ်ဆိုပြီး ဖုန်းချသွားရော။

သူ့မှာက မျှော်လင့်တကြီးနဲ့ လာရတာလေ။ ခုလို မလာနဲ့တော့ ဆိုတော့ သူလည်း ဒေါသတွေထွက်ပြီး မရောက်ရောက်အောင် သွား။ အရက်တွေမူးပြီး မင်္ဂလာဆောင်မှာ ပေါက်ကရတွေပြော။ (ဒါတောင် အဲဒီပွဲလုပ်တဲ့နေရာက Rating 3 အထက်ပဲ ပေးဝင်တာမို့ တောလမ်းကနေ ပတ်ဝင်ခဲ့ရတာ။) ပွဲထဲက လူ​​တွေအကုန်လုံးကလည်း Rating 4 အထက်တွေချည်းပဲမို့ သူ့လိုလူကို အထင်သေးသလိုကြည့်။ နောက်တော့ ရဲဖမ်းခံလိုက်ရရော။

ရဲစခန်းရောက်တော့ သူ့မျက်လုံးထဲက ကိရိယာကို ထုတ်ပစ်လိုက်တယ်။ ဒီတော့မှ ဘာ Rating မှလည်း မမြင်ရတော့ဘူး။ ဘယ်သူ့ကိုမှလည်း မျက်နှာချိုမသွေးတော့ဘူး။ နောက်ဆုံးမှာတော့ သူ့လိုပဲ အဖမ်းခံထားရတဲ့ ယောက်ျားတစ်ယောက်နဲ့ အပြန်အလှန် ဆဲဆိုနေကြတဲ့အခန်းနဲ့ အဆုံးသတ်ထားတယ်။

◾️ဒါလေးကြည့်ပြီး အတော်လည်း သဘောကျတယ်။ တွေးစရာတွေလည်း အများကြီးရတယ်။ အဲဒီလိုသာ Rating ပေးလို့ရမယ်ဆို မကောင်းတဲ့ လူတွေအကြောင်း ပိုသိသွားနိုင်တယ်နော်။ ကိုယ်ကျင့်တရား ကောင်းသူတွေဆို ပိုဦးစားပေး။ မရိုးသားတဲ့သူဆို အဆင့်နှိမ့်ထား။ မဟုတ်တာ ဘာမှကို လုပ်လို့မရတော့ဘူး။

ရည်းစားဟောင်းဆို ကြည့်မရတာနဲ့ Rating 1 ပေးပစ်။ မိဘက နည်းနည်းဆူလာတာနဲ့ Rating တွေ ချပစ်။ လင်မယား စကားများတာနဲ့ Bad review ပေးပစ်။ ပျော်တော့လည်း ပျော်စရာကြီး။

◾️တစ်ဖက်မှာလည်း ဒီကားထဲကလို ဟန်ဆောင်တာတွေ ရှိလာမယ်။ အများမကြိုက်ကြိုက်အောင် လိုက်လုပ်နေရမယ်။ မပြုံးချင်လည်း ပြုံး။ မချစ်ဘဲလည်း ချစ်ချင်ယောင်ဆောင်။ Rating အကျမခံနိုင်လို့လေ။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာမယ်။ ကျဉ်းကြပ်လာရမယ်။

နောက်ပြီး ဆင်းရဲချမ်းသာ လူတန်းစား ခွဲခြားသလို၊ Rating အနည်းအများ ခွဲခြားဆက်ဆံမှုတွေလည်း ရှိလာမယ်။ မျက်နှာမွဲဆို ဝိုင်းပြီးတော့ Bad review ပေးပြီး ကန်ထုတ်ပစ်လိုက်လို့ ရတယ်။ အချင်းချင်းကျ Rating ကောင်းကောင်းပေး၊ အပြန်အလှန် Endorse လုပ်ကြတော့ အောင်မြင်ပြီးရင်း အောင်မြင်၊ နာမည်ကြီးပြီးရင်း နာမည်ကြီး။ အများညီတိုင်း ဤကိုကျွဲဖတ်​နေကြတာ။ တကယ်တမ်းက အတွင်းထဲမှာ ဘာစိတ်ကောင်းစေတနာမှ မရှိဘူး။ အပြုံးတုတွေ၊ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ပေါ့။

◾️ဇာတ်ကားထဲကလိုတော့ အပြင်ကမ္ဘာထဲ မရောက်သေးပေမဲ့ လူမှုကွန်ရက်မှာလည်း ဘာထူးလဲနော်။ Review တွေ ပေးလို့ရလာလို့ လိမ်မရတော့သလို ဖြစ်လာပေမဲ့လည်း အဲဒီ Review တွေ ကောင်းဖို့ကို ဟန်ဆောင်နေကြတာလည်း အများကြီး ရှိလာတယ်မို့လား။ မပျော်ချင်ဘဲ ပျော်ချင်ယောင်ဆောင်တယ်၊ အိမ်ထောင်ရေး အဆင်မပြေဘဲ ပြေချင်ယောင်ဆောင်တယ်၊ မအောင်မြင်ဘဲလည်း အောင်မြင်ချင်ယောင်ဆောင်သလို၊ မချမ်းသာဘဲနဲ့လည်း ချမ်းသာချင်ယောင်ဆောင်ကြတယ်။ အဲဒါကို လူတွေက မြင်ပြီး အားကျတယ်။ အားကျမှ Influence လုပ်လို့ရမှာကိုး။

တခြားသူတွေကတော့ အဲဒီအတုအယောင်တွေကို တကယ်ထင်ပြီး သူတို့ရဲ့ Real life နဲ့ နှိုင်းယှဉ်မိကုန်တယ်။ သိမ်ငယ်စိတ်တွေ ဝင်ကုန်တယ်။ မနာလိုစိတ်တွေ ဖြစ်ရတယ်။

ပြီးတဲ့အခါ ကိုယ်ကပါ အလိုလိုနေရင်း လိုက်ဟန်ဆောင်မိလျက်သား ဖြစ်သွားတယ်။ ပျော်ချင်ယောင် ဆောင်မိလျက်သား ဖြစ်သွားတယ်။ သူများတွေက အဆင်ပြေနေချိန် ကိုယ့်အဆင်မပြေမှုကို ချပြလို့ မကောင်းဘူးမို့လား။ “ရောမရောက်ရင် ရောမလိုကျင့်” ဆိုသလို၊ ဒီထဲမှာ ရှင်သန်နေရတော့လည်း ဒီလိုပဲ လုပ်မိကုန်ကြတာပေါ့။ ဒီဘက်ခေတ် နည်းပညာတိုးတက်မှုနဲ့ လူမှုကွန်ရက်တွေရဲ့ အဆိုးဘက်ခြမ်းလို့ပဲ ဆိုပါတော့။

◾️ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပါပဲ။ AI ခေတ်ရောက်လာတဲ့အခါ ပိုတောင် ဆိုးလိမ့်ဦးမယ် ထင်ပါတယ်။ ဒီ Episode ဆို ၂၀၁၆ က ထွက်ထားတာမို့ ၇ နှစ်ရှိပြီပေါ့။ နောင်မှာ အဲဒီလိုတွေ တကယ်ဖြစ်မလာဘူးတောင် ပြောလို့မရဘူး။

ကမ္ဘာကြီးမှာတော့ ဟိုဘက်ဒီဘက် လွန်ဆွဲတာတွေ၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းညှိတာတွေ ရှိစမြဲပါ။ ဥပမာ အရင်းရှင်စနစ်ကြောင့် တိုင်းပြည်တွေ ချမ်းသာလာကြပေမဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေ သိပ်ကြီးလာတာက ပြဿနာ ဖြစ်လာတယ်။ ဒါကို ပြန်ထိန်းဖို့အတွက် Communism ဘက်က အယူအဆတွေကို ပြန်ပြောလာကြတယ်။ စီးပွားရေးအတွက် အရင်းအမြစ်တွေ အလွန်အကျွံ ထုတ်ယူရင်း သဘာဝပတ်ဝန်းကျင်တွေ သိပ်ပျက်စီးလာတော့ Environmentalism ဆိုတာ ရှိလာတယ်။ ရုပ်ဝတ္ထုတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတော့ Minimalism ဆိုပြီး ပြောလာကြတယ်။

နည်းပညာနဲ့ ပတ်သက်ရင်လည်း ဒီလိုပါပဲ။ မရှိမကောင်း ရှိမကောင်း ဆိုတော့ လိုသလောက် အသုံးချ။ မျက်ခြည်လည်း မပြတ်စေနဲ့။ ကိုယ့်ကို လုံးလုံးလျားလျား လွှမ်းမိုးချုပ်ကိုင်သွားတာမျိုးလည်း မဖြစ်စေနဲ့ပေါ့။

◾️ဒါကြောင့်မို့ လူသားဆန်ခြင်း၊ ကိုယ့်ရဲ့ အစစ်အမှန်ပုံစံအတိုင်း ရှင်သန်နေထိုင်ခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေခြင်း စတာတွေဟာ နည်းပညာခေတ်မှာ ရှင်သန်ရမဲ့ ကျွန်တော်တို့အားလုံးအတွက် အရေးတကြီး လိုအပ်လာတဲ့ အရည်အသွေးတွေ ဖြစ်လာတာပါ။

ဉာဏဗလ

၁၄.၇.၂၀၂၃


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2




10 responses to “ဟန်ဆောင်ရယ်ပြနေကြရသူများ – ဉာဏဗလ”

  1. တရုတ်မှာအဲ့လိုဆန်ဆန်သုံးနေပြီလေ social credit score ဆိုပြီး သူ့ကိုဆန့်ကျင်တဲ့သူဆို credit score ချလိုက်တာနဲ့ အခွင့်အရေးတွေဆုံးပြီ။ us မှာလည်း credit score ဆိုတာရှိနေတာပဲ

    Liked by 1 person

  2. မပျော်ချင်ဘဲ ပျော်ချင်ယောင်ဆောင်တယ်၊ အိမ်ထောင်ရေး အဆင်မပြေဘဲ ပြေချင်ယောင်ဆောင်တယ်၊ မအောင်မြင်ဘဲလည်း အောင်မြင်ချင်ယောင်ဆောင်သလို၊ မချမ်းသာဘဲနဲ့လည်း ချမ်းသာချင်ယောင်ဆောင်ကြတယ်။

    Liked by 1 person

  3. မွန်းကျပ်စရာ သူတစ်ပါးရဲ့ အရှိတရားကို လက်ခံဖို့ ကြိုးစားပြီး ကိုယ်လည်း ကိုယ့်အတိုင်းလေးပဲ နေတာကောင်းပါတယ်

    Like

Leave a reply to haha Cancel reply