“ချန်ဂင်တို့စခန်း (၁၉၇)”

ယုန်ပေါက်ကလေးတွေ ဆယ်ရက်သား ရှိလာပြီ။ မျက်လုံးလေးတွေပွင့်ပြီး အမွှေးလေးတွေ စုံလာပြီ။ ကတ္တီပါသားလေးလို နူးနူးညံ့ညံ့လေး။ အဖြူဆွတ်ဆွတ်ကလေး ၂ ကောင်ပါတယ်။ ဝတုတ် လုံးကစ် နေတာပဲ။ တနေ့ကို ၂ ခါတော့ သူ့အမေကိုခေါ်ပြီး နို့တိုက်ပေးတယ်။ သွားကလေးတွေပေါက်လာတော့ သူတို့အမေက နာလို့လားမသိဘူး။ ကုန်းကုန်းထတယ်။ အရွက်မစားနိုင်သေးတော့ နို့ခွဲလို့ မရသေးဘူး ထင်တာပဲ။ လမ်းတော့ တောက်တောက်ပြေးနေပြီ။ အဖိတ်အစင်မရှိ အဖတ်တင်လို့ ဝမ်းသာမိပါတယ်။ နည်းနည်းလေး အလုပ်ရှုပ်ခံလိုက်ရင် သတ္တဝါ ၇ ကောင် အသက်ရှင်တယ်လေ။ သူတို့အမေကို တစ်လသားလောက်က ယူမွေးတာ အသက် ၆ လ အရောက်မှာ ၂ သားပေါက်နေပြီနော်။ ကလေးတွေနို့စွဲတော့ သူ့ခမျာ ပိန်ရှာတယ်။ အစားဖိကျွေးနေရတာ။ နေ့စဉ်ပုံမှန် လုပ်သွားတဲ့ အလုပ်တွေက အချိန်တခု ပြီးမြောက်သွားတဲ့အခါ မြင်သာတဲ့ ရလဒ်တစ်ခု ပေါ်လာစမြဲပဲ။ မပျက်မကွက် ဇွဲရှိရှိ လုပ်နေဖို့ရယ် သူ့အချိန်အခါရောက်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်ဖို့ရယ်တော့ လိုတာပေါ့။
ကိုယ့်ဆေးရုံမှာ အခုလိုပဲ စိတ်ရှည်လက်ရှည် အချိန်စောင့်ပြီး ဇွဲကောင်းကောင်းနဲ့ ခွဲပေးရတဲ့ လူနာတွေလည်း ရှိပါတယ်။ ဆာဂျင်ဘဝမှာ မလုပ်ချင်ဆုံး၊ မပျော်ရွှင်နိုင်ဆုံး ခွဲစိတ်မှုတွေက ထပ်ခါထပ်ခါ ပြန်ပြန်ခွဲရတဲ့ re-do operations တွေပါ။ ဒါပေမယ့်လည်း ရှောင်လို့မရဘူးလေ။ တစ်ခါ နှစ်ခါ နဲ့ ကိစ္စမပြီးရင် ဘယ်နှစ်ခါပဲဖြစ်ဖြစ် ပြန်ခွဲရမှာပဲ မဟုတ်လား။ အငယ်ဘဝမှာတုန်းကတော့ တစ်ခါတည်းနဲ့ ပြီးအောင် မလုပ်ခဲ့လို့ အကြီးတွေက ဆူမှာကို ကြောက်တယ်။ နယ်မှာရောက်သွားလို့ တစ်ယောက်တည်း အပြီးအစီးတာဝန်ယူခွဲနေတုန်းကတော့ ဒီဆာဂျင် သိပ်ညံ့တာပဲလို့ သူများတွေက အထင်သေးမှာကို ကြောက်တယ်။ အထူးသဖြင့်တော့ လူနာက ကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုလေး ပျောက်ဆုံးသွားမှာကို ကြောက်တယ်။ အတိုင်ခံရမှာ တရားစွဲခံရမှာကိုတော့ စိတ်မပူပါဘူး။ ကိုယ်က ဘယ်လူနာကိုပဲဖြစ်ဖြစ် လက်လွတ်စပါယ် ပေါ့ပေါ့တန်တန် သဘောမထားဘူး။ ငွေရေးကြေးရေး ကိစ္စလည်း ကင်းပါတယ်။ ဒါပေမယ့်လည်း အဲ့လိုလူနာမျိုးနဲ့ ကြုံရပြီဆို ကိုယ့်မှာ မအိပ်နိုင် မစားနိုင် စိတ်ဖိစီးပါတယ်။ အရမ်းလည်း စိတ်ဆင်းရဲတယ်။ အချိန်တွေအများကြီးပေးပြီးတော့ ဇွဲကောင်းကောင်းနဲ့ ကြိမ်ဖန်များစွာ လုပ်ပေးရင် နောက်ဆုံးမှာကောင်းသွားတဲ့အခါကျ အင်မတန် စိတ်ချမ်းသာရပါတယ်။ မကောင်းမချင်း စိတ်ဆင်းရဲနေရတာတော့ ရှိတာပေါ့။
အခုပြောနေတဲ့ လူနာကတော့ ကိုယ့်ဆီကို ၅ လ ပိုင်း ၆ ရက်နေ့က ရောက်တာပါ။ သုံးဘီးဆိုင်ကယ်နဲ့ သစ်ပင်ကိုဝင်တိုက်ပြီး လူက ကြားထဲမှာ ညပ်သွားတာ လို့ ပြောတယ်။ ကိုယ့်ဆီရောက်တော့ တစ်ရက်ကြာနေပြီ။ လူက shock ရနေပြီး ဗိုက်ကြီးက တင်းပြောင်နေတယ်။ သွေး ၂ လုံးရှာ၊ တစ်လုံးသွင်းပြီးမှ နောက်တစ်လုံးနဲ့ ခွဲခန်းဝင်ကြတယ်။ ပြဿနာက ခွဲခန်းထဲက မီးစလောင်းကြီးက ကျွမ်းသွားပြီ။ ခွဲခန်းစဖို့ မီးစက်နှိုးတဲ့အခါ မီးစက်တစ်လုံးက ပျက်သွားပြန်ရော။ ရွာထဲကမီးဆရာခေါ်တော့ အရေးကြီးရင် တစ်နာရီလောက်တော့ နှိုးပေးထားလို့ရတယ်။ အဲ့ထက်ကြာရင် လောင်သွားလိမ့်မယ်တဲ့။ ဒါနဲ့ မေ့ဆေးပေးတာကနေ ပြန်နိုးတဲ့ထိ တစ်နာရီအတွင်း အပြီးခွဲခဲ့ရတယ်လေ။ ဒါက အပြင်က အခက်အခဲပါ။
အထဲမှာတော့ လူနာသွေးထွက်တာ retro peritoneal hematoma ကြောင့် ဖြစ်မှာပဲ လို့ ထင်ခဲ့တယ်။ နောက်ကျောမှာ bruise တွေ ရှိတာကိုး။ တနေရာရာက ပြဲပြီး ဗိုက်ထဲကိုသွေးတွေရောက်နေတာပဲ ဖြစ်စရာရှိတယ်။ တခြား solid organ injury မရှိ၊ hollow organ injury မရှိတဲ့ ဗိုက်ကို သွေးခဲတွေ ကုန်အောင်ဖယ်ထုတ်လိုက်တဲ့အခါ ထင်တဲ့အတိုင်းပဲ paracolic recess ကနေ ပြဲပြီး သွေးတွေ ဗိုက်ထဲကို ရောက်လာတာ။ နောက်ကိုလှန်ပြီး သွေးတိတ်အောင်ဖမ်းဖို့ မဖြစ်နိုင်ဘူး။ မီးစလောင်းလည်း မရှိ၊ အချိန်လည်းမရ၊ ဒီအတိုင်းပဲ လုံအောင်ပြန်ချုပ်ပြီး packed လုပ်ထားလိုက်ရင်သူ့ဟာသူ temponade effect နဲ့ တိတ်သွားလိမ့်မယ်။ နောက်ထပ်သွေးထွက်တဲ့နေရာတစ်ခုကတော့ အသည်းရဲ့အောက်နား portal triad ရှိတဲ့အညှာမှာပါ။ အရေးကြီးတဲ့နေရာလည်းဖြစ်တယ်။ အောက်မှာလည်း portal vein ရှိတယ်ဆိုတော့ သွားမဆွတာ ကောင်းလိမ့်မယ်ထင်လို့ gel foam ၂ ခုနဲ့ ဖိပြီး drainage tube ထည့်ခဲ့ပါတယ်။ လူနာကို နောက်ထပ် သွေးတစ်လုံးသွင်းရတယ်။ ဗိုက်ထဲမှာ သွေးထပ်မထွက်တော့ပဲ တိတ်သွားတယ်။ ကောင်းလာတယ်။ မသေတော့ဘူး။
သွေးတိတ်သွားတာတော့ ဟုတ်ပါရဲ့။ တစ်ခုကျန်သေးတာက drainage tube ကနေထွက်လာတဲ့ အရည်တွေက အစိမ်းရောင်ပြောင်းသွားတယ်။ တစ်နေ့ကို ၅၀၀ စီစီလောက်ထွက်နေတယ်။ ကြည့်ရတာ pancreatic injury ကနေ CBD မှာ leakage ရသွားတယ် လို့ ထင်တာပဲ။ လူနာတွေကို ရှင်းပြပြီး Octreotide Inj ၁၀ လုံး ဝယ်ခိုင်းလိုက်တယ်။ တနေ့ ၂ ကြိမ် နဲ့၅ ရက်လောက်ထိုးတော့ တိတ်သွားသား။ ဒါပေမယ့် ဆေးလည်းကုန်ရော ပြန်ထွက်လာပြန်ရော။ ကိုယ့်ဆရာသမားတွေဆီတိုင်ပင်ပြီး ဒီအတိုင်းပဲထားလို့ တိတ်မှာ မဟုတ်တော့ဘူးဆိုပြီး ဒုတိယအကြိမ် ပြန်ဝင်ကြပါတယ်။ ၁၀ ရက်မြောက်တဲ့ နေ့မှာပါ။
ဒီတစ်ခါ operation မှာတော့ ဗိုက်ထဲမှာ အားလုံး လုံးကပ်နေပြီ။ သည်းခြေရည်စိမ်းစိမ်းကလေးတွေဟာ ဟိုး CBD အထက်နား Gel foam နဲ့ အုပ်ထားတဲ့ဆီကနေ စိမ့်ထွက်နေတာ။ ချုပ်လို့ခွါလို့ မကောင်းသေးဘူး။ သွေးထွက်တယ်။ သည်းခြေရည်တွေကို ဟိုဘက်က ဖောင်းနေတဲ့ သည်းခြေအိပ်ကနေ လမ်းလွှဲထုတ်ပေးနိုင်ရင် ဒီဘက်ကအပေါက်က ပိတ်သွားမှာပဲ လို့ ယူဆပြီး cholecystostomy tube ထည့်လိုက်တယ်။ တကယ်လို့များ CBD က အောက်ဖက်နားမှ ပွင့်နေတာဖြစ်ခဲ့ရင် duodenum ကလည်း စိတ်မချရဘူး။ ပေါက်ချင်ပေါက်နေမှာပေါ့။ အဲ့ဒီဘက်ကို အစာပေးမသွားတာ ကောင်းလိမ့်မယ်ဆို လမ်းလွှဲပေးဖို့ Gastro Jejunostomy လည်း လုပ်ခဲ့တယ်။ ဒီလောက်ဆိုရင်တော့ လုံလောက်ပြီ ထင်တာပဲလေ။
ဒါပေမယ့် အဆင်မပြေပါဘူး။ cholecystectomy tube က ခဏပဲ ထွက်ပြီး အရင် tube အဟောင်းကပဲ ပြန်ထွက်နေတယ်။ တနေ့ ၇၀၀ စီစီ အထိထွက်တယ်။ အဲ့ဒါကလွဲလို့ ကျန်တာ အကောင်း။ အသားလည်း မဝါဘူး။ ဝမ်းဖြူဖြူတွေလည်း မသွားဘူး။ ဒီတစ်ခါတော့ ကိုယ်ကပဲ ပိုက်ဆံစိုက်ပြီး Octreotide ဆေးပြန်သွင်းပါတယ်။ အရင်တစ်ခါသွင်းတုန်းက ၃ သိန်း ၈ သောင်းတောင် ကုန်တာ။ သူတို့ ထပ်မဝယ်နိုင်တော့ဘူး။ ဒါပေမယ့် ဆေးကုန်ရင် ပြန်ထွက်တာပါပဲ။ တောဆေးရုံမှာ လုပ်နိုင်သမျှက ဒါ အစွမ်းကုန်ပဲ။ သွားတာမသွားတာ သူ့တာဝန်။ ကိုယ့်တာဝန်က လွှဲပေးရမှာ မဟုတ်လား။ လွှဲစာတစ်စောင် ရေးပေးရတာ ဘာခက်တာ လိုက်လို့။ လျှောက်လွှာစာရွက်တစ်ရွက်ပေါ်မှာ Dear Doctor နဲ့ letter writing တစ်ပုဒ်စာ ရေးပေးပြီး DC ပေးလိုက်ရင် ကိုယ့်အလုပ် ဘာမှ မရှိတော့ဘူး။
အဲ့သလိုတော့ မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပါဘူး။ မန္တလေးက ကိုယ်နဲ့ခင်တဲ့ ဆရာကြီးတစ်ယောက်ဆီ အကျိုးအကြောင်း စာပို့တိုင်ပင်ပြီး အကြံဉာဏ်များ တောင်းပါတယ်။ YGH မှာတုန်းက Clinical meeting တွေမှာ Case Presentation တင်သလိုပေါ့လေ။ အကြံဉာဏ်ကောင်းများအပြင် လူနာက သူ့ဆီလာနိုင်မယ်ဆိုရင် အခကြေးငွေမယူပဲ ခွဲစိတ်ကုသပေးပါ့မယ် တဲ့။ လူနာရဲ့ဆွေမျိုးတွေခေါ်တွေ့ပြီး သေသေချာချာ ရှင်းပြ၊ လမ်းစားရိတ်ပါပေးပြီး လွှဲပါတယ်။ ဒါပေမယ့် လူနာက မသွားနိုင်ပါဘူးတဲ့။
သူတို့ဘက်က ဘူးတစ်လုံး ငြင်းလိုက်ရုံနဲ့ တာဝန်အားလုံးငြိမ်းသွားပြီး ကိုယ့်အပေါ်မှာတော့ ဝန်ထုပ်ဝန်ပိုးကြီး ပိတယ်ဆိုတာ သူတို့ နားလည်မှာ မဟုတ်ပါဘူး။ ဒီလူနာ ပိုက်တန်းလန်းနဲ့ ဆေးရုံပေါ်မှာ ၂ လ ပြည့်ခါနီးပြီ။ အလုပ်မလုပ်နိုင်လို့ ဝင်ငွေမရှိတာ သိပ်သေချာတာပေါ့။ မိန်းမဖြစ်သူကတောင် စွန့်ပြေးသွားလို့ အိမ်က သားလေးတစ်ကောင် တို့လို့တွဲလဲ ဆေးရုံပေါ် ရောက်လာပြီ။ သူ့အိမ်မှာ မျက်စိမမြင်တဲ့ အဖေအိုကြီးတစ်ယောက်ပဲ ကျန်ခဲ့တာ။ ဘယ်သူ နဲ့ ဘယ်ကိုသွားနိုင်မှာတုန်း။ သူ့သားလေးက ၆ နှစ်ကျော်ကျော် ရှိပြီ။ ကျောင်းဆက်မတက်နိုင်ပဲ ဆေးရုံပေါ်ရောက်လာတာ။ သူ့အဖေ ဒီလိုနဲ့ လုံးပါးပါးပြီး သေသွားရင် ဒီကလေးပါ မွေးစားနေရမှ အခက်။ အိပ်မပျော်နိုင်ပါဘူး။ သူတို့ကတော့ ဆရာပံ ပြန်ခွဲပေးပါ။ ဖြစ်သမျှ အကောင်းအဆိုး လက်ခံပါ့မယ် ဆို ထိုင်ကန်တော့နေတာ။
ကိုယ့်ဘက်က ချင့်ချိန်နေရတာက ဒီဝန်က ကိုယ်နိုင်တဲ့ဝန် ဖြစ်ပါ့မလား ဆိုတာပါ။ ဆာဂျင်တစ်ယောက်ရဲ့ ဘဝဟာ ဖဲသမားလိုပဲ။ ကိုယ့်အိမ်က ဖဲတက်တဲ့အချိန်၊ ဖဲသေချိန်၊ ဖဲကျချိန် ဆိုတာ ရှိတယ်။ သူ့ကို ပထမအကြိမ်ခွဲတုန်းက ကိုယ်လုပ်သမျှ ဘာမဆို အရမ်းအဆင်ပြေနေတဲ့အချိန်။ ဘုရားသခင်က ကိုယ့်ဘက်မှာ ရှိတယ် လို့တောင် ရေးခဲ့သေးတယ်။ အဲ့ဒါကြောင့် စိတ်ထင်တိုင်း ဆင်ကန်းတောတိုးတိုးလည်း ကိုယ့်အတွက်ရော လူနာအတွက်ရော အဆင်ပြေတယ်။ အခုရက်က ကိုယ်ဘယ်လောက် ပြင်ဆင်အားထုတ်ထားလည်း တစ်ခုမဟုတ်တစ်ခု အလွဲအချော်က နေ့တိုင်း ရှိနေတယ်။ ဖဲကျနေချိန်မို့ ထိန်းထိန်းသိမ်းသိမ်း ကစားရလိမ့်မယ် လို့ ကိုယ့်ဘာကိုယ် သဘောပေါက်တယ်။ သူ့လို ၃ ထပ်ကွမ်းခွဲရမယ့် လူနာကြီးကို အထစ်ထစ်အငေါ့ငေါ့ အလွဲလွဲအချော်ချော် မခွဲချင်ဘူး။ ဒါမျိုးက ကိုယ့်အိမ်က ဖဲတက်နေမှ ပုံအောလို့ ကောင်းတာလေ။
နောက်တစ်ခုက ကိုယ့်ရဲ့စိတ်အခြေအနေပါ။ ဆေးရုံရဲ့ logistics ကိစ္စတွေအတွက် စိတ်က အမြဲလောနေရတယ်။ အရာအားလုံးထက် ကိုယ့်စိတ်က စောစောနေတယ်။ ကိုယ့်ညီကတောင် ပြောတယ်။ နေရာတကာ လောလောမနေနဲ့။ စိတ်ပင်ပန်းရုံပဲ ရှိမယ်။ အချိန်မတန်သေးပဲ ဘာမှ ဖြစ်မလာဘူး တဲ့။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကို tuning ပြန်ချိန်ရပါတယ်။ ဒီရက်ပိုင်း ကိုယ်ရောစိတ်ရော အရမ်းပန်းနေပြီ။ ခဏလောက် break ယူရလိမ့်မယ်။ ကုသိုလ်ကံကလေး ပြန်လိုက်လာတဲ့အထိ ခဏလောက် စောင့်လိုက်တာ ကောင်းတယ်။ သူ့ကို ဒီလိုပဲ တစ်လလောက် ပစ်ထားလိုက်တယ်။ လုပ်တော့လုပ်ပေးမယ်။ လုပ်လို့ကိုင်လို့ အဆင်ပြေအောင် ခဏတော့ စောင့်ရမယ် လို့ ပြောပြထားလိုက်တယ်။ တခြားလူနာတွေခွဲတယ်။ သူ့တော့ မခွဲသေးဘူး။
ဆာဂျင်တစ်ယောက်ရဲ့ ကုသိုလ်ကံဆိုတဲ့ ကိစ္စဟာ ကိုယ်တစ်ယောက်တည်း သတိထားမိတာ မဟုတ်ပါဘူး။ ကိုယ့်ဆရာတွေဖြစ်တဲ့ ဆရာကြီးဦးနော်မန်လှတို့၊ ဆရာကြီးဦးဦးကျော်တို့က ပြောဖူး မှာဖူးပါတယ်။ “ဆာဂျင်ဆိုတာ ဘုရားတရား လုပ်ရတယ်။ ပုတီးစိတ်၊ တရားထိုင်ရတယ်။ သူများအသက်တွေကို ဓါးနဲ့ ခွဲရစိတ်ရတဲ့အခါမှာ ကံ က ကိုယ့်ဘက်မှာ ရှိနေဖို့ လိုတယ်။” တဲ့။ အခု ကိုယ့်မှာ ကျဉ်းထဲကြပ်ထဲရောက်တော့ ကိုယ့်ဆရာသမား အဆုံးအမအတိုင်း ဘုရားတရားလေး ပြန်လုပ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတို့ ကိုယ့်အပေါ်မှာ မေတ္တာမတုံးစေဖို့ပေါ့။ မီးစလောင်းကြီး ပြန်ရပြီးတဲ့အထိ၊ Generator ကြီးနဲ့ မီးကောင်းကောင်းပေးနိုင်တဲ့အထိ၊ အောက်ဆီဂျင်ဆလင်ဒါတွေ အပြည့်ဖြည့်ပြီး ပြန်ရောက်တဲ့အထိ။ အချိန်ယူစောင့်ဆိုင်းပြီး ၂ လ ကြာတဲ့အခါ တတိယအကြိမ် ခွဲခန်းပြန်ဝင်ကြပါတယ်။
ဒီတစ်ခါမှာတော့ ပြားပြားကပ်ကပ်ကလေး ဖြစ်နေတဲ့ သည်းခြေအိပ်ကို အရင်းထိရောက်အောင် လိုက်ပြီး Cholecystectomy လုပ်ပါတယ်။ သူ့အရင်းကမှ CBD ကို လိုက်ရှာပြီး အထဲကို T tube ထည့်ခဲ့ပါတယ်။ သူ့အထက်က bile leakage ရတဲ့ အပြဲကလေးကိုတော့ ပြန်ပိတ်ချုပ်ပြီး drainage tube လေး အသစ်လဲထည့်ခဲ့ပါတယ်။ အရာအားလုံး ချောချောမောမောပါပဲ။ bile တွေက T tube ထဲက ထွက်တဲ့အခါ drain ထဲက မထွက်တော့ပဲ တိတ်သွားပါတယ်။ “အောင်ပြီဟ အောင်ပြီဟ။” လို့ ထ မခုန်နဲ့။ လေးရက်လောက်နေတော့ T tube ထဲက အရည်တွေက အစိမ်းရောင် မဟုတ်တော့ပဲ ဆန်ဆေးရေရောင် အနှစ်တွေနဲ့ ထွက်လာပါတယ်။ အစိမ်းရည်တွေက တဖြေးဖြေးနဲ့ အရင် drainage tube ထဲက ပြန်ထွက်လာရော။ ကိုင်း ဘယ့်နှယ်ရှိစ။
ကိုယ်လုပ်ပေးခဲ့သမျှ အရာအားလုံးဟာ အမှားအယွင်း မရှိပါဘူး။ ဒါပေမယ့် လူနာပြန်ကောင်းမလာသေးဘူး။ မှန်တော့လည်း မမှန်သေးဘူး လို့ အဓိပ္ပါယ်ရတယ်။ အစက ပြန်စဉ်းစားတယ်။ ပြန်တိုင်ပင်တယ်။ နောက်တစ်ခါ ပြန်ခွဲရမလား။ ဒီတစ်ခါဆိုရင်တော့ CBD ကို jejunum နဲ့ Y ပုံစံလေး ဆက်ပေးစရာပဲ ကျန်တော့တယ်။ ဒါပေမယ့် CBD ထဲကိုထည့်လိုက်တဲ့ t tube အရည်တွေက ဘာဖြစ်လို့ ဖြူနေရတာလဲ။ ခွဲတုန်းက အစိမ်း။ သေချာတယ်။ သူငယ်ချင်းတစ်ယောက်ဆီ စာပို့ပြီးတိုင်ပင်တယ်။ တူတာကတော့ pancreatic fistula တွေ ဖြစ်ကုန်တာနဲ့ပဲ တူပါတယ်။ ပြန်ဖွင့်လည်း လုပ်ပေးနိုင်ဖို့ မသေချာဘူး။ မနက်ဖြန်ခွဲမယ်။ အစာမစားနဲ့တော့ ဆို ခွဲခန်းပြင်ပြီးကာမှ “မခွဲသေးဘူး။ နေဦး။” ဆို postponed လုပ်ပလိုက်တယ်။
လမ်းဆုံးနေပြီလား။ လုပ်ပေးနိုင်တာ မရှိတော့ဘူးလား။ လက်လျှော့လိုက်တော့မလား။ နိုးပါ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မျှော်လင့်ချက်ကတော့ ထားဦးရမှာပဲ။ Octreotide Inj ၁၅ လုံး ထပ်မှာလိုက်တယ်။ 50 ug s/c ထိုးပြီး တစ်လလောက် စောင့်ကြည့်ရင် ဘယ်လိုနေမလဲ။ ညတိုင်းလည်း ဘုရားရှိခိုးတယ်။ ပုတီးစိတ်တယ်လေ။ ကိုယ့်ဘက်က လုပ်စရာရှိတာ အကုန်လုပ်ပေးပြီးတဲ့အခါ ကိုယ်သက်ဝင်ယုံကြည်ရာ တစ်ခုခုနဲ့ ကောင်းရာကောင်းဖို့ မျှော်လင့်တာပေါ့။ ကောင်းလာပါတယ်။ ဗိုက်ထဲမှာတန်းလန်းထည့်ထားတဲ့ ပိုက်ကလေးတွေ တစ်ခုပြီးတစ်ခု ဖြုတ်လို့ရသွားပြီ။ ဘာမှမထွက်တော့ဘူး။ အကောင်းတိုင်းပြန်ဖြစ်သွားပြီ။ ဝယ်ထားတဲ့ဆေးလေး ကုန်အောင် ထိုးပြီးရင် အိမ်ပြန်လို့ရပြီ။
သူ လုပ်တဲ့လူနာ ကောင်းသွားတော့ စာအရှည်ကြီး ရေးပြီး ကြွားတာပေါ့လေ။ ဟင့်အင်း။ အဲ့ဒါ ကြွားစရာ မဟုတ်ပါဘူး။ အခက်အခဲတစ်ခု ကျော်လွှားလွတ်မြောက်သွားတာပဲ ရှိတယ်။ အခက်အခဲများစွာထဲက တစ်ခု။ ဒါလေးလုပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးသလို ဘယ်သူကမှလည်း အထင်ကြီးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူနာဟာ ကိုယ့်အပေါ် စိတ်ဖိစီးမှု အကြီးကြီး ပေးနေတဲ့ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်တယ်။ ဒီဆေးရုံမှာ ခွဲသမျှ လူနာတိုင်းဟာ နတ်စီတဲ့အိပ်မက် လှလှများ မဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် မေ့သွားမှာစိုးလို့ စာတစ်ပုဒ်ရေးပြီး သိမ်းထားလိုက်တာပါ။ နောက်လူနာတွေလာတော့ မေ့သွားမှာလေ။ အခုတောင် မနှစ်ကခွဲထားတဲ့ လူနာတွေဆို မမှတ်မိတော့ဘူး။
ဒီစာကို ရေးတဲ့အခါ ဆေးပညာနဲ့ပါတ်သက်တဲ့ medical terms တွေ အများကြီးပါလို့ အပြင်လူတွေ စိတ်ဝင်စားမယ် မထင်ပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ ဘွဲ့လွန်ကျောင်းသားဘဝတုန်းက Combined Lecture Theater မှာ case discussion တင်သလိုပဲ ခံစားရတယ်။ ကိုယ့်ထက် အတွေ့အကြုံရင့်တဲ့ ဆရာတွေဆီက ဝိုင်းဝန်းဆွေးနွေးတဲ့ အကြံဉာဏ်ဆိုတာ တယ်အဖိုးတန်တာပဲ။ ကိုယ်အခု ဒီလူနာကို စီနီယာဆာဂျင် ဆရာကြီး နှစ်ယောက်နဲ့ ဆွေးနွေးတယ်။ အင်္ဂလန်ရောက်နေတဲ့ သူငယ်ချင်းဆာဂျင်တစ်ယောက်နဲ့လည်း တိုင်ပင်တယ်။ သူများပြောသမျှ အကုန်လျှောက်လုပ်တာ မဟုတ်ပဲ လူနာရဲ့ လက်ရှိအခြေအနေနဲ့ ချင့်ချိန်ဆုံးဖြတ်တယ်။ ဘယ်နေရာမှာမဆို ကိုယ့်မျက်စိနဲ့ မမြင်နိုင်တဲ့ blind spots ဆိုတာ ရှိတယ်လေ။ အဲ့ဒါတွေက တခြားလူ ရှုထောင့်နဲ့မှ တွေ့ရတာ။ လူတိုင်းမှာ ကိုယ့်အတွေ့အကြုံနဲ့ကိုယ် ရှိတယ်။ ဒီလိုလူနာမျိုးကို ကိုယ့်ထက်အရင် ကြုံဖူးကုဖူးတဲ့သူတွေမှာ ကိုယ့်အတွက် အကြံကောင်းဉာဏ်ကောင်း တစုံတရာ ရှိနေမှာပါ။ အခု အလုပ်အားလုံး ပြီးသွားတဲ့အခါမှာ ကိုယ့်ရဲ့အတွေ့အကြုံ၊ ကိုယ်ဘယ်လိုတွေးတယ်။ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို နောက်လူတွေအတွက် လက်ဆင့်ကမ်းချင်တာလည်း ပါကောင်းပါမှာပေါ့။ ကိုယ်ရေးတဲ့စာတွေက ဂုဏ်ဖော်ကြွားဝါဖို့၊ လူအထင်ကြီးခံချင်လို့ ဆိုတဲ့ ကလေးကလား ရည်ရွယ်ချက်မျိုး မရှိတာ နှလုံးသားချင်းတူတဲ့သူတွေ နားလည်နိုင်ပါလိမ့်မယ်။
အဲ့လိုမျိုး ကိုယ့်အကြောင်းကိုယ် သာသာထိုးထိုးလေး ရေးရတော့ ပျော်လား။ ဘယ်လိုခံစားရသလဲ။ ဟင့်အင်း မပျော်ပါဘူး။ ဒီလိုလူနာမျိုး များများခွဲရရင် အသက်တိုမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သလောက်တော့ လိုသေးတယ်။ professional မဆန်ဘူး။ လူနာဘက်ကလိုက်စဉ်းစားပြီး emotional ဖြစ်နေတယ်။ အဲ့ဒါ bias တွေ ဝင်ပြီး ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ နောက်မလုပ်တော့ဘူး။
လတ်တလော ခံစားချက်ကို ပြောရမယ် ဆိုရင်တော့ လွမ်းပါတယ်။ YGH က Combined Lecture Theater ကြီးမှာ ဆရာဝန်တွေအများကြီး case လေးတွေတင်လိုပ်၊ မုန့်လေးတွေစားလိုက်၊ ငြင်းလိုက်ခုံလိုက်၊ ကြိတ်ပြီးရယ်နေလိုက် လုပ်ရတဲ့ အချိန်လေးတွေကို လွမ်းတယ်။ ကိုယ့်ဆရာကြီးတွေကိုလွမ်းတယ်။ တော်တော်များများက အခု မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း နောက်ကို အဲ့ဒီနေရာ ပြန်ရောက်ဖို့ မရှိတော့ဘူး ဆိုတာကို တွေးမိလို့ လွမ်းတယ်။ ခွဲခွါခြင်းတွေဟာ ခဏရယ်လို့ ရည်ရွယ်ပေမယ့်လည်း တစ်သက်စာ ထာဝရ ဖြစ်သွားနိုင်တာပဲ။ အရင်နေရာမှန်ပေမယ့်လည်း အရင်လူတွေနဲ့ အရင်အခြေအနေမှ မရှိတော့တာ။ နောက်ဆုံးတော့ဘအတိတ်ဆိုတာ အတိတ်မှာပဲ ကျန်နေရစ်ခဲ့တာပါပဲ။ တချို့တလေတော့ ကိုယ့်မှတ်ဉာဏ်ထဲမှာ ကျန်နေသေးတယ်။ အဲ့ဒါလေး ပျောက်သွားမှာစိုးလို့ စာတစ်ပုဒ်ရေးလိုက်တယ်လေ။ ဒီလောက်ပါပဲ။
– Soe Min ( ဒေါက်တာ စိုးမင်း )
နွေဦးဖတ်စာမှာ တင်ပေးထားတဲ့ ဒေါက်တာစိုးမင်း ရဲ့ တခြား စာစုတွေကို
ဒီလင့် ကနေ တဆင့် ဖတ်နိုင်ပါတယ်ခင်ဗျာ ။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
- A1 Level (0)
- A2 Level (0)
- AI – Artificial Intelligence (0)
- Announcement – ကြေညာချက် (2)
- PVTV (1)
- Authors – စာရေးသူ ၊ ဖန်တီးသူ (84)
- Burmese Alphabet – အွန့်အွန့် (8)
- Knowledge Warriors (3)
- Ko Fury (1)
- KyuLiPaung – ကျူးလိပေါင် (3)
- Linnith – လင်းနစ် (2)
- Min Ko Naing – ကို မင်းကိုနိုင် (7)
- Myoset Min (2)
- Nyarna Bala – ဉာဏ ဗလ (15)
- PaDayTharPin – ကို ပဒေသာ (2)
- Pencillo – ပန်ဆယ်လို (2)
- Phio Thiha – ဒေါက်တာ ဖြိုးသီဟ (17)
- Revo Seafarer – တော်လှန် ရေဘဲ (1)
- Shwe Moe – မရွှေမိုး-ကိုရီးယား (2)
- Soe Min – ဒေါက်တာ စိုးမင်း (4)
- Tay Zar San – ကို တေဇာဆန်း (5)
- Tele Health – တယ်လီ ကျန်းမာ (3)
- Thint Thu – သင့်သူ (2)
- Zenn Kyi – ဇဏ်ခီ (3)
- Zin Zae – ကိုဇင်ဇေ (4)
- B1 Level (0)
- B2 Level (0)
- Biographies (0)
- Book Summaries (3)
- Business (0)
- Business English (0)
- C1 Level (0)
- C2 Level (0)
- Character (0)
- Dialogues (0)
- Did you know? (0)
- Digital Strike – နည်းပညာဖြင့် တော်လှန်ခြင်း (4)
- Emotion (0)
- Entertainment – ရသ (18)
- Funny – ဟာသ (7)
- Poems – ကဗျာ (3)
- Satire – သရော်စာ (4)
- Short Story – ဝတ္ထုတို (1)
- Expressions in Songs (0)
- Finance (5)
- General Knowledge (0)
- Health (0)
- Health and Fitness (0)
- Holiday (0)
- Ideologies (0)
- Idiomatic Expressions (0)
- Food (0)
- Interesting Stories (0)
- Knowledge – သုတ (50)
- Advice – အကြံဉာဏ် (22)
- Experience – အတွေ့အကြုံ (5)
- Fact-checking – သတင်းမှား စိစစ်ခြင်း (1)
- Health – ကျန်းမာရေး (3)
- Interviews – အင်တာဗျူး (2)
- News in Brief – သတင်းတို စုစည်းမှု (3)
- Safety & Security – ဘေးကင်း လုံခြုံရေး (1)
- Thoughts – အတွေးအခေါ် (26)
- Video Recommendations – ဗီဒီယို လမ်းညွှန် ၊ ဗီဒီယို မှတ်စုတို (0)
- Knowledgetainment – ရသ ၊ သုတ အရော (23)
- Learning English – အင်္ဂလိပ် ဘာသာစကား ဆိုင်ရာ (0)
- Learning Strategies (0)
- Movie (0)
- Movie Quotes (0)
- Movie Reviews (0)
- Music (0)
- Music Review (0)
- Music Theory (0)
- news (0)
- Parenting (5)
- personal development (0)
- Politics (0)
- Power (0)
- Procrastination (0)
- Quotes (0)
- Relationship (0)
- Respect (0)
- Sexual Violence (0)
- Shopping (10)
- Social Media (5)
- Songs – သီချင်းများ (1)
- Stories (0)
- Technology (0)
- Travel (5)
- Uncategorized (4)
- Unity (0)
- Vocabulary Enrichment (0)
- War (0)
အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …
နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။
အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
2 responses to “ချန်ဂင်တို့စခန်း (၁၉၇) – ဒေါက်တာ စိုးမင်း”
Nice article.
LikeLike
😁😁😁
LikeLike