နွေဦးဖတ်စာ – ၆ ( အွန့်အွန့် – Burmese Alphabet )

နွေဦးဖတ်စာ – ၆

ဂူထဲကို ရေတွေ ဖြတ်စီးနေပြီ။

သို့သော် ရေအရှိန်က အားလျော့လာပြီး ရေလုံးက သေးလာသောကြောင့် ခြေမျက်စိမြုပ်ရုံ အနက်လောက်သာ ကျန်တော့သည်။ ဂူအပြင်ဘက်၌ မုန်တိုင်းစဲသွားဟန် တူ၏။ ယခုအခါ ဂူအတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးမှာ ရေလွတ်ရာသို့ ရွှေ့ပြောင်းရန် မကြိုးစားကြတော့ဘဲ ရေနှင့်အတူ ယှဉ်တွဲနေနိုင်ရန်သာ အားထုတ်နေကြရသည်။

“ဟေ့လူတွေ၊ သေချာကြည့်ကြဦး၊ ရေတွေက စီးနေတယ်နော်”

ဆရာဖြိုးက ရုတ်တရက်ပြောလိုက်သဖြင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ ‘ရေပဲ၊ စီးမှာပေါ့၊ ရေစီးတာများ အဆန်းလုပ်နေသေးတယ်’ ဟူသော မျက်နှာပေးများဖြင့် ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း နှုတ်ကမူ အလိုက်သင့်ပင် “ဟုတ်တယ်နော်” ဟူ၍ စကားထောက်ပေးလိုက်ကြသည်။

“ဒီရေတွေ တစ်နေရာရာကို စီးသွားတာပဲ ဖြစ်ရမယ်၊ ကျနော်တို့ လိုက်ကြည့်ကြရအောင်၊ ခါတိုင်း ကျနော်တို့ကချည်း ရှေ့ကပြေးနေရတာ၊ ဒီတစ်ခါ ကျနော်တို့ လိုက်ရမယ့်အလှည့်ပဲ”

ဆရာဖြိုးက စကားဆုံးသည်နှင့် ချက်ချင်းပင် ရေစီးကြောင်းနောက်လိုက်ရန် ထရပ်လိုက်သည်။ 

“အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ၊ လိုက်မယ့်လိုက် ရေဆုံးရေဖျားရောက်အောင် လိုက်ကြရမှာပဲ”

ကိုလင်းထက်အောင်ကလည်း ဆရာဖြိုးပြောနေကျစကားကို ကိုးကားလျက် တက်ကြွစွာပင် ထရပ်လိုက်လေရာ ကိုဇင်ဇေလည်း “သွားမယ့်သွား ငရဲပြည်ရောက်တဲ့အထိ သွားကြည့်ကြတာပေါ့” ဟု အားကျမခံပြောရင်း ထိုင်ရာမှ ထလိုက်လေ၏။

ထို့နောက် ဂူအတွင်းသို့ စီးဝင်နေသော ရေစီးကြောင်းအတိုင်း သုံးယောက်သား ဆက်လျှောက်သွားကြလေသည်။ မည်မျှကြာကြာ လျှောက်သွားမိကြသည် မသိ။ နောက်ဆုံးတွင် ဆက်လျှောက်စရာ လမ်းမရှိတော့ဘဲ ရှေ့တွင် ဂူနံရံကြီးပဲ ကျန်တော့သည်ကို တွေ့လိုက်ကြရသည်။

“ဟာ သွားပါပြီဗျာ၊ ကျနော်တို့တော့ ဒီဂူကြီးမည်းမည်းနဲ့ပဲ လမ်းဆုံးတော့မယ် ထင်တယ်ဗျာ”

ကိုလင်းထက်အောင် ခြေပစ်လက်ပစ်ထိုင်ချရင်း ပြောလိုက်သည်။ ဆရာဖြိုးလည်း အမောဆို့သွားဟန်ဖြင့် ပါးအိုးများနီလျက် ဘာမှဆက်မပြောနိုင်တော့ဘဲ ကိုလင်းထက်အောင်ဘေးတွင် ထိုင်ချလိုက်သည်။ ကိုဇင်ဇေတစ်ယောက်သာ ဓာတ်မီးတစ်လက်ဖြင့် ဂူနေရာအနှံ့လျှောက်ထိုးကြည့်ရင်း ကုန်းလိုက်၊ ကွလိုက်၊ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်၊ အပေါ်ကိုမော့ကြည့်လိုက် လုပ်နေလေတော့သည်။ ထိုအချင်းအရာ မြင်နေရသော ကိုလင်းထက်အောင်က စိုးရိမ်မကင်းလေသံဖြင့် ဆရာဖြိုးကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။

“ဒီတစ်ခါ သူ ရေသူမဆိုပြီး လုပ်လာရင်တော့ ကျနော့်အဆိုးမဆိုနဲ့နော် ဆရာဖြိုး”

ကိုလင်းထက်အောင်၏ စကားကြောင့် ဆရာဖြိုးလည်း အသင့်အနေအထားဖြင့် စောင့်ကြည့်နေလိုက်ရသည်။ 

“ဟာ”

ကိုဇင်ဇေက အလန့်တကြား ထအော်လိုက်ရာ ဆရာဖြိုးရော၊ ကိုလင်းထက်အောင်ပါ ထိတ်ခနဲလန့်ပြီး ဆတ်ခနဲတန့် သွားကြ၏။ ကိုဇင်ဇေက ဘာမှ ဆက်မပြောဘဲ စောစောကအတိုင်းပင် ဓာတ်မီးတစ်လက်ဖြင့် လျှောက်ထိုးကြည့်နေပြန်သည်။ ထို့နောက် 

“ဟာ”

ဟု ထပ်အော်ပြန်သည်။ 

“အာ ဟေ့လူ ကိုဇင်ဇေ၊ ခင်ဗျား တဟာဟာပဲ လုပ်မနေနဲ့တော့လေ၊ ပြောစရာရှိတာ ဆက်ပြောစမ်းပါဗျ၊ ဒီမှာ ခင်ဗျား တစ်ခါ ဟာ လိုက်တိုင်း ကျုပ်တို့မှာ ရင်တထိတ်ထိတ်နဲ့”

“ဟာ ဆရာဒိုးဖြောင်းကလည်း၊ ဒီမှာ ထူးခြားတာတစ်ခုတွေလို့ သေချာအောင် လိုက်ကြည့်နေတာလေဗျာ၊ မဟုတ်မှလွဲရော ကျုပ်အထင်မမှားဘူးဆိုရင် ကျုပ်တို့တော့ ထွက်ပေါက်တွေ့ပြီ ထင်တယ်ဗျ”

‘ထွက်ပေါက်’ ဟူသော စကားကြောင့် ဆရာဖြိုးနှင့် ကိုလင်းထက်အောင်မှာ ပင်ပန်းနွမ်းနယ်ခြင်းများ လွင့်ပျောက်သွားကာ ချက်ချင်းပင် ကိုဇင်ဇေရှိရာသို့ အမြန် တိုးကပ်သွားကြသည်။ ရုတ်တရက်မို့ ကိုဇင်ဇေလည်း ယောင်ပြီး နောက်တစ်လှမ်းဆုတ်လိုက်မိသည်။ 

“ဟေ့ ဟေ့လူတွေ၊ ကျုပ်ကို ဘာလုပ်ကြမလို့လဲဗျ”

ကိုဇင်ဇေက လက်ကာရင်းမေးလိုက်၏။

“ဟာ ခင်ဗျားပဲ ထွက်ပေါက်ဆို၊ ကဲပြော ဘယ်မှာလည်း၊ ခင်ဗျားပြောတဲ့ ထွက်ပေါက်က”

ကိုလင်းထက်အောင်က စိတ်မရှည်စွာ ဝင်ပြောလိုက်သဖြင့် ကိုဇင်ဇေလည်း ဘာမှာဆက်မပြောတော့ဘဲ လမ်းဆုံးသွားသော ဂူနံရံကြီး၏အောက်ခြေကို ဓာတ်မီးနှင့် ထိုးပြလိုက်သည်။  

“ဟာ နံရံအောက်ထဲကို ရေတွေ စီးဝင်သွားတာပါလား”

ဆရာဖြိုးက အံဩတကြီး ပြောလိုက်၏။

“ဟုတ်တယ်ဗျ၊ ကျုပ်ပြောတာ အဲ့ဒါပဲ၊ ရေတွေ ဒီလို စီးဝင်သွားပုံထောက်ရင် ဒီဂူနံရံကြီးက လမ်းဆုံးမဟုတ်လောက်သေးဘူးဗျ၊ ဟိုဘက်မှာ နောက်ထပ်လမ်းကြောင်း ရှိကိုရှိရဦးမယ်”

ကိုဇင်ဇေက သူ၏ယူဆချက် မှန်ကန်ကြောင်းပြသနိုင်ရန်အတွက် ဓာတ်မီးတစ်လက်ဖြင့် ကျောက်ဂူအနှံ့ သဲလွန်စ လိုက်ရှာနေလေ၏။ ဆရာဖြိုးတို့မှာလည်း ကိုဇင်ဇေ၏ ထင်မြင်ချက်ကြောင့် အားတက်လာကြပြီး ဓာတ်မီးကိုယ်စီဖြင့် လွတ်မြောက်ရန်လမ်းစကို ကြိုးစားရှာဖွေနေကြလေသည်။ 

ဤသို့ဖြင့် နောက်ဆုံးတွင် ဂူနံရံအောက်ခြေတစ်နေရာ၌ ထူးဆန်းစွာရေးထွင်းထားသော စာသုံးကြီးလုံးကို သုံးယောက်သား တွေ့လိုက်ကြရသည်။

‘မ အ လ’

“ဟင် ဒီစာလုံးတွေ ဒီဂူထဲမှာ ဘယ်သူလာရေးထားတာပါလိမ့်”

ဆရာဖြိုးက မေးလိုက်သော်လည်း ကျန်နှစ်ဦးထံမှ ဖြေသံ မကြားကြရချေ။ 

သို့နှင့် အံဝှက်တံခါးတစ်ခုများ ဖြစ်လေမလားဟုဆိုကာ ထိုစာလုံးကြီးများကို လက်ဖြင့်သေသေချာချာ လိုက်စမ်းကြည့်ကြသည်။ သို့သော်လည်း မည်သည့်လျှို့ဝှက်ခလုတ်ကိုမျှ မတွေ့ရချေ။

ဤတွင် စိတ်တိုလွယ်၊ စိတ်ဆတ်လွယ်ဖြစ်နေသော ကိုလင်းထက်အောင်မှာ ပေါက်ကွဲသွားပြီး သူ၏ လက်စွဲတော် လက်ခလယ်များကိုထောင်ပြလျှက် 

“မြေနိုး မအလ၊ မြေနိုး မအလ” ဟု ဆက်တိုက် ကလော်တုတ်လေတော့သည်။ 

ထို့အခါ စောစောက ငြိမ်သက်လျက်ရှိသောကြောက်ဂူကြီးမှာ မြေငလျင်လှုပ်သကဲ့သို့ တဝေါဝေါမြည်ဟီးကာ တုန်ခါလာလေတော့သည်။ 

“ဟေ့လူ သိပ်မဆဲနဲ့၊ ဂူကြီးက ခင်ဗျားဆဲတာ မကြိုက်ဘူးနဲ့ တူတယ်”

ဟု ဆရာဖြိုးက သတိပေးလိုက်၏။ 

“ဟာ သန်းခေါင်ထက် ညဉ့်မနက်တော့ဘူး ကိုလင်းထက်အောင်၊ ဆဲသာဆဲ၊ ဂူကြီးမကြိုက်ပေမယ့် ကျုပ်ကြိုက်တယ် ချ ချ”

ကိုဇင်ဇေက ဝင်ပြောပြန်သည်။ 

ပေါက်ကွဲနေသော ကိုလင်းထက်အောင်မှာ မည်သူပြောသည်ကိုမှ ကြားဟန်မပြုဘဲ ဆဲကောင်းကောင်းဖြင့် ဆက်ဆဲနေလေသည်။

“မြေနိုး မအလ၊ ထာဝရလက်ခလယ်ပဲကွာ၊ ရော့ ရော့ အင့် အင့်”

ကိုလင်းထက်အောင်က ကလော်တုပ်လေ၊ ဂူကြီးမှာ မခံမရပ်ဖြစ်လာကာ ပို၍ပို၍ တုန်ခါလာလေ ဖြစ်နေတော့သည်။ ထို့နောက် သုံးယောက်သား လေဟာနယ်တစ်ခုထဲသို့ အားဖြင့်ဆွဲစုပ်ယူလိုက်သလို ခံစားလိုက်ရပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိ ကျသွားလေတော့သည်။ 

*

ကမ္ဘာတစ်ခုရဲ့ ထွက်ပေါက်ဟာ

အခြားကမ္ဘာတစ်ခုရဲ့ ဝင်ပေါက်ပဲ။

(အမည်မသိနွေဦးစာဆို)

**

လက်မောင်းမှ စူးခနဲ ခံစားချက်ကြောင့် ကိုဇင်ဇေ မျက်လုံးပွင့်လာသည်။ အနှိပ်စက်ထိုင်ခုံကြီးကဲ့သို့သော ဆိုဖာခုံကြီးတစ်ခုပေါ်တွင် မိမိ၏ ခန္ဓာကိုယ်ကြီး လှဲလျောင်းနေရသည်ကို သတိထားလိုက်မိသည်။ ထိုစဉ် မိမိလက်မှ သွေးခုန်နှုန်းကို စမ်းသပ်နေသော ပုဂ္ဂိုလ်တစ်ဦးကို ဘွားခနဲ တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားလေ၏။ 

“ဟင် ဆရာစိုးမင်း”

ထိုပုဂ္ဂိုလ်က ဘာမှ ပြန်မပြေဘဲ လုပ်စရာရှိသည်များကို ဆက်လုပ်နေလေသည်။ ကိုဇင်ဇေ အိပ်မက်မက်နေသည်ထင်ပြီး မိမိကိုယ်ကိုယ် ဆွဲဆိတ်ကြည့်လိုက်သည်။ ထိုသို့ မလုပ်၍လည်း မဖြစ်။ ဟော့ပေါ့ကိစ္စတုန်းက စားရခါနီးမှ လန့်နိုးလာခဲ့ဖူးသည်ကိုး။

“အား နာတယ်ဟ”

“ဟုတ်ပါတယ် ကိုဇင်ဇေရ၊ ဒါ အိပ်မက် မဟုတ်ပါဘူး၊ တကယ်ပါဗျ”

ရင်းနှီးနေပြီးဖြစ်သော ဆရာဖြိုး၏ အသံကို ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ မိမိကဲ့သို့ပင် အနှိပ်ခုံကြီးကိုယ်စီနှင့် အခန့်သား အစန့်သား လှဲလျောင်းနေကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည့် ဆရာဖြိုးနှင့် ကိုလင်းထက်အောင်တို့ကို တွေ့လိုက်ရလေသည်။

“ဒီတစ်ခါလည်း ကိုဇင်ဇေ သတိလစ်သွားတာ အကြာကြီးပဲနော်၊ သွေးအားနည်းနေသေးလို့ ဖြစ်မယ်”

ကိုလင်းထက်အောင်ကလည်း ပြုံးစိစိဖြင့် ဝင်ပြောပြန်သဖြင့် ကိုဇင်ဇေ မအီမသာ ဖြစ်သွား၏။ ထို့ကြောင့် မိမိ အမှန်တကယ် သွေးအားနည်းနေသည်ထင်မှတ်ပြီး စောစောကသွေးခုန်နှုန်းစမ်းနေသော ဆရာစိုးမင်းကို ပြောလိုက်လေသည်။

“ဆရာစိုးရေ၊ ကျနော့်ကို ဖက်ဒရယ်အားဖြည့်အချိုရည်လေး တစ်ဘူးလောက် တိုက်ပါလားဗျ”

ဆရာစိုးမင်း မျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေသည်။ ကိုဇင်ဇေ နည်းနည်းဖြုံသွားသည်။ သို့သော် တော်ရုံလက်မလျှော့တတ်သော ကိုဇင်ဇေမှာ အရဲစွန့်ပြီး နောက်တစ်ခွန်း ထပ်ပြောကြည့်လိုက်၏။

“ဆရာရေ၊ ဖက်ဒရယ်အချိုရည်လေးရရင် သောက်ချင်တယ်ဗျာ”

သည်တစ်ခါတော့ ဆရာစိုးမင်း အကြည့်နှင့်မဟုတ်တော့ဘဲ စကားနှင့် ပြန်ဖြေပေးလိုက်လေသည်။

“ဒီမှာ ဖက်ဒရယ် မရှိဘူး”

ခပ်တိုတို၊ ခပ်ဆတ်ဆတ် ဖြေသံကြောင့် ကိုဇင်ဇေ စိတ်ထဲမှာ ဒေဂျာဗူးခံစားမှုမျိုးကို ထပ်မံခံစားလိုက်ရပြန်သည်။ သို့နှင့် ဆရာစိုးမင်းကို သေသေချာချာ ပြန်ကြည့်လိုက်ရာ ထူးခြားမှုတစ်ခုကို တွေ့လိုက်ရပြန်သည်။ ဆရာစိုးမင်း၏ ဆံပင်များ ခရမ်းရောင် ဖြစ်နေခြင်းပင်။

“ဟင် ဆရာ ဆံပင်တွေ ဆေးဆိုးထားတာ၊ သင်္ကြန်လည်မလို့လားဟင်”

ကိုဇင်ဇေ မနေနိုင်ဘဲ လွှတ်ခနဲ မေးလိုက်မိပြန်သည်။ ဆရာစိုးမင်း ကိုဇင်ဇေကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြန်သည်။ ထို့နောက် ‘ဒင်းကိုတော့ ငါမရှင်းပြရင် ဒီလိုပဲ စကားတွေ တစ်ခွန်းပြီးတစ်ခွန်း လျှောက်မေးနေတော့မှာပဲ’ ဟု တွေးလိုက်ကာ ရှင်းပြန်ရန်အတွက် သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဟေ့လူတွေ၊ သေသေချာချာ နားထောင်ကြ၊ အခု ခင်ဗျားတို့ ရောက်နေကြတာ AD-MAL သက္ကရာဇ် ၂၀ ဗျ၊ မအလဂန့်ပြီး နှစ်နှစ်ဆယ်ခေတ်ကို ရောက်နေတာ၊ ရှင်းရှင်းပြောရရင် အနာဂတ်ကို ရောက်နေတယ် ဆိုပါတော့”

ဆံပင်ခရမ်းရောင်နှင့် ဆရာစိုးမင်း၏ စကားကြောင့် ကိုဇင်ဇေ၊ ဆရာဖြိုးနှင့် ကိုလင်းထက်အောင်တို့ သုံးယောက်သား ပြိုင်တူပင် ကိုယ့်အသားကိုယ် ဆိတ်ကြည့်ကြမိလေသည်။

“ဟေ့လူတွေ၊ ဆိတ်ကြည့်မနေကြနဲ့၊ ဒါ အိပ်မက်မဟုတ်ဘူး၊ တကယ်ရောက်နေတာ”

“ဒါဆို ကျနော်တို့ဟာ အနာဂါတ်ကို လွတ်မြောက်လာခဲ့ကြတာပေါ့နော်”

“ကျောက်ဂူကြီးထဲကနေ အနာဂါတ် အနှစ်နှစ်ဆယ်ကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ”

“ကိုလင်းထက်အောင်၊ ခင်းဗျား ဂူကြီးကို အားရပါရ ဆဲလိုက်လို့ဖြစ်မယ်ဗျ”

ဆရာဖြိုးတို့ သုံးယောက်သား တစ်ယောက်တစ်ပေါက်နှင့် ထင်ရာမြင်ရာ ပြောနေကြလေသည်။ စကားသံများ ငြိမ်သွားတော့မှ ဆရာစိုးမင်းက ဆက်ရှင်းပြလေသည်။

“အမှန်တော့ ခင်ဗျားတို့ဝင်လာခဲ့တဲ့ အဲ့ဒီကျောက်ဂူကြီးကိုယ်တိုင်က အချိန်ယန္တရားကြီးပဲဗျ”

“ဟင် ဒါဆို ကျနော်တို့က အဲ့ဒီကျောက်ဂူကြီးထဲမှာ နှစ်ပေါင်းနှစ်ဆယ်တောင် ပိတ်မိနေခဲ့တဲ့ သဘောပေါ့နော် ဆရာ”

ဆရာစိုးမင်း၏ စကားကြောင့် ဆရာဖြိုးက အံ့အားသင့်စွာဖြင့် ဝင်မေးလိုက်သည်။

“ဟုတ်တယ်၊ အဲ့ဒီသဘောပဲဗျ၊ ဒါပေမယ့် အဲ့ဒီဂူကြီးထဲမှာ အချိန်ရဲ့သက်ရောက်မှုက ပြင်ပကမ္ဘာနဲ့ မတူဘဲ သီးခြားဖြစ်တည်နေတဲ့အတွက် ခင်ဗျားတို့ ဂူထဲမှာနေလာခဲ့ရချိန်က တစ်လ၊ နှစ်လလောက်လို့ပဲ စိတ်ထဲမှာ ထင်နေရလိမ့်မယ်၊ အပြင်က လူတွေအတွက်ကတော့ အနှစ်နှစ်ဆယ်လောက် ဖြစ်သွားမှာပေါ့”

ဆရာစိုး၏ စကားကြောင့် ကိုဇင်ဇေတို့ သုံးယောက်သား ဘာမှ ထပ်မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားနှင့်သာ ဖြစ်ကုန်ကြလေသည်။

ထိုစဉ်မှာပင် ဂီတသံတစ်ခုနှင့်အတူ မိမိတို့ရှေ့မှ နံရံကြီးပေါ်၌ ကခုန်နေကြသော ဆံပင်ခရမ်းရောင်နှင့် အမျိုးသမီးသုံးဦး၏ ဗီဒီယိုတစ်ခု ပေါ်လာလေသည်။ ထိုအမျိုးသမီးသုံးဦးမှာ စည်းချက်နှင့်အညီ ကြိုးစားပြီး ကခုန်နေကြသော်လည်း ညီညီညာညာမဖြစ်ဘဲ တစ်ယောက်တစ်ကွက် ဖြစ်နေလေ၏။

“ဟာ သူတို့သုံးယောက်က ဒီအချိန်ထိတောင် အက မညီကြသေးပါလားနော်”

ဆရာဖြိုးက ပြုံးစိစိဖြင့် ပြောလိုက်သဖြင့် ဆရာစိုးမင်းက ဝင်ထောက်ခံလိုက်လေသည်။

“ဟုတ်တယ်ဗျ၊ ခုထိကို မညီကြသေးတာ၊ ဒါပေမယ့် အဲ့ဒီလို မညီတာကိုက ဒီမှာ အရမ်း နာမည်ကြီးနေတာလေ”

“ဘယ်လို ဘယ်လိုဆရာရေ၊ ရှင်းပြပါဦး”

“ဒီလိုဗျ၊ သူတို့သုံးယောက်က တစ်နေ့ ညီကိုညီရမယ်ဆိုပြီး နေ့တိုင်း live လွှင့်ပြီး အကကျင့်နေကြတာလေ၊ အဲ့ဒါကို အကွက်မြင်သွားတဲ့ ‘ဘိုတင်’ ဆိုတဲ့ ပုဂ္ဂိုလ်က နေ့စဉ် ကြေးဖွင့်ပါလေရောဗျာ၊ ဒီသုံးယောက်ကတာ ဒီနေ့  ဘယ်နှစ်ကွက် ညီမလဲ၊ သုံးကွက်လား၊ ငါးကွက်လား စသဖြင့် ကြေးဖွင့်တာပေါ့၊ ထိုးတဲ့ပရိသတ်ကလည်း မှန်းပြီးထိုးကြပေါ့၊ မှန်သွားရင် အဆသုံးဆယ် အလျော်ရတာဆိုတော့ လူတွေစိတ်ဝင်စားပြီး ဝိုင်းထိုးကြတာပေါ့ဗျာ၊ ဒါပေမယ့် သူတို့က တစ်နေ့နဲ့တစ်နေ့ ခန့်မှန်းရ တော်တော်ခက်တာလေ၊ ဒီနေ့ကတာ ငါးကွက်လောက် ညီပေမယ့် နောက်နေ့ကျ တစ်ကွက်မှ မညီတာမျိုးလည်း ဖြစ်ချင်ဖြစ်နေတတ်တာကိုး”

အရှည်ကြီး ရှင်းပြလိုက်ရသောကြောင့် ဆရာစိုးမင်းလည်း မောသွားဟန်ဖြင့် ခဏနားနေလိုက်သည်။ 

“မင်္ဂလာပါ ဆရာဖြိုးသီဟ”

“မင်္ဂလာပါ ကိုဇင်ဇေလွင်”

“မင်္ဂလာပါ ကိုလင်းထက်အောင်”

နှုတ်ဆက်သံနှင့်အတူ ကိုဇင်ဇေတို့ရှိရာ အခန်းထဲသို့ လူသုံးဦး ဝင်လာလေရာ ကိုဇင်ဇေတို့မှာ လိပ်ပြာလွင့်မတတ်ပင် လန့်ဖျတ်သွားကြလေသည်။ 

အကြောင်းမှာ ထိုဝင်လာကြသူသုံးဦးမှာလည်း ဆရာဖြိုး၊ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့ပင် ဖြစ်နေသောကြောင့် ဖြစ်၏။ AD-MAL 20 မှ ဒေါက်တာဖြိုးသီဟ၊ ကိုဇင်ဇေလွင်နှင့် ကိုလင်းထက်အောင်တို့ ဖြစ်ကြ၏။ 

အားလုံး ဆံပင်ခရမ်းရောင်နှင့်။

(ဆက်ရန်)

အွန့်အွန့် – Burmese Alphabet


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )




13 responses to “နွေဦးဖတ်စာ – ၆ ( အွန့်အွန့် – Burmese Alphabet )”

  1. ဖတ်ရင်းနဲ့ဆရာတို့3ယောက်မျက်နှာကြီးကိုပြေးမြင်မိတယ်
    😁ဖတ်လို့ကောင်းပါတယ်ဆရာရေ
    အမြဲကလစ်တယ်
    လိပ်ပြာလုံချင်တယ်ဆရာရယ်

    Like

  2. အရမ်းဖတ်လို့ကောင်းပါတယ်။ များများရေးပေးပါဗျ။

    Like

Leave a reply to win win Cancel reply