The PDF Game အကြောင်း BBC က ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဘာသာစကား အခက်အခဲ ရှိသူတွေလည်း ဖတ်နိုင်အောင်ရယ်၊ ဂိမ်းဆော့ရင်း တော်လှန်ကြတဲ့သူတွေလည်း အားတက်ကြရအောင် ရည်ရွယ်ပါတယ်။
ဘာသာပြန်သူ – ဒေါက်တာ ဖြိုးသီဟ
၂၉.၈.၂၀၂၃

🔷 ️🔷️ 🔷 ️🔷️ 🔷️ 🔷️ 🔷️
“The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း”
🔳 ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် သူငယ်ချင်းဖြစ်သူနဲ့ သူ့အမျိုးသမီး ကိုယ်ဝန်သည်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီအချိန်ဟာ ကိုတွတ်အနေနဲ့ သူ့ရဲ့ နည်းပညာကျွမ်းကျင်မှုကို အသုံးချပြီး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့အချိန် ဖြစ်ပါတယ်။
သူ ဖန်တီးထားတဲ့ မိုဘိုင်းဂိမ်းဟာ အပြင်က တကယ့်အဖြစ်အပျက်တွေကို အခြေခံထားတယ်။ မြန်မာပြည်သူတွေ ကြားထဲမှာ ရေပန်းစားခဲ့ပြီး အာဏာသိမ်းစစ်တပ်ကိုလည်း အရှိုက်ထိစေခဲ့တယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေပေါင်းများစွာကိုလည်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။
“သူတို့ဘဝတလျှောက်လုံးမှာ ပြစ်မှုလေး တစ်ခုတလေလောက်တောင် မလုပ်ခဲ့ဖူးတဲ့သူတွေပါဗျာ”
ကိုတွတ်က သူ့သူငယ်ချင်းစုံတွဲအကြောင်း ပြောပြတယ်။
အဖမ်းခံရပြီးနောက်ပိုင်း သူတို့ ဘာတွေဆက်ဖြစ်သွားလဲ ကိုတွတ် မသိခဲ့ဘူး။ ဖမ်းပြီး နောက်တစ်ရက်မှာ အမျိုးသမီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ပြီး ကိုတွတ်သူငယ်ချင်းကတော့ တစ်နှစ်ခွဲလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မကြာသေးခင်ကမှ ဘီဘီစီမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
🔳 နောက်ဖြစ်စဉ်တစ်ခုကိုလည်း ကိုတွတ်က ပြောပြပါတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ သူ့သူငယ်ချင်းကို သွားဖမ်းတဲ့အခါ ကာယကံရှင်ကို မတွေ့တာကြောင့် အမျိုးသမီးဖြစ်သူကိုရော မွေးကင်းစ သမီးလေးကိုပါ ဖမ်းသွားတယ် ဆိုတဲ့သတင်းပါ။ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း ဘယ်လိုစုံစမ်းလို့မှ မသိခဲ့ရဘူး။
“စဉ်းစားကြည့်ဗျာ၊ ဒီလောက် ငယ်ရွယ်တဲ့ ကလေးလေးတစ်ယောက်က ဒီလိုညစ်ပတ်ပြီး စိတ်ဒုက္ခတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာ နေခဲ့ရတာ။ ခင်ဗျားရဲ့ ကလေးသာဆို ဘယ်လိုခံစားရမလဲ။ အဲဒါကို တွေးလိုက်တိုင်း ကျွန်တော် သွေးတွေ ဆူပွက်လာတဲ့အထိကို ဒေါသဖြစ်ရတယ်။”
ဒါကြောင့်ပဲ အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ကိုတွတ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ပြီး ဒီဂိမ်းကို စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ကိုတွတ်က လုံခြုံစိတ်ချရတဲ့ Application တစ်ခုကတဆင့် ဘီဘီစီနဲ့ စာပို့ဆက်သွယ်ခဲ့တာပါ။ သူ့ရဲ့ တည်နေရာကိုလည်း မသိရပါဘူး။ ကိုတွတ်ဆိုတာကလည်း လုံခြုံရေးအတွက် သူ အသုံးပြုတဲ့ နာမည်ဝှက် ဖြစ်ပါတယ်။
🔳 စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ဒီကာလအတွင်းမှာ လူပေါင်း ၄ ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂကတော့ ဒီထက်တောင် အများကြီး ပိုနိုင်သေးတယ်လို့ ဆိုထားပါတယ်။
ကျဆုံးသွားတဲ့ စစ်သားအရေအတွက်ကို သိနိုင်ဖို့က ခက်ခဲပါတယ်။ စစ်တပ်ကလည်း သူတို့ဘက်မှာ အကျအဆုံးတွေ ရှိတယ် ဝန်ခံထားပေမဲ့ ဦးရေအတိအကျကိုတော့ မထုတ်ပြန်ပါဘူး။ အဝေးရောက် အမျိုးသားညီညွှတ်ရေး အစိုးရကတော့ စစ်သား ၂ သောင်းကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ဖြစ်တယ် ဆိုပေမဲ့ ဘီဘီစီအနေနဲ့ ဒါကို အတည်ပြုနိုင်ခြင်း မရှိပါဘူး။
🔳 ကိုတွတ်ရဲ့ ဒီဂိမ်းကို ဖန်တီးရတဲ့ ရည်ရွယ်ချက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအတွက် လက်နက်နဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူများများ ပိုသတိထားမိဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။
“ကျွန်တော်တို့အတွက် နိုင်ငံတကာ အကူအညီရော၊ မီဒီယာတွေမှာ ဖော်ပြခံရမှုအပိုင်းမှာပါ ယူကရိန်းထက်စာရင် အတော်လေးကို နည်းပါးနေတယ်” လို့ ကိုတွတ်က ပြောပါတယ်။
🔳 သူ့ရဲ့ The PDF Game ကို ၂၀၂၂ အစောပိုင်းမှာ စတင်ခဲ့တာပါ။
အခမဲ့ Download လုပ်လို့ရတယ်။ ဆော့တဲ့သူတွေက ဂိမ်းထဲမှာပါတဲ့ ကြော်ငြာတွေကို ကြည့်ရင် ပိုက်ဆံရပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း ဒေါ်လာ ၅ သိန်း ၈ ထောင်လောက် ရခဲ့ပြီး ဖြစ်တယ်လို့ ကိုတွတ်က ခန့်မှန်းပါတယ်။
အခုဆိုရင် တစ်လကို ဒေါ်လာ ၇ သောင်းနဲ့ ၈ သောင်းကြား ဝင်ငွေရှိနေပြီး လစဉ်လတိုင်း ကြော်ငြာငွေတွေ တိုးလာနေတယ်လို့လည်း ဆိုပါတယ်။
🔳 ကစားတဲ့သူတွေက ပြည်သူ့ကာကွယ်ရေး တပ်သားတွေအဖြစ်နဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ကြရတာပါ။ အပြင်မှာ တကယ်ရှိတဲ့ စစ်ဆင်ရေးတွေအတိုင်းပဲ ဆော့ကြရတာ ဖြစ်ပါတယ်။
စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တကယ့်တော်လှန်ရေးထဲက လူတွေကို အခြေခံပြီး ဇာတ်ကောင်တွေကို ဖန်တီးထားတာလို့ ကိုတွတ်က ပြောပါတယ်။ အဲဒီထဲမှာ ဆရာဝန်တွေ၊ မွတ်စလင်တွေနဲ့၊ လိင်စိတ်တိမ်းညွှတ်မှု မတူကွဲပြားတဲ့ LGBT အသိုင်းအဝိုင်းထဲက လူတွေလည်း ပါပါတယ်။
သူတို့က တကယ့်စစ်ပွဲမှာ တိုက်နေကြတဲ့သူတွေမို့ သေချာမှတ်တမ်းတင်ထားဖို့ သိပ်အရေးကြီးတယ်လို့လည်း ကိုတွတ်က ဆိုပါတယ်။
🔳 ထိရှလွယ်တဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ Google နဲ့ Apple တို့ရဲ့ မူဝါဒတွေကြောင့် ပြဿနာတွေ အများကြီး ရင်ဆိုင်ဖြေရှင်းခဲ့ရပေမဲ့ ဒီဂိမ်းကို ကုမ္ပဏီနှစ်ခုလုံးရဲ့ App Store တွေမှာ အခမဲ့ ရယူနိုင်အောင် ကိုတွတ်အနေနဲ့ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။
Google မှာ “War of Heroes – The PDF Game” လို့ နာမည်ပြောင်းပေးခဲ့ရတယ်။ ထိရှိလွယ်တဲ့ အဖြစ်အပျက်တွေကနေ ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ App တွေ၊ ဒီလိုကိစ္စတွေကို လုံး၀ အလေးမထားတဲ့ App တွေဆို Google ဘက်က ခွင့်မပြုပါဘူး။ ဂိမ်းထဲမှာ ပါတဲ့ အကြောင်းအရာတွေက အသုံးပြုတဲ့သူတွေကို လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတိဝင်စေတယ်၊ အသိရှိစေတယ်ဆိုရင်တော့ ခွင့်ပြုပေးပါတယ်။
Apple နဲ့လည်း ဒီလိုပြဿနာမျိုး ကြုံခဲ့ရပါတယ်။ ဂိမ်းထဲက ရန်သူတွေဟာ အစိုးရတစ်ရပ်၊ စီးပွားရေးလုပ်ငန်းတစ်ခု၊ ဒါမှမဟုတ် အပြင်မှာ တကယ်ရှိနေတဲ့ အစုအဖွဲ့တစ်ခုခုကို လုံးလုံးလျားလျား ပစ်မှတ်ထားတာမျိုး မဖြစ်ရဘူး ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်ရာ ရောက်သလို၊ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီမူဝါဒနဲ့လည်း ငြိစွန်းနေတယ်လို့ Apple ဘက်က အကြောင်းပြပြီး ဒီဂိမ်းကို ဖယ်ရှားလိုက်တာပါ။
ဂိမ်းထဲက စစ်ဆင်ရေးတချို့ကို ဖြုတ်ပစ်လိုက်ပြီး ပြန်လည်ပြင်ဆင်မှုတွေ လုပ်လိုက်တော့မှ ပြန်တင်လို့ ရသွားခဲ့တာ ဖြစ်ပါတယ်။
“အဲဒါက တကယ့်သတင်းကောင်းပါပဲ၊ ဝင်ငွေတွေ ပိုရလာဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါပြီ” လို့ ကိုတွတ်က ပြောပါတယ်။
🔳 ဒီဂိမ်းက အာဏာသိမ်းစစ်တပ်ကိုလည်း အကြီးအကျယ် ဒေါသထွက်စေခဲ့တယ်။ The PDF game ကို ဆော့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ် ဆိုပြီး နိုင်ငံပိုင်မီဒီယာတွေကတဆင့် ဧပြီလမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အဝေးရောက် အမျိုးသားညီညွှတ်ရေးအစိုးရလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းကနေ PDF တွေကို ထောက်ပံ့ဖို့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး တပ်မတော်အပေါ် အယုံကြည်ကင်းမဲ့အောင်၊ ဆန့်ကျင်လိုစိတ်တွေ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
🔳 စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေက ကိုတွတ်အပေါ်တော့ ဘာမှသက်ရောက်မှု မရှိခဲ့ပါဘူး။ “သူတို့ ဘာပြောပြော ကျွန်တော်က ဂရုကိုမစိုက်တာ” လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို ချေမှုန်းဖို့ နည်းပညာကို အသုံးချပြီး ကြိုးစားနေကြတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“ဒါကို ပိတ်ဆို့နိုင်ဖို့ သူတို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ ရှေ့ဆက်နိုင်နေတုန်းပဲ။ ဒီဂျစ်တယ်နည်းပညာကို သုံးပြီး တော်လှန်နေတာကို သူတို့ ဘယ်နည်းနဲ့မှ ရပ်တန့်လို့ရမှာ မဟုတ်ပါဘူး။”
🔳 ဒီဂိမ်းကို အကြိမ်ရေ ၁ သန်းနီးပါး Download လုပ်ပြီးပြီလို့ ကိုတွတ်က ပြောပါတယ်။ (Google Play မှာတော့ အကြိမ်ရေ ၅ သိန်းကျော်လို့ ဖော်ပြထားပြီး Apple ကတော့ အရေအတွက်နဲ့ ပတ်သက်လို့ ဘာအချက်အလက်မှ ပြမထားပါဘူး။)
ဝင်ငွေတွေက သူခန့်မှန်းတာထက် ပိုများနိုင်တယ်လို့ ကိုတွတ်က ယူဆပါတယ်။ လူနည်းနည်းနဲ့ပဲ အလုပ်လုပ်ရတာမို့ ငွေတချို့ လက်ထဲရောက်လာဖို့မှာ အချိန်စောင့်ရတတ်လို့ပါ။
ဒီငွေကြေးတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ လွှဲပို့ပေးလိုက်ပြီး ရိက္ခာ၊ လက်နက် စတာတွေအပြင် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရတဲ့ ကလေးတွေနဲ့ စစ်ပွဲမှာ ဒဏ်ရာရသွားတဲ့ ရဲဘော်တွေအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးတဲ့နေရာမှာပါ အသုံးပြုနေပါတယ်။
“ကာကွယ်ရေးအဖွဲ့တွေဆီ ငွေပဲ ထောက်ပံ့တာပါ၊ ဘယ်နေရာမှာ သုံးရမယ်လို့တော့ ကျွန်တော် မပြောပါဘူး၊ သူတို့ လိုအပ်သလို စီမံနိုင်ပါတယ်။”
🔳 ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ရေး ဆင်နွှဲလာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိခဲ့တယ်။ အများမျှော်လင့်ထားတာထက် ပိုအားကောင်းတဲ့ တပ်ဖွဲ့တွေ ဖြစ်လာခဲ့ပြီး မြန်မာစစ်တပ်အနေနဲ့ နေရာဒေသ တော်တော်များများကို ထိန်းချုပ်ခွင့် လက်လွှတ်ခဲ့ရပါတယ်။
ဘဏ္ဍာရေး အထောက်အပံ့နဲ့ လက်နက်ဝယ်ယူဖို့ အဆက်အသွယ်တွေ ရှားပါးခက်ခဲနေတဲ့ အခြေအနေမျိုးမှာ အောက်ခြေပြည်သူလူထုရဲ့ ပံ့ပိုးမှုနဲ့ပဲ ဒီတပ်ဖွဲ့တွေအတွက် လက်နက်အပါအဝင် တခြားသော ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့ပါတယ်။ တစ်နေ့တခြား ပြင်းထန်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပြည်သူတွေရဲ့ အားက အဓိကအကျဆုံးပါပဲ။
🔳 သူလုပ်နေတာတွေကို ရပ်ပစ်လိုက်ဖို့ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ဖူးတယ်လို့လည်း ကိုတွတ်က ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတာမို့ ဒီတော်လှန်ရေးမှာ ဆက်လက်ပြီး ပါဝင်ကူညီဖြစ်နေတာလို့ ဆိုတယ်။
“ဒီဂိမ်းက အလားအလာတွေ အများကြီး ရှိပါတယ်။”
တစ်လကို ဒေါ်လာ ၁ သန်းလောက်ထိ ထောက်ပံ့နိုင်ဖို့ သူမျှော်လင့်ထားတယ်လို့လည်း ဖြည့်စွက်ပြောပါသေးတယ်။
“ဒီပိုက်ဆံတွေက အကူအညီတွေ အသည်းအသန် လိုနေတဲ့ မြန်မာပြည်သူတွေအတွက် အထောက်အပံ့ ဖြစ်မယ် မျှော်လင့်ပါတယ်။”
ဘာသာပြန်သူ – ဒေါက်တာ ဖြိုးသီဟ
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်
3 responses to “The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း ( BBC ဆောင်းပါး )”
Nice creation!
Good idea I respect to you.
LikeLike
Thank you so much.
LikeLike
ကျေးဇူးပါ အောင်မြင်ပါစေ
LikeLike