လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )

“လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ်”

Movie – The Best of Enemies

◽️The Best of Enemies တဲ့။ သိပ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။

အပြင်မှာ တကယ်ရှိခဲ့သူတွေ၊ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ထားတဲ့ ကားတွေဆို သိပ်သဘောကျတယ်။ ဒီဇာတ်ကားက အဲဒီလိုပဲ။ လူဖြူ – လူမည်း ပြဿနာ ဖြစ်ကြရင်း နောက်ပိုင်းမှာ တစ်သက်တာ မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ လူဖြူအမျိုးသားနဲ့ လူမည်းအမျိုးသမီးတို့ရဲ့ ဇာတ်လမ်း။

◽️အမေရိကန် ပြည်တွင်းစစ်အကြောင်း သိကြမယ် ထင်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ မြောက်ပိုင်းနဲ့ ဆက်ထားထားချင်တဲ့ တောင်ပိုင်းနဲ့ တိုက်ကြတာ။ မြောက်ပိုင်းက အနိုင်ရသွားတယ်။ ကျွန်စနစ်လည်း ချုပ်ငြိမ်းသွားတယ်။

သို့သော် ဒါမျိုးက Social change ဖြစ်တယ်။ ဥပဒေအရ ဖျက်သိမ်းလိုက်ပါပြီ ဆိုတိုင်း အကုန်လုံး အဆင်ပြေသွားတာတော့ မဟုတ်ဘူး။ လူမည်းဆိုရင် နှိမ်ထားချင်တဲ့စိတ်တွေက ရှိနေတုန်းပဲ။ ဥပဒေနဲ့ ကာကွယ်ပေးထားတော့ အရင်လောက် မဆိုးတော့ပေမဲ့ သူ့ဟာနဲ့သူတော့ ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်တယ်။

ဒီဇာတ်ကားက အဲဒီတောင်ပိုင်းက Durham ဆိုတဲ့ မြို့မှာ ဖြစ်ခဲ့တာကို အခြေတည်ပြီး ရိုက်ထားတာ။

◽️စီပီ (C.P – Claiborne Paul) ဆိုတဲ့လူက အစွန်းရောက် လူဖြူအမျိုးသား။ အဖွဲ့အစည်းလည်း ရှိတယ်။ အဲဒီမှာ သူက ခေါင်းဆောင်။ လူဖြူအမျိုးသမီးတစ်ယောက်က လူမည်းနဲ့ ကြိုက်နေတယ်ဆို အဲဒီအမျိုးသမီးရဲ့ အိမ်ကို သေနတ်တွေနဲ့ သွားပစ်တာမျိုးတွေအထိ လုပ်ပြီး ခြိမ်းခြောက်လေ့ ရှိတယ်။ စီးပွားရေးက ဆီဆိုင်ဖွင့်ထားတယ်။ ဒါပေမဲ့ လူမည်းဆို မရောင်းဘူး။

အက်ဝါးတား ဆိုတဲ့ အမျိုးသမီးကတော့ လူမည်းတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပြောဆိုနေတဲ့ တက်ကြွလှုပ်ရှားသူ။ ဒီတော့ သူတို့နှစ်ယောက်က မကြာခဏဆိုသလို ငြိကြတာပေါ့။

◽️လူမည်းတွေအနေနဲ့ ဥပဒေဘောင်အတွင်းက ဖိနှိပ်မှုတွေကို တွေ့ကြုံနေရတယ်။ တရားသူကြီးတွေကအစ လူမည်းတွေအရေးဆို အာရုံမစိုက်ဘူး။ တရားသူကြီးတွေထဲမှာလည်း လူမည်းမရှိဘူး။ အဖြူတွေချည်းပဲ။ တချို့ဆို တရားခွင်မှာ ကျောပေးပြီးပါ နားထောင်ကြတယ်။ မျက်နှာချင်းကို မဆိုင်ချင်တဲ့သဘောပေါ့။

ဒီလိုအနေအထားမှာ လူမည်းကလေးတွေ တက်နေတဲ့ကျောင်းက မီးလောင်မှု ဖြစ်တယ်။ အဲဒီတော့ အဖြူတွေ တက်နေတဲ့ကျောင်းမှာ သွားပေါင်းရဖို့ ဖြစ်လာတယ်။ တကယ်တော့ ဥပဒေအရ အဲဒီလို ခွဲခြားမထားဖို့ ထုတ်ပြန်ပြီးသား။ ဒါပေမဲ့ လက်တွေ့မှာက အမည်းတွေက သက်သက်တစ်ကျောင်း၊ အဖြူတွေက သက်သက်တစ်ကျောင်း။ ခုတော့ မီးလောင်မှုကို အကြောင်းပြုပြီး ပေါင်းရဖို့ ဖြစ်လာပြီ။

ဒါကို လူမည်းတွေဘက်က တရားရုံးမှာ တင်ပြတော့ လက်မခံလို့ကလည်း မရဘူး။ အဖြူတွေကလည်း ခါးခါးသီးသီးကို ငြင်းတယ်။ တရားသူကြီးတွေလည်း လုပ်ရကိုင်ရ အတော်ခက်တယ်။ ဒီလိုနဲ့ အစုအဖွဲ့ ၂ ခုကြား သဘောတူညီမှုရဖို့ကို အဲဒီလို အရေးကိစ္စတွေမှာ ကျွမ်းကျင်တဲ့ ဘီလ်ရစ်ဒစ် ဆိုတဲ့လူကို ခေါ်ပြီး ညှိနှိုင်းခိုင်းရတယ်။

◽️အဲဒီလူက မြောက်ပိုင်းက။ သူလည်း လူမည်းပဲ။ ဒါပေမဲ့ မြောက်ပိုင်းဆိုတော့ တောင်ပိုင်းထက် ဖိနှိပ်မှုတွေ နည်းတာပေါ့။ သူက တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်တယ်။ ၁၀ ရက်ကြာမယ်။ အဖြူတွေရော၊ အမည်းတွေပါ အကုန်လာ။ ကိုယ့်အမြင်တွေ ကိုယ်ပြော။ ပြီးရင် ထွက်လာတဲ့ ဖြေရှင်းနည်းတွေကို မဲခွဲဆုံးဖြတ်မယ်။ အဲဒါကို နှစ်ဖက်လုံးက လက်ခံရမယ်ပေါ့။

ကိုယ်က အဲဒီလို Facilitate/ Mediate လုပ်ရတာကို စိတ်ဝင်စားတော့ အဲဒီလူ လုပ်သွားတာလေးတွေကို သတိထား ကြည့်မိတယ်။ Personality အရ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံ ပေါ်တယ်။ ဒါမျိုး အတွေ့အကြုံတွေလည်း အများကြီး ရှိထားပြီးပြီ။ အရေးကြီးဆုံးက နားထောင်တတ်တာနဲ့ စိတ်ရှည်တာပဲ။

Positional Power ရထားတာလည်း ပါတာပေါ့။ သူ့စကားကို မဖြစ်မနေ နားထောင်ရတာကိုး။ တော်လှန်ရေးမှာတော့ ဒါမျိုးကြားဝင်ဖို့ဆို ခက်မယ်။ နှစ်ဖက်လုံးကတောင် ပြန်ဆဲသွားနိုင်တယ်လေ။ ခုကျ အစိုးရကိုက တာဝန်ပေးထားတာ ဆိုတော့ သူလုပ်မဲ့ ဆွေးနွေးပွဲကို ကြိုက်ကြိုက် မကြိုက်ကြိုက် တက်ကြရတယ်။

◽️သူနဲ့အတူဦးဆောင်ပေးဖို့ လူဖြူဘက်က စီပီ၊ လူမည်းဘက်က အက်ဝါးတားကို သီးသန့်တွေ့ပြီး ဖိတ်တယ်။ စစချင်း နှစ်ဖက်လုံးက ငြင်းတာပေါ့။ မျက်နှာချင်းကို မဆိုင်ချင်တာလေ။ အလုပ်အတူတူ တွဲလုပ်ရမယ်ဆိုတော့ ဘယ်လက်ခံမလဲ။ ဒါပေမဲ့ သူတို့နေရာ မယူရင် အဖြူဘက်ကလည်း လစ်ဘရယ်ဆန်တဲ့ တစ်ယောက်ယောက်ကများ နေရာဝင်ယူသွားရင် အမည်းတွေဘက် အသာရသွားမယ်လို့ စီပီက စိတ်ပူတယ်။ အမည်းတွေထဲက သဘောထား ပျော့ပျောင်းသူက နေရာယူသွားရင်လည်း အမည်းတွေ နစ်နာမယ်လို့ အက်ဝါးတားက တွေးတယ်။ အဲဒီလိုနဲ့ လက်ခံလိုက်ကြတယ်ပေါ့။


C.P. Ellis နဲ့ Ann Atwater တို့ကို ​တွေ့ရစဥ်

ဒီလူ့အနေနဲ့ လုပ်ရတာ လွယ်တာတော့ မဟုတ်ဘူး။ တကယ့်အပြင်လူက အဲဒီတုန်းက အတွေ့အကြုံကို ဘယ်လိုပြန်ပြောလဲဆိုတော့ သူ့ဘဝမှာ အခက်ခဲဆုံးပဲတဲ့။ သူ ဘာလို့ အဲဒီအလုပ်ကို လက်ခံခဲ့မိလဲတောင် မသိဘူး ဆိုပြီး နောင်မှာ ပြန်ပြောင်းပြောပြတယ်။

ဘာလို့ဆိုတော့ အသားအရောင်အရ လူမည်း။ အဖြူတွေနဲ့က အဲဒီမှာတင် ပြဿနာက စပြီ။ မြောက်ပိုင်းသား ဖြစ်နေပြန်တော့ တောင်ပိုင်းက အမည်းတွေကလည်း အထင်မကြီးဘူး။ နင် ငါတို့လို နေခဲ့ရဖူးလို့လား၊ ငါတို့ခံစားချက် နင်ဘယ်နားလည်မလဲ၊ ဒါမျိုးပေါ့လေ။ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူတွေအကြောင်း မသိပါဘူး ဆိုတာမျိုးပေါ့။ ဒီတော့ နှစ်ဖက်လုံးကို ညှိရတာ ဘယ်လောက်ခက်မယ် စဉ်းစားကြည့်။

◽️သူလုပ်သွားတဲ့အထဲက သဘောကျတာလေးတွေ ပြောရရင်

  • နှစ်ဖက်လုံးအပေါ် သြဇာညောင်းတဲ့သူတွေကို သူနဲ့အတူ ဦးဆောင်ဖို့ ရွေးတာ၊
  • နှစ်ဖက်အမြင်ကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတာ၊
  • တစ်ခြမ်းစီ ထိုင်နေကြတာကို Seating plan တွေ ပြောင်းပစ်ပြီး အဖြူအမည်း အကုန်ရောပစ်တာ (ခုံနေရာလည်း ပြန်မပြောင်းခိုင်းဘူး)
  • ထမင်းစားချိန်တွေဆို ကျောင်းကိစ္စ မဟုတ်တဲ့ တခြားကိစ္စတွေပဲ ပြောခိုင်းတာ၊
  • နောက် လေ့လာရေး ခရီးတိုလေးတွေ ထွက်တော့ မီးလောင်ထားတဲ့ ကျောင်းကိုပါ သွားခိုင်းတာတွေပေါ့။

အဲဒီတော့ တဖြည်းဖြည်း ရင်းနှီးလာကြတယ်။ တကယ်က အသားအရောင်ပဲ ကွာနေတာလေ။ ကျန်တာက လူတွေပဲကိုး။ တူတာပေါ့။ မိဘတွေလည်း ဖြစ်တော့ သားရေးသမီးရေး စိတ်ပူတာကအစ တူညီနေတာတွေ အများကြီး ရှိတယ်လေ။

ဒါကြောင့် Dialogue က သိပ်အရေးကြီးတာနော်။ တွေ့ဆုံကြ၊ စကားပြောလိုက်ကြမှ တချို့အရာတွေက အရည်ပျော်ကျသွားတာ။

(တော်လှန်ရေးပြီးသွားရင်လည်း Brainwash လုပ်ခံထားရတဲ့ အောက်ခြေစစ်သားတွေရဲ့ မိသားစုတွေနဲ့ အဲဒီလိုပွဲတွေ လုပ်ကြည့်သင့်တယ်။ ဒါမှ သူတို့လည်း ဒီဘက်အသိုင်းအဝိုင်းကို ဝင်ဆံ့လာမှာ။ မဟုတ်ရင်ကျ အလကားနေရင်း ပြည်သူကို ရန်သူလို မြင်နေကြတော့တာ။ ဘာလို့ဆို မြန်မာ့အသံ၊ မြဝတီပဲ တစ်ချိန်လုံး နားထောင်ခဲ့ကြရတာကိုး။)

◽️အဲဒီလူက အက်ဝါးတားကို ပြောတာလေးလည်း မှတ်သားဖို့ကောင်းတယ်။ ခင်ဗျားက အမြဲတမ်း ကိုယ်ပဲ ပြောနေတာပဲ၊ ဘယ်တော့မှ နားမထောင်တတ်ဘူးတဲ့။

ပဋိပက္ခတွေ ပြေလည်ဖို့မှာ အဲဒီအချက်က သိပ်အရေးကြီးတယ်။ ငါပဲ မှန်တယ်၊ ငါတို့ပဲ နစ်နာနေတယ် လုပ်လို့မရဘူး။ တစ်ဖက်လူက ဘယ်လိုတွေးတယ်၊ ဘာကြောင့် သူ ဒီလိုမြင်တယ် သိအောင် နားထောင်တတ်ဖို့ လိုတယ်။ ဒါမှသာ ကိုယ်လိုချင်တာကို ညှိယူနိုင်မယ်။ ကိုယ်ပြောချင်တာကို သူနားဝင်အောင် ပြောနိုင်လိမ့်မယ်။

အဲဒီလို ဆွေးနွေးကြရင်းနဲ့ စီပီရဲ့ အမြင်တွေ တစ်စတစ်စ ပြောင်းလဲလာခဲ့တယ်။ ဘယ်လိုတွေကြောင့် ပြောင်းလဲလာတယ် ဆိုတာတော့ ရုပ်ရှင်ထဲမှသာ ကြည့်ပါတော့။ အသေးစိတ် ထည့်မရေးတော့ဘူး။ သူ နည်းနည်းစိတ်ယိုင်စ ပြုလာတဲ့အခါ တခြားအဖြူတွေက သူ့ကို ဆုတံဆိပ်ပေးပြီး အမည်းတွေအပေါ် ဆက်ဖိနှိပ်အောင် ‘ချုပ်’တာတွေ၊ ဘက်ပြောင်းသွားပြီးနောက် သူ့ကို ပြန်ပြီး Boycott လုပ်ကြတာတွေပါ ရိုက်ပြထားတယ်။

◽️၁၉၇၁ ခုနှစ်က အဖြစ်အပျက်တွေမို့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အခြေအနေတွေ၊ အမေရိကန်တွေရဲ့ စရိုက်တွေကို မြင်ရလိမ့်မယ်။ အခုနေသာ အင်မတန် ရိုင်းပျတဲ့ အပြုအမူတွေ၊ စကားလုံးတွေ ဖြစ်နေပေမဲ့ အဲဒီတုန်းကတော့ သာမန်လိုကို ပြုမူနေ၊ ပြောဆိုနေကြတာလည်း တွေ့ရမယ်။

ဒါကြောင့် Social norms are dynamic လို့ ပြောတာ။ အမြဲပြောင်းလဲနေတယ်။ သိပ်ရှေးရိုးစွဲမဆန်ဖို့ လိုတယ်။

◽️အခု ကျွန်တော်တို့နိုင်ငံရဲ့ တော်လှန်ရေးမှာလည်း ဒီသဘောပဲ။ ဒီအကြမ်းဖက်စစ်တပ်ကို အနိုင်တိုက်နိုင်တယ်ဆို အဲဒါက အမေရိကန် ပြည်တွင်းစစ်မှာ သမ္မတလင်ကွန်း ဦးဆောင်တဲ့ မြောက်ပိုင်းက အနိုင်ရသွားတာမျိုးပဲ ဖြစ်လိမ့်မယ်။

ဥပဒေအရ ပြောင်းသွားမယ်။ ဥပဒေ အကာအကွယ်တွေလည်း ရလာမယ်။ ဒါပေမဲ့ လူတွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ ရှေးရိုးစွဲအမြင်တွေ၊ ဖိုဝါဒတွေ၊ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တာတွေကိုတော့ တစ်ရက်တစ်မနက်နဲ့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အဲဒါတွေက လူမှုအပြောင်းအလဲတွေ ဖြစ်လို့ မျိုးဆက်နဲ့ချီပြီး ကြာလိမ့်မယ်။

◽️အမေရိကန် ပြည်တွင်းစစ်ဆို ၁၈၆၅ မှာပြီးတယ်။ ခုရုပ်ရှင်ထဲက အဖြစ်အပျက်တွေက ၁၉၇၁ မှာ ဖြစ်တာ။ ကျွန်စနစ် ဖျက်သိမ်းအပြီး နှစ်တစ်ရာကျော် ကြာနေပြီ။ နာမည်ကျော် မာတင်လူသာကင်း ဂျူနီယာက ၁၉၆၈ မှာ လုပ်ကြံခံရတယ်။ ပထမဆုံး လူမည်းသမ္မတက ၂၀၀၈ ကျမှ ပေါ်တယ်။ နှစ် ၁၅၀ နီးနီးပေါ့။ ဒါတောင် အမေရိကန်ဆိုတာ ကမ္ဘာမှာ လစ်ဘရယ်အဆန်ဆုံးလို့ ပြောကြတဲ့နိုင်ငံနော်။

စိတ်ဓါတ်ကျအောင် ပြောတာတော့ မဟုတ်ဘူး။ Social Change ရဲ့ သဘောသဘာဝကို မြင်စေချင်တာ။ ဥရောပနိုင်ငံတွေမှာဆိုလည်း ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေ၊ နာဇီထောက်ခံသူတွေ ရှိနေကြဆဲပဲ။

◽️ဆိုတော့ တော်လှန်ရေး ၂ နှစ်ကျော်ကာလလေးနဲ့ အကုန်လုံး ပြောင်းလဲသွားမယ် မျှော်လင့်နေတာကတော့ စိတ်ကူးယဉ်လွန်းရာကျတယ်။ လက်တွေ့မဆန်ဘဲ တအားမျှော်လင့်ထားရင်၊ တကယ့် Ideal အခြေအနေကို လိုချင်နေရင် ကိုယ်ပင်ပန်းတာပဲ အဖတ်တင်လိမ့်မယ်ပေါ့။ စနစ်ဆိုးအောက်မှာ နှစ် ၆၀ ကျော် နေလာတဲ့သူတွေဗျာ။ ဖိုဝါဒ လွန်ကဲတာပေါ့။ LBGT ဆို ကြောက်တာပေါ့။ မုန်းတာပေါ့။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးပဲ အကောင်း မြင်ကြတာပေါ့။ ဒါ ဘာမှမဆန်းဘူး။ ၂ နှစ်လောက်နဲ့ အကုန်ပြောင်းသွားမယ် ထင်နေတာကသာ ဆန်းတယ် ပြောရမယ်။

တော်လှန်ရေးနိုင်ဖို့က လွယ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်လိုပဲ နှစ်ကာလတစ်ခုအကြာမှာ ပြီးသွားလိမ့်မယ်။ ရင်ထဲမှာ အမြစ်တွယ်နေတာတွေကို ပြောင်းဖို့ကသာ ကြာမှာ။ ဒီအတွက်လည်း ကျွန်တော်တို့အလုပ်တွေ အများကြီး လုပ်ကြရပါလိမ့်ဦးမယ်။

◽️အဖြူတွေထဲကနေ အမည်းတွေဘက်က ရပ်တည်ပေးတဲ့ စီပီလို လူတွေလိုတယ်။ တိုင်းရင်းသားတွေဘက်က ရပ်တည်တဲ့ ဗမာတွေ၊ အမျိုးသမီးတွေဘက်က ရပ်တည်တဲ့ အမျိုးသားတွေ၊ လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားသူတွေဘက်ကနေ အတူရပ်တည်ပေးမဲ့သူတွေ အများကြီးကို လိုပါတယ်။

အဲဒီလိုပဲ၊ ကိုယ့်အစုအဖွဲ့ရဲ့ ရပိုင်ခွင့်အတွက် တစိုက်မတ်မတ် ပြောဆိုရပ်တည်ရဲတဲ့ အက်ဝါးတားလို လူတွေလည်း လိုတယ်။

ပြီးရင် အဲဒီလူတွေကလည်း တစ်ယောက်စကား တစ်ယောက်နားထောင်တတ်ဖို့၊ လေးစားမှုထားဖို့ လိုလိမ့်မယ်။ The Best of Enemies ကို ဆွဲယူအသုံးချတတ်ဖို့ လိုမယ်။ ဒါမှသာ အရွေ့တစ်ခုကို ပူးပေါင်းဖန်တီးနိုင်လိမ့်မယ် မြင်ပါတယ်။

◽️အရေးကြီးဆုံးကတော့ လူသားဆန်ကြဖို့ပါ။ လူအချင်းချင်း ဖြစ်နေရင်ကို အဆင်ပြေပါပြီ။ ခုဇာတ်ကားထဲမှာပဲ ကြည့်။ တရားသူကြီးတွေက အဖြူတွေ။ သူတို့ကိုယ်တိုင်လည်း အမည်းတွေကို မုန်းတယ်။ ဒါပေမဲ့ လူမည်းကလေးလေးတွေရဲ့ကျောင်း မီးလောင်သွားတော့ အဖြူတွေရဲ့ ကျောင်းမှာ သွားပေါင်းတက်ဖို့ကို ငြင်းဖို့လောက်အထိကျ သူတို့မလုပ်ချင်ဘူး၊ ငြင်းရခက်နေတယ်။ ဒါ ဘာလို့လဲဆိုတော့ လူမို့လို့လေ။

ဒီကလို စာသင်ကျောင်းကို ဗုံးပါကြဲနေတဲ့ စခတွေဆိုရင်တော့ ဘယ်ဖြစ်မလဲ။

◽️ဆိုတော့ နောင်အနာဂတ်မှာလည်း အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေး စသဖြင့် တောင်းဆိုရတာတွေ ရှိပါလိမ့်ဦးမယ်။ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတွေက ငြင်းဆိုတာ၊ မသိချင်ယောင်ဆောင်တာ၊ ပါဝါသုံးပြီး ဖိနှိပ်တာတွေလည်း ကြုံပါလိမ့်မယ်။ သို့သော် ခုလိုတော့ ဖမ်းပြီး အချုပ်ခန်းထဲ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စစ်ကြောရေး ပို့တာတွေ မရှိတော့ဘူးပေါ့ဗျာ။ လူစိတ်ရှိတဲ့သူတွေ ဖြစ်နေပြီကိုး။ ဒီအခြေအနေ အရင်ရောက်အောင်ပဲ တော်လှန်နေကြရတာ ဖြစ်ပါတယ်။

ဘာသာရေး၊ အမျိုးသားရေး အစွန်းရောက်သူတွေလည်း ကျန်လိမ့်ဦးမယ်။ ကြံ့ဖွံ့ထောက်ခံသူ၊ စစ်တပ်ထောက်ခံသူ၊ မဘသထောက်ခံသူ စသဖြင့်။ အကုန်လုံးကို ထောင်ထဲထည့်လို့မှ မရတာ။ သို့သော် ခုလိုမျိုး အုံနဲ့ကျင်းနဲ့ စီတန်းလှည့်လည်ပြီး သူများအိမ် ခဲနဲ့ သွားပေါက်လို့တော့ မရတော့ဘူး။ အီတလီက ဘောလုံးပွဲတွေမှာ နာဇီထောက်ခံတဲ့ပုံ လုပ်ပြရင် ပွဲကြည့်ခွင့် ပိတ်သလိုပဲ။ မင်းဟာမင်း နာဇီမကလို့ ကြိုက်တာထောက်ခံ။ Public ရှေ့တော့ ထွက်မလာနဲ့။ ထွက်လာရင် အရေးယူခံရမယ်။ ဒါမျိုးပေါ့။

◽️ပြောချင်တာက တော်လှန်ရေး အောင်သွားတာနဲ့ မြန်မာကားထဲကလိုတော့ ဟေး ဆိုပြီး အကုန် အဆင်ပြေသွားမှာ မဟုတ်ဘူး။ အဲဒါမျိုး မျှော်လင့်နေရင်တော့ ပင်ပန်းရတာပဲ အဖတ်တင်မယ်။ လူမှုအပြောင်းအလဲဆိုတာ Process ဖြစ်တယ်။ Event မဟုတ်ဘူး။ တောက်လျှောက်လုပ်သွားကြရမှာ၊ မျိုးဆက်တစ်ခုနဲ့တစ်ခု လက်ဆင့်ကမ်းပြီး ထမ်းတင်သွားကြရမှာသာ ဖြစ်ပါတယ်။

ရှေးရိုးစွဲတာ၊ အစွန်းရောက်တာတွေက ဘယ်နိုင်ငံမှာမဆို ၁၀၀ % ကင်းစင်သွားတယ် ဆိုတာ မရှိပေမဲ့ တရားဥပဒေ စိုးမိုးမှုရှိမယ်၊ လူပီသတဲ့သူတွေ အုပ်ချုပ်ကြမယ်၊ ရှက်သင့်တာကို ရှက်တတ်တဲ့သူတွေ လူ့အဖွဲ့အစည်းထဲ များများစားစား ရှိလာကြမယ်ဆိုရင် အဲဒီနိုင်ငံဟာ နေပျော်စရာ ကောင်းလာမှာပါပဲ။

◽️စစ်အာဏာရှင် တော်လှန်ရေးက မြန်ပါတယ်။ အတွေးအခေါ် တော်လှန်ရေးကတော့ အချိန်ပိုကြာတတ်ပါတယ်။

ဉာဏဗလ
၁၁.၈.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …

နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။

အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။

❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။



4 responses to “လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )”

  1. မှန်တာပေါ့
    နောက်ဆို သွေကြွေးဆပ်​ေနတာနဲ့ပဲ
    ဘတစ်ပြန်ကျားတစ်ပြန်ဖြစ်မှာဆိုးရတယ်

    Like

  2. လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်ချင်ပါသေးတယ် ဆရာရေ

    Like

Leave a reply to win win Cancel reply