အမေ့ဆီက အမုန်းများ ( ဉာဏဗလ )

“အမေ့ဆီက အမုန်းများ”

◾️ဒီတစ်ပတ် ပြောပြချင်တာကတော့ Qala ဆိုတဲ့ ဘောလီးဝုဒ် ရုပ်ရှင်ကား။ ဖိုဝါဒ၊ စိတ်ပညာနဲ့ မိဘအုပ်ထိန်းမှုတို့ကို ပေါင်းစပ်ဖော်ပြထားတဲ့ ဒရမ်မာဇာတ်ကား ဖြစ်တယ်။

Qala ဆိုတာ အဲဒီဇာတ်ကားထဲက မင်းသမီးရဲ့ နာမည်ပေါ့။ အမြွှာလေး မွေးလာတယ်။ ယောက်ျားလေးဖြစ်သူက ဆုံးသွားတယ်။ မိန်းကလေးဖြစ်တဲ့ Qala ကပဲ အသက်ရှင်တယ်။ အဲဒီလိုအမြွာတွေမှာ တစ်ယောက်က အာဟာရတွေကို အများကြီး ယူပစ်လိုက်ရင် နောက်တစ်ယောက်က အဲ့ဒီလို ဆုံးသွားတတ်တယ် ဆိုတဲ့ ဆရာဝန်ရဲ့ ပြီးစလွယ်မှတ်ချက်စကား ကြားအပြီးမှာ အမေဖြစ်သူရဲ့ သမီးအပေါ် အမုန်းတရားက စတော့တာပဲ။

◾️သူတို့အဖေကလည်း နာမည်ကျော် အဆိုတော်။ ဆုံးသွားပြီ။ ဒီအခါ အမေက အဖေ့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းချင်တယ်။ ဖြစ်ချင်တော့ သားက သေသွားပြီး သမီးက ကျန်တယ်။ အဆိုပညာ သင်ပေးပေမဲ့ အားကိုမရဘူး။ နည်းနည်းကလေး စိတ်တိုင်းမကျတာနဲ့ အိမ်ပြင်ထုတ်ထားတာမျိုးတွေ လုပ်တယ်။ တကယ့်ကို နှင်းတွေကျနေတဲ့ အချိန်မျိုးကြီးမှာနော်။ နင့်အစ်ကိုရဲ့ နေရာကို နင်က အတင်းအဓမ္မ ယူထားတဲ့သူ ဆိုတာမျိုးလည်း မကြာခဏ ပြောတယ်။

ဒီအခါ ကလေးမလေးရဲ့ စိတ်ထဲမှာ အမေ့ဆီက အသိအမှတ်ပြုခံလိုစိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်။

◾️တစ်ရက်တော့ ပွဲတစ်ခုမှာ သူ သီဆိုခွင့်ရတယ်။ သူ့အတိုင်းအတာနဲ့သူတော့ ကောင်းပေမဲ့ အမေကတော့ လက်ခုပ်တောင် မတီးဘူး။ အဲဒီမှာ လာဆိုတဲ့ တခြားယောက်ျားလေး အဆိုတော်တစ်ယောက်ကိုကျ သိပ်သဘောကျသွားတယ်။ မေးကြည့်တော့ ဒီကောင်လေးက မိဘမဲ့။ အဲဒါနဲ့ အိမ်ကိုပါ ခေါ်သွားတယ်။ မွေးစားဖို့ လုပ်တယ်။

တစ်ချိန်က အဖတ်မတင်လိုက်တဲ့ သူ့သားကလေး အစားရတယ် သဘောထားပြီး သူ့ယောက်ျားရဲ့ အမွေကို ပေးမယ်ပေါ့။ အစစအရာရာ လိုလေသေးမရှိ ဂရုစိုက်။ ဘယ်လောက်ထိတောင်လဲဆို နာမည်ကျော် အဆိုတော်တစ်ယောက်ကို ဒီကောင်လေးနဲ့ တွဲဆိုပေးဖို့ တောင်းဆိုရင်း အဲဒီလူအလိုကျ အိပ်ပေးတဲ့အထိပဲ။ ခန္ဓာကိုယ်ရင်းပြီးပါ လုပ်ပေးတာပေါ့။

◾️သူ့အမေဆီက အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတဲ့ Qala အတွက်တော့ ဒီကောင်လေးက အနှောင့်အယှက်ပဲ။ အဲဒီလိုနဲ့ ဒီကောင်လေး ဖျော်ဖြေပွဲ လုပ်ရမဲ့နေ့မှာ သူသောက်တဲ့ နို့ထဲကို အဆိပ်ခတ်လိုက်တာ အသံလုံးဝပျက်စီးသွားတယ်။ ပရိသတ်တွေက စောင့်နေတုန်းမှာ Qala က အစားဝင်ဆိုတယ်။ သူ့အမေကသာ မကြည်တာ။ သူကလည်း တော်တဲ့သူပဲဆိုတော့ ပွဲကိုလာတဲ့ Producer တွေက သဘောကျကုန်တယ်။ အဲဒီကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ဖို့ လမ်းစရသွားတော့တယ်။

ဟိုကောင်လေးကတော့ အဆိုတော် သိပ်ဖြစ်ချင်တဲ့သူ။ ခု အသံပျက်သွားပြီမို့ ဘဝကို အရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။

Qala လုပ်လိုက်မှန်း ဘယ်သူမှ မသိပေမဲ့ အမေဖြစ်သူကတော့ သိတယ်။ အဲဒီကစလို့ အိမ်ပေါ်ကနေ အပြီးနှင်ချလိုက်တယ်။ သူကိုယ်တိုင်လည်း သားကို ၂ ခါ ဆုံးရှုံးရသလို ဖြစ်သွားတာပေါ့။

◾️အဲဒါနဲ့ပဲ Qala က အဆိုတော် မဖြစ်ဖြစ်အောင် ကြိုးစားတယ်။ Producer ရဲ့ လိင်အမြတ်ထုတ်တာကိုပါ လိုက်လျောပစ်တယ်။ သူအောင်မြင်ရင် ပြီးရော။ အောင်မြင်မှ အမေ့ရဲ့ အသိအမှတ်ပြုမှုကို ခံရမှာဆိုပြီး။

ဒါပေမဲ့ သူသာ အောင်မြင်လာတယ်၊ အမေဖြစ်သူကတော့ လုံးဝအဆက်အသွယ် မလုပ်ဘူး။ သူဆက်သွယ်ရင်လည်း လက်မခံဘူး။

နောက်တော့ Qala ခမျာ ဟိုကောင်လေးအပေါ် လုပ်ခဲ့တဲ့ Guilt တွေ၊ ရုပ်ဝတ္ထုတွေသာ ပြည့်စုံနေပေမဲ့ အမေဖြစ်သူရဲ့ အသိအမှတ်ပြုမှုကလေးတောင် မရတာတွေနဲ့ ပေါင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့တယ်။

◾️ဇာတ်ကားတစ်ကားလုံးက အတော်လေး မွန်းကြပ်တဲ့ ခံစားမှုကို ပေးတယ်။ ပိတ်လှောင်ထားသလို၊ တစ်ခုခု လစ်ဟာနေသလို ခံစားရအောင် ရိုက်ပြထားတယ်။ တစ်ဖက်မှာလည်း တွေးစရာတွေ အများကြီး ကျန်ခဲ့စေတယ်။

ဇာတ်လမ်းရဲ့ အဆုံးမှာတော့ Mental health နဲ့ ပတ်သက်တဲ့ မက်ဆေ့ချ်ကို ပေးထားပေမဲ့ တကယ်တမ်း တစ်ကားလုံးမှာ ထင်ဟပ်ထားတာက ဖိုဝါဒပဲ။ မှန်တယ်။ ဒီကားထဲက မင်းသမီးလို အပြင်ပန်းမှာ ပြုံးနေပေမဲ့ အထဲမှာ တိတ်တိတ်ကလေး ပြိုလဲနေတဲ့သူတွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံနေပေမဲ့ ရှင်သန်ရတဲ့ အဓိပ္ပါယ်ကျ ပျောက်ဆုံးနေတဲ့သူတွေ၊ အပေါ်ယံ အောင်မြင်တယ် ထင်ရပေမဲ့ တကယ်တမ်း အရာရာ ဆုံးရှုံးထားရတဲ့သူတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လည်း လူတကာ လိုချင်တဲ့ဘဝကို ရထားပါလျက်နဲ့ သတ်သေသွားကြတဲ့ နာမည်ကျော်တွေ အများကြီး ရှိနေတာပေါ့။

လူတစ်ယောက်ကို သတ်သေသွားစေတဲ့ အကြောင်းအချက်တွေ အများကြီး ရှိတဲ့အနက် ဒီကားထဲက မင်းသမီး သတ်သေသွားတာမှာတော့ ဖိုဝါဒရဲ့စနက် မကင်းဘူးလို့ ဆိုရမယ်။

◾️အမေဖြစ်သူရဲ့ သားယောက်ျားလေး လိုချင်မှုကနေ စတာ။ ကိုယ့်သမီးပဲ။ မချစ်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ သားယောက်ျားလေး ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်၊ အဲဒါ ပျက်စီးသွားတဲ့အခါ ဖြစ်တဲ့ ပြိုလဲမှု၊ အဲဒီကနေမှ သူ့ကြောင့် ငါ့သားသေရတာ ဆိုတဲ့ အမုန်းတရား၊ ဒါတွေကို သမီးဖြစ်သူအပေါ် အကုန်ပုံချလိုက်တဲ့အခါ ခုလို ဖြစ်လာရတာပဲ။

သမီးလေးခမျာ သူ့ဆီက အသိအမှတ်ပြုမှုနဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လောက်လိုချင်နေမလဲ သူမသိခဲ့ဘူး။ သူစိမ်းယောက်ျားလေးကိုပါ အိမ်ခေါ်လာပြီး သူ့ထက် ပိုဦးစားပေးနေတာ မြင်ရတဲ့အခါ ဘယ်လောက်တောင် ပြိုလဲမလဲ သူမသိခဲ့ဘူး။ မနာလိုစိတ်တွေ မဖြစ်ဖြစ်အောင် တွန်းပို့ခဲ့ပြီးမှ နင်က မနာလိုစိတ် သိပ်ကြီးတယ်ဆိုပြီး သမီးကို ပြန်အပြစ်တင်နေသေးတယ်။

သူကိုယ်တိုင်ကတော့ ခန္ဓာကိုယ်ကို ရင်းပြီး ဟိုကောင်လေးကို စင်တင်ပေးဖို့ လုပ်ခဲ့ပေမဲ့ Producer နဲ့ အိပ်ပြီး အခွေထုတ်နိုင်အောင် ကြိုးစားခဲ့တဲ့ သမီးကိုတော့ မိန်းမပျက်တဲ့။ တကယ်ဆို Qala က သူ့ဆီကနေ အတုမြင် အတတ်သင်ခဲ့တာပဲ။ မိန်းမတစ်ယောက် ဒီနယ်ပယ်မှာ နေရာရချင်ရင် ဒီလိုလုပ်မှရမယ် ဆိုတာကို သူသင်ပေးခဲ့တာပဲ။

သမီးဖြစ်သူ သူ့ကိုယ်သူ သတ်သေသွားတဲ့သတင်း မကြားခင်ထိ သူ့ဘဝတလျှောက်လုံးမှာ အလိုမကျမှုတွေနဲ့ပဲ ဖြစ်နေခဲ့တာ။ နင်က နင့်အစ်ကိုနေရာကို အတင်းလုယူတဲ့သူ၊ နင်က မိန်းမပျက်၊ နင်က မနာလိုစိတ် ကြီးတဲ့သူ၊ ဒီလိုတွေပဲ ပြောနေခဲ့တာ။ သမီးဖြစ်သူရဲ့ ခံစားချက်ကို ထည့်တွေးဖို့ တစ်ခါလေးတောင် မစဉ်းစားခဲ့မိဘူး။

◾️ဒီဒဏ်တွေကို ခါးစည်းပြီး ခံရတာကတော့ Qala ပဲ။ လူမှန်းသိစကနေ သေသည်ထိ သူလိုချင်ခဲ့တာ သူ့အမေဆီက မေတ္တာတရား။ ဒါမှမဟုတ်တောင် ချီးကျူးသံလေးတစ်ခု။ သို့သော် တစ်ခါလေးတောင်မှ ရမသွားခဲ့ရှာဘူး။ သူ့အပြစ် မဟုတ်တာတွေအတွက် အပြစ်ပေးခဲ့ရတယ်။ ဒါကို ဖြေရှင်းဖို့ ကြိုးစားပြန်တော့လည်း ထပ်အပြစ်တင်ခံရပြန်တယ်။ လောကမှာ အဲဒီလို သားသမီးတွေ အများကြီးပဲနော်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ရှိတတ်ပါတယ်။ မြန်မာတွေကတော့ သားနဲ့သမီးကို အဲ့လောက်ကြီး ခွဲခြားလေ့မရှိပေမဲ့ အိပ်မက်တွေ၊ စိတ်ဒဏ်ရာတွေကို သားသမီးအပေါ် ပုံချတာမျိုးပေါ့။ ကိုယ်က ဆရာဝန်မို့ သားသမီးကိုလည်း ဆရာဝန်အတင်းလုပ်ခိုင်းတာ၊ ကိုယ့်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ သားသမီးကို ဆေးကျောင်းအတင်းတက်ခဲ့တာ စသဖြင့်။ ကလေးတွေကို သီးခြားသက်ရှိလူတစ်ယောက်လို မြင်မပေးနိုင်ကြရင် အဲဒီလို ဖြစ်သွားတတ်တယ်။

◾️နောက်တစ်ခါ၊ နယ်ပယ်အသီးသီးမှာ ထိပ်ပိုင်းနေရာ ယူထားသူတွေက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသမီးတွေ ထိပ်တန်းရောက်လာဖို့ဆို သူတို့ကို ကပ်ရတယ်။ ပေါင်းရတယ်။ လိင်အမြတ်ထုတ်တာ ခံရတယ်။ ငြင်းရင် ဒီလောကထဲကနေ လွင့်ထွက်သွားမယ်။ လက်ခံမှ တက်လမ်းပွင့်မယ်။ ဒါကို ပြသွားတာလည်း သိပ်ကောင်းတာပဲ။

◾️နောက်ဆုံးတစ်ချက်ကတော့ ဘောလီးဝုဒ်ဇာတ်ကားတွေ ကြည့်မိတိုင်း ဖြစ်တဲ့အတွေးပါ။

အိန္ဒိယဟာ ဖိုဝါဒကြီးစိုးတဲ့ လူမှုအဖွဲ့အစည်း ဖြစ်တယ်။ ရုပ်ရှင်ဆိုတာ ခေတ်ကာလကို ထင်ဟပ်ရတာမို့ သူတို့ဆီက ရုပ်ရှင်တော်တော်များများမှာ အဲဒါကို ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမယ်။ Pink လိုမျိုး ဒါကို ဇာတ်အိမ်တည်ထားတဲ့ ကားတွေ ရှိသလို၊ Secret Superstar လို သေချာကြည့်မှ ဖိုဝါဒကို ပြတဲ့ကားမှန်း သိနိုင်တာတွေလည်း ရှိတယ်။ ကိုယ်တွေဆီကနဲ့ အခြေအနေချင်း အနည်းနဲ့အများ တူတော့ ဒီလိုကားတွေ ကြည့်ရတိုင်း အတော်လေး အားရတယ်။

ဘာအထူးပြုလုပ်ချက်မှ မပါဘူး။ ခမ်းခမ်းနားနား ရိုက်ထားတာတွေလည်း မဟုတ်ဘူး။ ဒီလူမှုအသိုင်းအဝိုင်းမှာ ဖြစ်ပျက်နေတာတွေကိုပဲ ပြသွားတာ။ အဓိကက ပြဿနာကို မြင်နိုင်စွမ်း၊ ဒါကို အခြေပြုပြီး ဖန်တီးမှုလုပ်နိုင်စွမ်း၊ ဒါတွေပဲ။ မြန်မာပြည်မှာတော့ ဘာလို့ ခုထိ အဲ့ဒီလိုကားတွေ မထွက်လာသေးတာလဲ ဆိုတာ စဉ်းစားရခက်တယ်။ ဒါသင်၊ ဒါကျက်နဲ့ အသားကျခဲ့တဲ့ ဦးနှောက်တွေမို့ Creativity ပိုင်းမှာ ဆိုးဆိုးရွားရွား အားနည်းကုန်ကြတယ် ထင်ပါတယ်။

ပေါပေါပဲပဲ ရိုက်ပြီး ငွေရှာဖို့၊ သူများဇာတ်လမ်း ခိုးချဖို့အပြင် ဖောက်ထွက်စဉ်းစားတာ အတော်နည်းတယ်။ လွတ်လပ်ရေးရတဲ့နှစ်ချင်း သိပ်မကွာပေမဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရသူတွေနဲ့၊ ဒီမိုကရေစီ အလေ့အထနဲ့ ယဉ်ပါးခဲ့သူတွေရဲ့ ခြားနားချက်ပဲ ဆိုပါတော့။

တကယ်လုပ်နိုင်တဲ့ လူတွေကျတော့လည်း ခုချိန်မှာ နားနေကြရတယ်။ တော်လှန်ရေး ပြီးသွားရင်တော့ ဒီလိုလူမှုပြဿနာတွေကို ထင်ဟပ်ပြထားတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ထွက်လာဖို့ မျှော်လင့်ပါတယ်။

ဉာဏဗလ
၂၁.၇.၂၀၂၂



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။




နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



6 responses to “အမေ့ဆီက အမုန်းများ ( ဉာဏဗလ )”

  1. ဇာတ်ကားတောင်သွားပြေးကြည့်ချင်စိတ်ဖြစ်တယ် ညီမဆိုမိဘတွေရဲ့အိမ်ထောင်ရေးအဆင်မပြေမှု‌ေတွဖြစ်တိုင်းညီမတို့ကိုဘဲအပြစ်ဖို့ ပြန်ပြောပိုင်ခွင့်မရှိနှစ်ချီခါးစည်းခံလာခံရတော့ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်လုံးဝအယုံအကြည်မရှိတော့တဲ့အထိဘဲ ကိုယ့်ကိုကိုယ်သိပင်မဲ့မရတော့ဘူး မိဘတွေအပေါ်မှာလည်းrespectမထားပေးနိုင်ဘူး

    Like

Leave a comment