စစ်အတွင်းက အမျိုးသမီးများ ( ဉာဏဗလ )

“စစ်အတွင်းက အမျိုးသမီးများ”

🔳 Women at War ဆိုတဲ့ ပြင်သစ်ဇာတ်လမ်းတွဲကို ကြည့်ရင်း လက်ရှိ ကျွန်တော်တို့တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့လည်း ချိန်ထိုးပြီးတော့ စဉ်းစားကြည့်မိတယ်။ (Mini-series လို့ ပြောရမယ်။ အပိုင်း ၈ ပိုင်းပဲ ပါပါတယ်။)

အဓိကဇာတ်ဆောင် အမျိုးသမီး ၄ ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာ။ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်ပြည်မှာ မတူကွဲပြားတဲ့ ဘဝတွေနဲ့ ရှင်သန်ရပ်တည်ရင်း စစ်အတွင်းမှာ ပါဝင်ဖြစ်ခဲ့ကြတဲ့သူတွေပေါ့။ စစ်ရဲ့ အနိဌာရုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ ဒီကြားထဲကမှ သူတို့ရဲ့ ရုန်းကန်မှုတွေကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။

🔳 ပထမတစ်ဦးက ပြည့်တန်ဆာ အမျိုးသမီး။ သူ့သားကလေးနဲ့ ဟိုးငယ်ငယ်ကတည်းက ကွဲသွားတယ်။ အခု ရှေ့တန်းမှာ စစ်သားအဖြစ် ရှိနေတာ သတင်းရလို့ လိုက်လာတာ။ ခုချိန် သူတို့ဆီမှာ ဒီလောက်ကြီး ပြဿနာ မဟုတ်တော့ပေမဲ့ ကိုယ်တွေဆီမှာတော့ ပြဿနာ အကြီးကြီး ဖြစ်နေသေးတဲ့ကိစ္စ။ ဘာလဲဆိုရင် သမီးရည်းစားမှာ ကောင်မလေး ကိုယ်ဝန်ရသွားတဲ့အခါ ကောင်လေးက တာဝန်မယူတဲ့ ပြဿနာပေါ့။

ဒီအမျိုးသမီးက ဆယ်ကျော်သက်ဘဝမှာ အဲဒါမျိုး ဖြစ်ခဲ့တာ။ မိဘတွေက တအားရှက်ပြီး သူ့ကို အိမ်ပေါ်က နှင်ချ။ သူလည်း အဆင်ပြေသလို ကလေးမွေးပြီး သူများကို ပေးပစ်။ ပေတေလေလွင့်ရင်း နောက်ဆုံး ပြည့်တန်ဆာဘ၀ ရောက်သွားခဲ့တော့တာပဲ။ လောကကြီးကို အရွဲ့တိုက်ချင်တာ၊ ဘဝကို ကောင်းကောင်းမွန်မွန် မရှင်သန်လိုတော့ဘဲ ရေစုန်မျောပစ်ချင်တာ၊ ဒါတွေလည်း ပါမှာပေါ့။

🔳 စစ်ဖြစ်နေတဲ့နေရာ ဆိုပေမဲ့လည်း ပြည့်တန်ဆာတွေနဲ့ ပျော်လို့ရတဲ့နေရာ ရှိတယ်။ စစ်သားတွေက လာပျော်ပါးကြတယ်။ သူက အဲဒီမှာ အလုပ်လုပ်ရင်း သူ့သားကို ရှာတာပေါ့။ ဒါပေမဲ့ အဖြစ်မှန်ကိုတော့ ပြောပြလို့ မဖြစ်ဘူး။ ဟုတ်တယ်လေ။ သူ့သားခမျာ သူ့သူငယ်ချင်း စစ်သားတွေ၊ သူ့လက်အောက်ငယ်သားတွေကြား အကြီးအကျယ် ရှက်သွားမှာပေါ့။ ဒီအတိုင်းလေးပဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနေတယ်။

တဖြည်းဖြည်းနဲ့ တခြားစစ်သားတွေက ရိပ်မိလာတော့ အကြောင်းမသိဘဲ ဒီသားအမိကို ပေးစားကြတာပေါ့။ ဆယ်ကျော်သက်ဘဝမှာ မွေးထားတာဆိုတော့ မမနဲ့ မောင်လေးအရွယ်လို ဖြစ်နေတာကိုး။ သားဖြစ်သူ ကိုယ်တိုင်ကလည်း စိတ်ယိုင်ပြီး သူ့ကို လာနမ်းမလို လုပ်လိုက်သေးတယ်။

ကိုယ်ဝန်ရသွားရာကနေ ဘဝတစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားလိုက်တာ ဆိုတာနော်။ ခုခေတ်လိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေက မပေါတော့ လင်ယောက်ျားအပေါ် မှီခိုနေမှပဲ ဖြစ်တာ။ ဒီလိုဖြစ်ထားတဲ့ မိန်းကလေးဆို အထင်တသေး ရှိကြတော့ လင်ကောင်းသားကောင်း ရဖို့ကလည်း မလွယ်ပြန်ဘူး။ အဲဒီမှာတင် ဘဝတစ်ခုလုံး စုတ်ပြတ်သွားတော့တာပဲ။

🔳 တကယ်တော့ ကိုယ်ဝန်ရသွားတာက ပြဿနာ မဟုတ်ဘူး။ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ၊ တစ်လုံးတည်း ပြောပါဆို ‘ဖိုဝါဒ’ ကသာ အဓိက ပြဿနာ ဖြစ်စေတာ ပြောရမယ်။

လင်ကောင်မပေါ်ဘဲ ကလေးမွေးသတဲ့။ ယောက်ျားမပါဘဲ မိန်းမတစ်ယောက်တည်း ကိုယ်ဝန်ယူလို့မှ မရပဲ။ တကယ်တော့ လင်ကောင်က ရှိပါတယ်။ တာဝန်မယူလို့သာပါ။ ဒါပေမဲ့ လူတွေကတော့ အဲဒီလို လူမပီသတဲ့ လင်ကောင်ကို လက်ညှိုးထိုး ကဲ့ရဲ့ကြတာ သိပ်ရှားပါတယ်။

🔳 ဆစ်ဖလစ်ရောဂါကို သေမလောက် ကြောက်ကြတာလည်း ထည့်ရိုက်ထားတယ်။ ခုခေတ်လို ဆေးကောင်းဝါးကောင်းတွေ မရှိသေးဘူးကိုး။ အဲဒီရောဂါပိုး တွေ့ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေကို ဆေးကုပေးဖို့ ဝေးလို့၊ အလုပ်ပါ ထုတ်ပစ်ရော။ ဧည့်သည်အဝင်နည်းသွားမှာ စိုးပြီးလေ။ ဆင်းရဲလို့ ပြည့်တန်ဆာလုပ်။ ပြည့်တန်ဆာ ဖြစ်တော့လည်း တစ်ခါ ထပ်ဖိနှိပ်ခံရနဲ့ Double-burden ကို ခံစားနေကြရတယ်။

ဒါတွေက ကျွန်တော်တို့ဆီမှာတော့ ခုထိ ရှိနေဆဲ ပြဿနာတွေပဲ။ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို မထိန်းချုပ်နိုင်သေးဘူး။ ပြည့်တန်ဆာတွေအတွက် ကာကွယ်ပေးမှုတွေ အားနည်းနေဆဲပဲ။ ဒါတွေက အပြန်အလှန် သက်ရောက်နေတာနော်။ ပြည့်တန်ဆာမို့လို့ ဆိုပြီး ခွဲခြားဆက်ဆံတော့ သူတို့မှာ ရောဂါတွေ အကူးခံရ၊ ဆေးကုလို့လည်း မရကြ။ သူတို့ကနေမှ တခြားလူတွေဆီ ကူး။ အဲဒီလူတွေကနေ သူတို့မိန်းမတွေ၊ ရည်းစားတွေဆီ ပြန်ရောက်။ သံသရာလည်နေကြတာ။

လူမှုအသိုင်းအဝိုင်းကိုက Inter-connected ဖြစ်နေတာပါ။ လူတွေက မမြင်ကြလို့သာ။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုက သွယ်ဝိုက်ပြီး ကိုယ့်ဆီ ပြန်ရောက်လာတာချည်းပဲ။ (ဥပမာ စစ်တပ်ထုတ်ကုန် မသုံးပါနဲ့ဆို သုံးတယ်။ သုံးတော့ ဟိုကောင်တွေက သက်ဆိုးရှည်။ သက်ဆိုးရှည်တော့ တိုင်းပြည်က ပိုပိုပျက်လာပြီး ခုနက မြန်မာဘီယာ သောက်နေတဲ့သူပါ ခွေးဖြစ်။)

ဆိုတော့ ပြောရရင် ကျွန်တော်တို့နိုင်ငံက သူများထက် နှစ်တစ်ရာကျော်လောက်ကို နောက်ကျကျန်နေခဲ့ပြီ ဆိုနိုင်တယ်။ သူတို့ တစ်ချိန်က ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကျွန်တော်တို့က ခုထိ ကြုံနေရတုန်းပဲလေ။ စစ်မက်ဖြစ်နေတာ၊ ဖိုဝါဒကြီးစိုးတာ စသဖြင့်ပေါ့။

🔳 နောက်တစ်ယောက်ကတော့ သူနာပြုဆရာမ။ အဲဒီခေတ်က ကိုယ်ဝန်ဖျက်ချတာကို တရားဝင် ခွင့်ပြုမထားဘူး။ ဥပဒေအရရော၊ ဘာသာရေးအရရော ဒါက မလုပ်သင့်ဘူး။ ဒါပေမဲ့ သူက Feminist တစ်ယောက်။ ဒီတော့ အမျိုးသမီးတစ်ယောက်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပဲလို့ ခံယူတယ်။ ဖျက်ချပေးတယ်။

ဖြစ်ချင်တော့ သူဖျက်ချပေးလိုက်တာ အမျိုးသမီးက သွေးလွန်ပြီး သေသွားတယ်။ အဲဒီအမျိုးသမီးရဲ့ ယောက်ျားကလည်း စစ်တပ်ကပဲ ဆိုတော့ သူ့ကို အသေရရ အရှင်ရရ လိုက်ဖမ်းတော့တာပေါ့။ အဲဒါကို လွတ်အောင် ထွက်ပြေးရင်း ဒီရှေ့တန်းစစ်မျက်နှာကို ရောက်လာတာ။

ဒီနေရာမှာက ဘုရားကျောင်းကို ယာယီဆေးရုံအဖြစ် ပုံစံပြောင်းပြီး ဒဏ်ရာရ စစ်သားတွေကို ဆေးကုပေးနေတယ်။ အဲဒီမှာ သူက တခြားနာမည်ဝှက်နဲ့ အလုပ်ဝင်လုပ်နေတာပေါ့။

🔳 တတိယတစ်ယောက်က အဲဒီဘုရားကျောင်းက သီလရှင်။ သူနဲ့ ဆက်စပ်ပြီးမှ ဘာသာရေး အသိုင်းအဝိုင်းထဲက ဖိုဝါဒကြီးစိုးမှုတွေကို လှစ်ဟပြသွားတယ်။

သူတို့ရဲ့ အထက်မှာ ဘုန်းတော်ကြီးရှိတယ်။ အင်မတန် လူရိုသေခံရတယ်ပေါ့။ ဒီဘုရားကျောင်းကိုလည်း ဆေးရုံအဖြစ် လုပ်ထားပေးတော့ အာဏာပိုင်တွေကအစ အားကိုးတကြီး ရှိတယ်။

ဒါပေမဲ့ ဒီလူက လိင်မှုကိစ္စမှာတော့ စည်းမစောင့်ဘူး။ သူ့လက်အောက်က သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်။

🔳 တစ်ရက်တော့ ဒီသီလရှင်က အပြင်တစ်နေရာသွားရင်း စစ်သားတစ်ယောက်ကို တွေ့တော့ ကယ်လာတယ်။ အဲဒီလူက ဂျာမန်စစ်သား။ (ပြင်သစ်နဲ့ ဂျာမနီ တိုက်နေတာမို့ ရန်သူကိုပါ ကယ်မိလျက်သား ဖြစ်နေတာ။) တိုတိုပြောရရင် သူနဲ့ ချစ်ကြိုးသွယ်မိတယ်ပေါ့။

သီလရှင်ဆိုပေမဲ့ သူလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ကိုး။ ဘုရားသခင်ထံ ခွင့်လွှတ်ဖို့ အကြိမ်ကြိမ် တောင်းပန်ပေမဲ့ အထိအတွေ့ရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်ခဲ့ဘူး။ မြန်မာစကားနဲ့ ပြောရင် ပန်းအိုးတစ်ခါ ကျကွဲသွားခဲ့တယ်။ နောက်တော့လည်း သူ့ဆန္ဒသူပြန်ထိန်း။ ဟိုလူကလည်း ဆေးရုံကနေ ဆင်းသွား။ (ဂျာမန်ဆိုပေမဲ့ စစ်ကို မုန်းတဲ့လူမို့ ဒဏ်ရာသက်သာတာနဲ့ ဘာဒုက္ခမှ မပေးဘဲ ထွက်သွားတာ။)

ပြဿနာက ဘုန်းတော်ကြီးက အဲဒါတွေအကုန် မြင်သွားတာပဲ။ ညဆို ဒင်းက သီလရှင်တွေကို လိုက်လိုက်ကြည့်နေတာကိုး။ အဲဒါကို အကြပ်ကိုင်ပြီးမှ ဒီသီလရှင်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ လက်မခံတော့ အထမမြောက်လိုက်ဘူး။

🔳 တစ်ညတော့ သီလရှင်အငယ်လေးတစ်ပါးကို အဲဒီဘုန်းတော်ကြီးက အဓမ္မကျင့်နေတာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်တယ်။ တိုင်မယ် တန်းမယ်ဆိုတော့ ဒီသီလရှင်လေးကိုယ်တိုင်က တားတယ်။ မလုပ်ပါနဲ့၊ အရှက်တွေ ကွဲကုန်မယ်ပေါ့။ နောက်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ရဖို့ကိုလည်း သူက ဖန်တီးပေးမယ် ပြောတယ်တဲ့။ အဲဒါနဲ့ပဲ တိုင်ဖို့က အခွင့်မသာဘူး။ မျက်နှာချင်းဆိုင် သွားပြောတော့လည်း သူ့ရဲ့ အမည်းစက်ကို ဟိုက နင်းပြီး ပြန်ချေပပြန်ရော။

ဘာသာရေးအရ မှားယွင်းတဲ့အလုပ်တွေ လုပ်ကြတာချင်း တူပေမဲ့ တကယ်ဆို သူက မုဒိမ်းကျင့်တဲ့ အနေအထားမျိုး ဖြစ်နေတာ။ ထပ်ကာထပ်ကာလည်း လုပ်နေတာ။ ဒါပေမဲ့ ရှက်ရကောင်းမှန်း မသိဘူး။ ပြန်ပြီးတောင် ခြိမ်းခြောက်လိုက်သေးတယ်။

🔳 နောက်တော့ သီလရှင်ကလေးက ကိုယ်ဝန်ရတယ်။ ဘုန်းတော်ကြီးကို သွားပြောတော့ နင့်တာဝန်နင်ယူ၊ ဖျက်ချဖို့ စီစဉ် ဆိုပြီးပဲ ပြန်ဖြေတယ်။ (ကိုယ်ဝန်ဖျက်ချခွင့်သာ တရားဝင် ခွင့်မပြုတာနော်။ ကိုယ်တိုင် ဖြစ်လာတော့ အဲဒီစကား ထွက်လာရော) မျိုးစုံလည်း ခြိမ်းခြောက်လိုက်တယ်။ ကောင်မလေးခမျာ ကြံရာမရတဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့တယ်။

ဒါကို အစအဆုံး သိနေ၊ မြင်နေရတဲ့ သီလရှင်ခမျာမှာတော့ ဟိုလူ့ကို ရွံမုန်းတာကလွဲပြီး ကျန်တာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အာဏာပါဝါအရလည်း သူက မြင့်တယ်။ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်မှာလည်း ဂုဏ်သိက္ခာ ကြီးတယ်။ အဲဒီလိုလူတစ်ယောက် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ဖို့ဆိုတာ နံရံကို ကြက်ဥနဲ့ပေါက်တာနဲ့ အတူတူပဲလေ။ ထုတ်ပြောတဲ့သူပဲ ကဲ့ရဲ့ခံရမယ်။ ဆဲခံရမယ်။ အပြစ်တင်ခံရမယ်။

🔳 ဒါတွေက ဒီနေ့ခေတ်ထိလည်း မြင်တွေ့နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ အဓမ္မမှု၊ အကြမ်းဖက်မှုဆိုတာ ပါဝါတစ်ခုခုကိုတော့ သုံးပြီး လုပ်ရစမြဲပဲ။ ခွန်အားဆိုတဲ့ ပါဝါကို သုံးရတာကတော့ အနိမ့်ဆုံးလို့တောင် ပြောလို့ရတယ်။ အဲဒီလူတွေကလည်း အဖမ်းခံကြရ၊ ထောင်ကျကြတာ များတယ်။ မှုခင်းသတင်းတွေ ဖတ်ဖူးကြမှာပါ။ ညဘက် ခပ်မှောင်မှောင်မှာ တစ်ရွာတည်းနေ ကိုဘယ်သူက မဘယ်သူကို အဓမ္မပြုကျင့်တယ် ဆိုတာမျိုး။ ရဲကလည်း ဖမ်းရဲတယ်။ လူတွေကလည်း ဝိုင်းဆဲကြ ဆိုကြတာပဲ။

ဒါပေမဲ့ အဲဒီလို ခွန်အားကို တစ်စက်ကလေးမှ မသုံးလိုက်ရဘဲ၊ သုံးစရာ မလိုလိုက်ဘဲ တခြားသော ပါဝါတွေကို သုံးရင်း မုဒိမ်းကျင့်နေတဲ့ကောင်တွေကတော့ အေးဆေးပဲ လွတ်မြောက်နေကြတယ်။

ရာထူးဆိုတဲ့ ပါဝါကို သုံးတယ်။ အာဏာဆိုတဲ့ ပါဝါကို သုံးတယ်။ ဆရာသမား၊ အထက်လူကြီး စတဲ့ ပါဝါတွေ၊ အများအမြင်မှာ ဂုဏ်သိက္ခာရှိသူအဖြစ် အထင်ခံရမှုတွေကို သုံးတယ်။

🔳 အဲဒီအခါ ကျူးလွန်ခံရသူတွေမှာ တိုင်တန်းဖို့ မပြောနဲ့၊ ထုတ်ပြောရင်တောင် ယုံတဲ့လူ မရှိတော့ဘူး။ ဒီလူက ဒါမျိုးလုပ်မဲ့သူ မဟုတ်ဘူး၊ ဒီကောင်မ ငွေလိုချင်လို့၊ တမင်သက်သက် အပုပ်ချချင်လို့ လျှောက်ပြောတာ နေမယ်၊ အဲဒီတုန်းကတော့ ငြိမ်ခံနေပြီး ခုကျမှ ဘာထဖြစ်တာလဲ စသဖြင့် စသဖြင့် ကာယကံရှင်ကတောင် ဘာမှပြောစရာ မလိုဘဲ သူ့ပရိသတ်တွေ ဝင်ပြောတာနဲ့တင် ပွဲကပြီးသွားပြီ။

တကယ်စွပ်စွဲတာတွေရော မရှိနိုင်ဘူးလားဆိုတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါမျိုးကိစ္စ တစ်ခုလောက် ဖြစ်နေချိန်မှာ တကယ်ကျူးလွန်ခံရတာတွေကတော့ အခုတစ်ရာလောက် ရှိနေပြီ ဆိုတာ သတိထားမိဖို့ လိုတယ်။

ခံရသူတွေအတွက် ဒီလိုအခြေအနေက တကယ့်ကို မွန်းကြပ်စရာ၊ အသည်းနာစရာ သိပ်ကောင်းပါတယ်။ စာနာပေးမဲ့သူ မရှိ၊ ယုံကြည်ပေးမဲ့သူ နတ္တိ။ ကိုယ်အရမ်းရွံမုန်းရတဲ့ လူတစ်ယောက်ကို လူတွေက ဝိုင်းချီးကျူးဂုဏ်ပြုနေတာ မြင်ရတာ၊ ကိုယ်မှန်တာတွေ ပြောနေပါလျက်နဲ့ ဘယ်သူကမှ မယုံဘဲ လှောင်ပြောင်တိုက်ခိုက် စော်ကားနေတာကို ခံရတာ ဘယ်လောက်တောင် အသည်းပေါက်စရာ ကောင်းမလဲ။

🔳 ပြဿနာက ဒီမှာတင် ရပ်သလား။ မရပ်ဘူး။ အပေါ်မှာ ပြောခဲ့သလို Inter-connected ပဲ။ ဒီလူကလည်း သူ့ကို လူတွေ ယုံကြတာ သိတော့ နောက်တစ်ယောက်ကို ထပ်လုပ်ဖို့ ဝန်မလေးဘူး။ အဲဒီကျူးလွန်ခံရသူကလည်း ရှေ့ကတစ်ယောက် ထုတ်ဖော်ပြောလိုက်လို့ ဘဝပျက်သွားတာ မြင်ထားတော့ သူ့အလှည့်ကျလည်း မိအေးနှစ်ခါနာ အဖြစ်မခံတော့ဘူး။ မြိုသိပ်ပြီးပဲ နေလိုက်တော့တယ်။ ဒီအခါ ‘ပြစ်ဒဏ်ကင်းလွတ်ခွင့်’ တင်မက ‘ထပ်မံကျူးလွန်ခွင့်’ ပါ ရသွားတော့တယ်။

ဒါနဲ့တင်လား။ ဘယ်ဟုတ်မလဲ။ ဒါကို မြင်နေတဲ့ တခြားသော လူတွေကလည်း လိုက်ကျူးလွန်ကြမယ်။ ဒါကို မြင်ခဲ့တဲ့ ကျူးလွန်ခံရသူတွေကလည်း နှုတ်ဆိတ်ကုန်ကြပါလိမ့်မယ်။

အဲဒီထဲမှာ ခုနက လှောင်ပြောင်ခဲ့ကြသူတွေ၊ ကိုယ်တိုင်မဟုတ်တောင် သူတို့ မြတ်နိုးတန်ဖိုးထား ရတဲ့သူတွေလည်း ပါလာနိုင်ပါတယ်။ ဒါကြောင့်လည်း Inter-connected အပြန်အလှန် ဆက်စပ်နေကြတယ် ပြောတာပါ။

🔳 ပြင်သစ်ဇာတ်ကားမို့ ခရစ်ယာန်ဘာသာ ဖြစ်နေပေမဲ့ ကျွန်တော်တို့ဆီမှာလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့ရဲ့ ဒီလိုလုပ်ရပ်တွေ ရှိနေပါတယ်။ အားလုံးလည်း ကြားဖူး၊ မြင်ဖူးကြမှာပါ။ တဆက်တည်းမှာ လူတွေရဲ့ တုံ့ပြန်ပုံကိုလည်း အကဲခတ်ကြည့်ပါ။ “ဘုန်းကြီးက ဒါမျိုးလုပ်ပါ့မလား” ဆိုပြီး မယုံတာကနေ စလို့၊ “နင်တို့က ဘုန်းကြီးရှေ့ ဘယ်လိုသွားနေနေလဲမှ မသိတာ” ဆိုပြီး အပြစ်တင်တာအလယ်၊ “ဒါတွေ ထုတ်ဖော်ပြောရင် ဘာသာသာသနာကို အကြည်ညိုပျက်လာလိမ့်မယ်” ဆိုပြီး ဖုံးဖိထားလိုက်တာအဆုံး မြင်တွေ့ရပါလိမ့်မယ်။

ဒီအခါ ဘုန်းကြီးဆိုတဲ့ Power ကို Abuse လုပ်ဖို့ရာ သိပ်လွယ်သွားပါတယ်။ ဘုရားမှာ ရွှေလာချ၊ လန်ခရူဇာ လာလှူတဲ့ ဒကာမတွေကိုတော့ မလုပ်ဘူးပေါ့။ မွေးစားဖို့ဆိုပြီး ခေါ်ထားတဲ့ မိဘမဲ့ကလေးတွေ၊ ခရစ်ယာန်က သီလရှင်တွေလိုတောင် ဘာသာရေးက ပေးတဲ့ အခွင့်အရေးရော၊ ကိုးကွယ်သူတွေဆီက လေးစားမှုပါ မရကြရှာတဲ့ ပန်းရောင်ဝတ် သီလရှင်ကလေးတွေအပေါ်မှာတော့ အနိုင်ကျင့် အကြမ်းဖက်တော့တာပေါ့။ Power ချင်းက သိပ်ကွာနေတာကိုး။

ဒီပြဿနာက ခုခေတ်အထိကို နိုင်ငံအနှံ့အပြားမှာ အနည်းနဲ့အများသာ ကွာမယ်၊ ရှိနေကြဆဲ ဖြစ်ပါတယ်။ နာမည်ကျော်တွေ၊ လူအထင်ကြီး လေးစားခံရသူတွေရဲ့ အဓမ္မလုပ်ရပ်တွေပေါ့။ လူတွေရဲ့ မျက်ကန်းအချစ်နဲ့ ကာကွယ်ပေးမှုမှာ ဘာသာရေးပါ နွယ်လာရင်တော့ အဆိုးဆုံး အခြေအနေထိကိုပါ ရောက်သွားတတ်ပါတယ်။

🔳 ဒီဇာတ်လမ်းထဲက နောက်ဆုံးတစ်ဦးကတော့ အိမ်ထောင်ရှင်မ။ လင်ယောက်ျားက ရှေ့တန်းထွက်ဖို့ အကြောင်းဖန်လာတော့ သူက စီးပွားရေးလုပ်ငန်းကို လက်လွှဲယူလိုက်ရတယ်။ ဒီနေ့ခေတ်လိုဆို သိပ်မထူးဆန်းပေမဲ့ အဲဒီခေတ်ကတော့ အမျိုးသမီးတစ်ယောက်က လုပ်ငန်းကို ဦးဆောင်တယ်ဆိုတာ အတော်ရှားရှား။ အမြင်လည်း မတင့်တယ်ဘူး။ ယောက္ခမကလည်း မကြည်ဘူး။ ဝန်ထမ်းတွေကလည်း မယုံဘူး။ Customer တွေကလည်း အားမပေးဘူး။ အဲဒီကြားထဲကနေမှ မတူကွဲပြားတဲ့ အိုင်ဒီယာတွေနဲ့ သူ့ယောက်ျားရဲ့ လုပ်ငန်းကို ပြိုလဲမသွားအောင် ကျားကန်ပေးခဲ့တယ်။

🔳 ဒီ ၄ ယောက်မှာ လက်နက်ကိုင်ပြီး ထွက်တိုက်တဲ့သူတော့ တစ်ယောက်မှ မပါဘူး။ နှစ်ယောက်က စစ်ဆေးရုံမှာ အလုပ်လုပ်တယ်။ သူနာပြုအဖြစ်နဲ့ ဆေးကုတယ်။ သီလရှင်အဖြစ်နဲ့ လူနာတွေကို စောင့်ရှောက်တယ်။

နောက်နှစ်ယောက်မှာ တစ်ယောက်က ယောက်ျားရဲ့ ကားလုပ်ငန်းကို ဆက်ခံတယ်။ ထုတ်နေကျ ကားတွေအစား လူနာတင်ယာဉ်တွေအဖြစ် အသွင်ပြောင်းပစ်လိုက်တယ်။ အဲဒီ Ambulance တွေကို၊ ဆစ်ဖလစ်ပိုးတွေ့လို့ ဆိုပြီး Brothel ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ပြည့်တန်ဆာတွေက မောင်းတယ်။ ဟိုစစ်သားရဲ့ အမေက ဒီအုပ်စုရဲ့ ဦးဆောင်သူပေါ့။ သူ့မှာက ပိုးမတွေ့ရဘူး။ ဒီလိုအလုပ်ထုတ်တာ မဖြစ်သင့်ဘူး ဆိုပြီး သူပါ အလုပ်ထွက်လာခဲ့တာ။ အဖိနှိပ်ခံတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်တာပေါ့။

ပြောရရင် ခက်ခဲကြမ်းတမ်းလှပါတယ် ဆိုတဲ့ စစ်ပွဲအတွင်းမှာ ဖိုဝါဒရဲ့ ဖိနှိပ်မှုတွေကို အံတုရင်း တတ်နိုင်တဲ့ နေရာကနေ စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

🔳 လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးမှာတော့ အမျိုးသမီးတွေ ပါဝင်နေတဲ့ အခန်းကဏ္ဍက ဒီထက် အများကြီး ပိုပါတယ်။ ခေတ်စနစ်တွေလည်း မတူတော့လို့ လုပ်နိုင်စွမ်းရော၊ လုပ်ဖို့အခွင့်အရေးရောက တခြားစီ ဖြစ်သွားပြီကိုး။ လက်နက်ကိုင်တဲ့သူ ကိုင်တယ်။ ထောက်ပို့လုပ်တဲ့သူ လုပ်တယ်။ ဆေးကုတဲ့အထဲမှာလည်း ပါတယ်။ စာသင်တဲ့အထဲမှာလည်း ပါတယ်။ Click လုပ်တဲ့အထဲမှာလည်း ပါတယ်။ ရေးမယ်ဆို ရေးမကုန်နိုင်အောင် ရှိပါတယ်။

ဒီအမျိုးသမီးတွေဟာ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့နေရသလို၊ စစ်ရဲ့ ဘေးထွက်သက်ရောက်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ တစ်ဖက်မှာလည်း ဖိုဝါဒရဲ့ ကန့်သတ်မှု၊ ဖိနှိပ်မှုတွေကိုလည်း ကြံ့ကြံ့ခံ တွန်းလှန်နေရပြန်တယ်။ ရန်သူက နှစ်မျိုး၊ ပြဿနာက နှစ်ခု၊ အတားအဆီးက နှစ်သွယ်လို့ ဆိုရမှာပါ။

🔳 သတ္တိရှိလှပါချည်ရဲ့ ဆိုတဲ့ ယောက်ျားဘသားများ တစ်ခါကြားရင် တစ်နှစ်လောက် ညအိပ်မပျော် ဖြစ်သွားနိုင်မဲ့ ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်သံတွေကြား အပြုံးမပျက် တော်လှန်နေတဲ့ အမျိုးသမီးတွေကို ဘယ်သူကများ အားနွဲ့တယ်၊ သတ္တိမရှိဘူး၊ ပျော့ညံ့တယ် သတ်မှတ်ကြပါလိမ့်။ ကျွန်တော်ဖြင့် မတွေးတတ်တော့အောင်ကိုပဲ ဖြစ်မိပါတယ်။

ဉာဏဗလ
၁၈.၈.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …

နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။

အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။

❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်




5 responses to “စစ်အတွင်းက အမျိုးသမီးများ ( ဉာဏဗလ )”

  1. ဆရာရေ အရေးအသားက မိုက်နေရော ယူကြုံးမရ ခံပြင်းစိတ်တွေလည်း ဖြစ်မိပါတယ်

    Like

Leave a comment