​ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံ​ရေး​တွေ ဖြစ်​စေဖို့ ( ဉာဏဗလ )

“​ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံ​ရေး​တွေ ဖြစ်​စေဖို့”

🔳 ဒီတစ်ခါလည်း Feel-good movie တစ်ခုအကြောင်း ထပ်ရေးချင်ပါတယ်။ နာမည်က “The Fundamentals of Caring” တဲ့။

Duchenne Muscular Dystrophy (DMD) လို့ ခေါ်တဲ့ ထူးဆန်းတဲ့ ကြွက်သားရောဂါတစ်ခု ခံစားနေရတဲ့ ကောင်လေးနဲ့၊ သူ့ကို ပြုစုပေးတဲ့ အမျိုးသားတစ်ယောက်ကြားထဲက ဇာတ်လမ်းလေး။ ရယ်လည်း ရယ်ရတယ်။ ကြည်နူးစရာလည်း ကောင်းတယ်။

🔳 အရင်ဆုံး ဆေးပညာဗဟုသုတလေး စပြောမယ်။ ဇာတ်လမ်းများ ကြည့်ဖြစ်ရင် ပိုနားလည်တာပေါ့။ အဲဒီရောဂါက မျိုးဗီဇကြောင့် ဖြစ်တာပါ။ ယောက်ျားလေးတွေမှာပဲ အဖြစ်များတယ်။ X Chromosome မှာ ပြဿနာ ဖြစ်တာပေါ့။ မိန်းကလေးတွေမှာ ဖြစ်တာတော့ သိပ်ရှားတယ်။ ကြွက်သားဆဲလ်တွေအတွက် လိုအပ်တဲ့ ပရိုတိန်းဓါတ်တစ်မျိုးမှာ ပြဿနာ ဖြစ်နေတာ။ ဒီအခါ ကြွက်သားတွေက အားမကောင်းတော့ဘူး။

မွေးပြီး ၂ နှစ်၊ ၃ နှစ်လောက်မှာကို စသိနိုင်တယ်လို့ ဆိုပါတယ်။ ကလေးက လမ်းမလျှောက်နိုင်ဘူး။ မတ်တပ်မရပ်နိုင်ဘူး။ မပြေးနိုင်ဘူး။ မခုန်နိုင်ဘူး။ အများအားဖြင့် ခြေထောက်တွေကနေ အရင်စတာ။ နောက်မှ အပေါ်ကို တဖြည်းဖြည်း တက်လာတယ်။ လက်တွေပါ မလှုပ်နိုင်တော့ဘူး။ နှလုံးနဲ့ အဆုတ်ကြွက်သားတွေထိပါ ပြဿနာပေးတယ်။ အဲဒါကြောင့်ပဲ သေဆုံးကြတာလည်း များတယ်။

အသက် ၂၀ လောက်ထိ နေနိုင်တာတောင် ခပ်ရှားရှား။ ဒီဘက်နောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာလို့ အသက် ၃၀ လောက်ထိ နေနိုင်လာကြတယ် သိရပါတယ်။

အရှင်းပျောက်အောင် ကုလို့ မရသေးဘဲ၊ ရောဂါခံစားနေရတာတွေ သက်သာအောင်ပဲ လုပ်ပေးလို့ရတယ်။ ဥရောပနဲ့ မြောက်အမေရိကမှာတော့ လူ ၁ သိန်းမှာ ၆ ယောက်နှုန်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

🔳 ဒီဇာတ်ကားထဲက ထရီဗာဆိုတဲ့ ကောင်လေးက အသက် ၁၈ နှစ်။ အဲဒီရောဂါ ခံစားနေရတယ်။ သူ့အသက် ၃ နှစ်မှာ စသိတယ်။ အဲဒီကတည်းက အဖေက ပစ်သွားလို့ အမေနဲ့ပဲ အတူတူနေရတယ်။ သူ့အတွက် အနီးကပ် ပြုစုပေးဖို့ Caregiver တစ်ယောက် အမြဲလိုတယ်။ ခေါ်သမျှကလည်း မမြဲဘူး။ မမြဲဆို ပြုစုရတာကလည်း ပင်ပန်းတဲ့အပြင် သူ့ရဲ့ စိတ်ကလည်း အချဉ်ပေါက်နေတော့ ပြဿနာမျိုးစုံ ရှာတာကိုး။

စဉ်းစားကြည့်။ လူငယ်ကလည်း လူငယ်။ ဆယ်ကျော်သက်။ ဒီအခြေအနေကြီးကို ဘယ်လောက်တောင် စိတ်ပျက်နေလိုက်မလဲ။

🔳 အဲဒီအချိန်မှာ ဘန်ဆိုတဲ့လူက အလုပ်လာလျှောက်တယ်။ သူ့သားနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရှိတဲ့သူ။ အသေးစိတ်ကိုတော့ ဇာတ်ကားထဲကျမှ ကြည့်။ မိန်းမနဲ့လည်း ကွဲထားတယ်။ အဲဒါနဲ့ Caregiver လုပ်ဖို့ ရက်တိုသင်တန်းလေး တက်ပြီး အလုပ်လာလျှောက်တာ။ အစက အဲဒီလောက် ခက်ခဲမယ် မထင်ဘူး။ ဒါပေမဲ့ အလုပ်ကလည်း လိုနေတော့ ဆက်လုပ်နေရတာပေါ့။

သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်လေးတွေ၊ တစ်ယောက်ရဲ့ အဖေနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာ၊ တစ်ယောက်ရဲ့ သားနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကျော်လွှားသွားကြတယ် ဆိုတာတွေကို ကြည့်ရပါလိမ့်မယ်။

🔳 အဓိက တွေးမိလိုက်တာလေးကတော့ Boundary ဆိုတာပဲ။

အနောက်တိုင်းက ဆက်ဆံရေးတွေဟာ မိဘနဲ့ သားသမီးဖြစ်ဖြစ်၊ သမီးရည်းစား၊ အိမ်ထောင်ဖက်ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ အခုကားထဲမှာဆို လူနာနဲ့ Caregiver ပေါ့။ ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားကြတယ်။ အဲဒါကို အခြေခံပြီးမှ တစ်ဖက်နဲ့တစ်ဖက် စည်းနှောင်မှု လုပ်တယ်။

ကျွန်တော်တို့ အရှေ့တိုင်းဘက်ကလို တအားကြီး ပူးကပ်ချုပ်နှောင်မထားဘူး။ ဒီမှာက မိဘဆိုလည်း သားသမီးကို တစ်သက်လုံး စောင့်ရှောက်မယ်။ သူပိုင်တယ်။ သားသမီးကလည်း မိဘကို မှီခိုမယ်။ ကြီးလာရင် ပြန်ပြီး ပြုစုစောင့်ရှောက်မယ်။ အိမ်ထောင်ပြုပြီဆိုလည်း ယောက္ခမနဲ့ ချွေးမ မတည့်တာတို့၊ ယောက္ခထီးနဲ့ သမက် မတည့်တာတို့ ရှိသေးတယ်။

ရည်းစားဖြစ်ပြီ ဆိုတာနဲ့ အလွန်အကျွံတွေ ကတိပေး။ အကုန်ဖြည့်ဆည်းပေး။ ကြာလာတော့မှ ပြောင်းလဲလာပြီး အဆင်မပြေတွေ ဖြစ်ကြ။ Privacy ဆိုတာကိုလည်း မသိ။ နားမလည်။ မလေးစား။ ဘောင်တွေကျော်။ သူငယ်ချင်းတွေ အလုပ်တွဲလုပ်ရင်လည်း အချင်းချင်းပဲ ဆိုပြီး စာချုပ်စာတမ်းနဲ့ သေချာမလုပ်။ နောက်ကျမှ ပြဿနာတွေဖြစ်။ ဒါမျိုးတွေပေါ့။

🔳 နှစ်ခုစလုံးမှာတော့ ကောင်းတာရော၊ မကောင်းတာပါ ရှိပါတယ်။ ဥပမာ အနောက်တိုင်းလို တစ်ဦးချင်းကို သိပ်အလေးထားတော့ အသက်တွေကြီးလာရင် အထီးကျန်တာ၊ အဖော်မဲ့တာတွေ ဖြစ်တယ်။ ဒီမှာတော့ အဖိုးအဖွားတွေက သားသမီး၊ မြေးမြစ်တွေနဲ့ တစ်စုတစ်စည်းတည်း နေကြတာမို့ အဲဒီပြဿနာ နည်းတယ်ပေါ့။

ဒါကြောင့် အလယ်အလတ်လမ်းစဉ်ကတော့ အကောင်းဆုံးပါပဲ။ ကောင်းတာယူ၊ မကောင်းတာပယ်ပေါ့။ ဒီတော့ ကျွန်တော်တို့ဓလေ့မှာ လိုအပ်နေတဲ့ Boundary ဆိုတာကို ဒီဇာတ်ကားကြည့်ရင်း အတုယူမိတယ်။



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



🔳 Caregiver တွေ လိုက်နာရမဲ့ ALOHA ဆိုတာ ရှိတယ်တဲ့။ “Ask – Listen – Observe – Help – Ask again” မေးပါ။ နားထောင်ပါ။ ကြည့်ပါ။ ကူညီပါ။ ပြန်မေးပါ။

ငါ သူ့ကို စောင့်ကြည့်ပြီး လိုတာအကုန်လုပ်ပေးလိုက်မယ် မဟုတ်ဘူးနော်။ မေးတာကနေ စတာ။ အဲဒါ သိပ်အရေးကြီးတယ်။

ကျွန်တော်တို့ဆို စဉ်းစားကြည့်။ မေးသလား။ မမေးဘူးနော်။ ကိုယ်ကပဲ ကောင်းမယ်ထင်တာ အကုန်လုပ်ပေးလိုက်တာပဲ။ ငယ်ငယ်ကတည်းက မိဘတွေကရော ဘာများမေးသလဲ။ မမေးဘူး။ ဒါ ဝတ်ဆို ဝတ်ပဲ။ ပါးကွက်ကွက် ဆို ကွက်။ ဒါ စားဆို စား။ မိဘက ကောင်းစေချင်လို့ စီစဉ်တာဆိုတာက ပါသေး။ တစ်ဖက်လူက ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ၊ လိုချင်မှန်းမသိ၊ မလိုချင်မှန်းမသိ အကုန်လုပ်ပေးနေတော့တာ။

ကျွန်တော် အမြဲဥပမာပေးသလိုဆို ငါးပိရည် မကြိုက်တဲ့သူကို ဒီငါးပိကလေ ဘယ်ဒေသက ငါးနဲ့ လုပ်ထားတာ၊ သိပ်ကောင်းတာပဲ ဆိုပြီး လာကျွေးနေသလိုမျိုးပဲ။

စေတနာတော့ စေတနာ။ ဒါပေမဲ့ တစ်ဖက်မှာက ဝေဒနာ ဖြစ်သွားတယ်။ လုပ်ပေးရသူလည်း ငွေကုန်၊ လူပင်ပန်း။ ယူရသူမှာလည်း စိတ်ဖိစီး။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဒါကြောင့် မေးတာ၊ နားထောင်တာက သိပ်အရေးကြီးတာနော်။ Consent is everything ပါပဲ။

🔳 နောက်ပြီး ထပ်ပြောသေးတယ်။ Caregiver အဖြစ်နဲ့ ကြာရှည်ရပ်တည်ချင်ရင် သေချာမှတ်ထားပါတဲ့။ “ကိုယ့်ကိုယ်ကိုယ် Care မလုပ်သရွေ့ သူများကိုလည်း Care လုပ်နိုင်မှာ မဟုတ်ဘူး” ဆိုတာလေး။

ဒါလည်း ပြောမယ်ဆို Boundary ပဲ။ အဲဒီလို မရှိတဲ့အခါ မရဘူး၊ ငါ လုပ်ပေးမှဖြစ်မယ်၊ ငါနားလို့မရဘူး၊ နားလိုက်ရင်ပဲ၊ ကိုယ့်အတွက်ကိုယ် အချိန်ပေးလိုက်ရင်ပဲ အပြစ်ရှိသလို ခံစားလာရတယ်။ ဒီတော့ ကိုယ့်အတွက်လည်း မကောင်း။ ကိုယ့်ဂရုစိုက်ပေးရမဲ့ လူအတွက်လည်း မကောင်းဘူး။

မိဘအုပ်ထိန်းသူတွေကနေစလို့ ဆရာဝန်၊ သူနာပြုအလယ် အခုတော်လှန်ရေးမှာ ပါဝင်နေကြတဲ့သူတွေအထိ ဒီ Fundamentals of Caring ကို နားလည်ထားဖို့ လိုတယ်။

“To give care, but not care too much.”

ဂရုစိုက်မှုပေးပါ။ ဒါပေမဲ့ လိုတာထက်လည်း ပိုပြီး အလွန်အကျွံတွေ လုပ်မပေးပါနဲ့တဲ့။ ကျွန်တော်တို့အားလုံး သတိထားသင့်တဲ့ အချက်ပါ။

မိဘအုပ်ထိန်းမှုဆိုလည်း ကလေးကို အကုန်လိုလေသေးမရှိ လိုက်လုပ်ပေးနေမယ်၊ ကိုယ်ကောင်းမယ် ထင်တာပဲ လုပ်ပေးနေမယ်ဆို ကလေးအတွက် အဆင်မပြေဘူး။ လောင်းရိပ်မိသွားမယ်။ မိဘအပေါ်ပဲ တစ်သက်လုံး မှီခိုချင်လာလိမ့်မယ်။

သမီးရည်းစား ဆက်ဆံရေးမှာ ကိုယ်ရေရှည်မလုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်သယောင် ဟန်ဆောင်လိုက်ရင်၊ ကတိပေးလိုက်ရင် နောင်တစ်ချိန်လည်းကျရော၊ ပြဿနာလှလှ တက်တော့မှာပဲ။ တစ်ဖက်ကလည်း သူ ရနေတဲ့အရာကို အမြဲရသွားလိမ့်မယ်လို့ ထင်လာတယ်။ တစ်ဖက်ကလည်း ထပ်မပေးနိုင်တော့ဘူး။

🔳 ဒီဇာတ်ကားထဲမှာဆို ဘန် အလုပ်လာလျှောက်တော့ ထရီဗာရဲ့အမေက ဘာပြောလဲဆို ငါ့သားနဲ့ အရမ်းရင်းနှီးအောင် မနေပါနဲ့တဲ့။ မလုပ်ပေးနိုင်တဲ့ ကတိတွေကိုလည်း မပေးပါနဲ့တဲ့။

ဘာလို့ဆို သူက သိတယ်လေ။ ဒီလူလည်း ကြာရှည်မခံဘူး ဆိုတာ။ အဲဒီတော့ သူ့သားမှာ ခံစားနေရမယ်ပေါ့။ သားဖြစ်သူကလည်း အပြင်ပန်းအရသာ ပေါက်ကွဲနေသယောင် ရှိပေမဲ့ အတွင်းထဲကျတော့ လူခင်တာကိုး။ သူ့မှာ တခြားအပေါင်းအသင်းမှ မရှိတာ။ RS တစ်ခု စမယ်ဆိုကတည်းက ရေရှည်မသွားနိုင်တာ သေချာနေတာမို့ Boundary ကန့်ထားလိုက်တာလေးက အတော်သဘောကျဖို့ ကောင်းတယ်။

🔳 ဇာတ်လမ်းအဆုံးမှာလည်း အဲဒီလိုပဲ။ နှစ်ယောက်သား ခင်သွားကြတယ်။ မြန်မာကားလိုသာဆို ဘန်က တစ်သက်လုံး ထရီဗာ့နားမှာပဲ Caregiver လုပ်သွားလေသတည်းလို့ ရိုက်ရင်ရိုက်မှာ။

သူတို့ကျ အဲဒီလို မဟုတ်ဘူး။ ရင်ထဲက စိတ်ဒဏ်ရာတွေ ပြေလည်သွားအပြီးမှာ ဘန်က အလုပ်ထွက်လိုက်တယ်။ ဒီအလုပ်က သူ့ပင်မအလုပ်မှ မဟုတ်တာပဲ။ လမ်းပျောက်ပြီး လေလွင့်နေတုန်း ခဏတဖြုတ် ပိုက်ဆံရဖို့ လုပ်တာကိုး။ ဒီတော့ သူ့နဂိုအလုပ်ဖြစ်တဲ့ စာရေးခြင်းကို ပြန်လုပ်တယ်။ သူနဲ့ ထရီဗာအကြောင်းကို ဇာတ်အိမ်တည်လိုက်တယ်။ ထရီဗာကတော့ နောက်ထပ် Caregiver တစ်ယောက်နဲ့ပေါ့။ သူတို့ချင်း စာအဆက်အသွယ် ရှိတယ်။ မိတ်ဆွေတွေအဖြစ် ဆက်နေသွားကြတယ်။

Boundary တစ်ခု ရှိထားတဲ့အခါမှာ RS တွေက အရမ်းလည်း မပင်ပန်း၊ အကျည်းတန်စွာနဲ့လည်း လမ်းမခွဲရတော့ဘဲ လှလှပပကလေးတွေ တစ်ခန်းရပ်နိုင်သွားတယ်။ ရှေ့ဆက်နိုင်သွားတယ်။ ဒါကြောင့် ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို ဘောင်ဟာ အရေးကြီးပါတယ်။

🔳 အချစ်ဇာတ်ကား Me Before You မှာလည်း အဲဒီလိုပဲလေ။ အဲဒီကားထဲက မင်းသားကတော့ အက်ဆီးဒင့်ဖြစ်ပြီး ခြေရော၊ လက်ပါ လှုပ်မရတော့တာ။ မင်းသမီးက Caregiver. ထုံးစံအတိုင်း ကြိုက်သွားကြတယ်။ မင်းသားက နောက် ၆ လနေရင် သူ့ကိုယ်သူ သတ်သေမယ် လုပ်ထားပြီးသား။ (Mercy killing ကို တရားဝင် ခွင့်ပြုတဲ့ ဆွစ်ဇာလန်ကို သွားပြီး သေမှာပေါ့။) နောက်မှ မင်းသမီးနဲ့ တွေ့တာ။

ကြည့်နေရင်းနဲ့ ထင်လိုက်တာ မင်းသားတော့ သတ်မသေလောက်တော့ဘူးပေါ့။ မင်းသမီးရဲ့ အချစ်တွေကြောင့် ဘဝရဲ့ အလင်းရောင်ကို ရှာတွေ့နိုင်ခဲ့ပြီ ဘာညာလာမယ် ထင်တာ။ ဘယ်ဟုတ်မလဲ။ သတ်သေတာပဲ။

ဘာလို့ဆိုတော့ စဉ်းစားကြည့်လေ။ အခု ချစ်နေတုန်းသာ။ ဒီလိုအခြေအနေကြီးကို ဒီမင်းသမီး ဘယ်လောက်သည်းခံနိုင်မှာတုံး။ သူက သည်းခံနိုင်တယ်ဆိုရင်ရော ယောက်ျားဖြစ်သူက အဆင်ပြေပါ့မလား။ ကိုယ့်ရဲ့ ဝန်ထုပ်ကြီးကို သူထမ်းထားရတာ။ တကယ်အပြင်မှာသာဆို ဒီယောက်ျားက အမြဲသဝန်တိုနေမယ်။ ငါ့နောက်ကွယ်မှာ ငါ့မိန်းမ ဖောက်ပြန်နေပြီလားလို့ သံသယတွေ ဖြစ်နေရမယ်။ Self-esteem ကျနေတဲ့သူက ပြဿနာအရှာဆုံးပဲလေ။ ဘယ်လိုလုပ် ဒီအိမ်ထောင်ရေး တာရှည်ခံမလဲ။

🔳 ကျွန်တော်တို့ဆီမှာတော့ ဒါမျိုးအိမ်ထောင်ဖက်ကို သစ္စာရှိရှိ ပြုစုတယ်ဆို ဒါ ယောက်ျားကောင်း၊ မိန်းမကောင်းအဖြစ် မှတ်ယူကြတယ်။ ဒီလိုလူကိုတောင် လက်ထပ်တယ်ဆို ဒါ အချစ်စစ်၊ အချစ်မှန်၊ Right person ပေါ့။ ဒီလိုပြောလို့ စွန့်ပစ်ရမယ်၊ ကိုယ့်အတ္တပဲ ကိုယ်ရှေ့တန်းတင်ရမယ် မဆိုလိုဘူးနော်။ ဓလေ့တွေ မတူကြတာကို ပြောလိုရင်းပါ။

ခုဆို မတရားဖမ်းဆီးခံထားရတဲ့ လူတွေရှိတယ်။ သူတို့အိမ်ထောင်ဖက်တွေကို ကြည့်ကြည့်။ များသောအားဖြင့် လင်ယောက်ျားအတွက်၊ ဇနီးမယားအတွက် ကြိုးပမ်းနေကြတယ်။ ထောင်ဝင်စာတွေ ပို့ပေးကြတယ်။ မိသားစုကို ဆက်ပြီး တာဝန်ယူတယ်။ ထိန်းသိမ်းတယ်။ နင် ဘယ်နေ့လွတ်မယ်မှန်းမှ မသိတာ၊ ငါလည်း ငါ့ဘဝရှိသေးတယ် ဆိုတာမျိုး မလုပ်ကြဘူး။ စည်းနှောင်ထားမှုရဲ့ ချစ်စရာကောင်းတဲ့ အချက်လို့ပဲ ဆိုပါတော့။

ဆက်ဆံရေးကို ဖြတ်တောက်လိုက်ရင်ကျ လူတွေက ဝိုင်းအပြစ်တင်ရော။ သစ္စာမရှိဘူး။ နားလည်မှုမပေးဘူး စသဖြင့်ပေါ့လေ။

RS အပေါ် ထားတဲ့ သဘောထားတွေ မတူကြတာပါ။ သိမ်းကျုံးပြီး တရားသေသဘော ပြောလိုက်တာတော့ မဟုတ်ပါဘူး။

🔳 ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးလေး ဖတ်ပြီး Boundary နဲ့ ပတ်သက်လို့ တွေးဆဆင်ခြင်စရာလေးတွေ ရသွားလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

ဉာဏဗလ
၂၅.၈.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်



5 responses to “​ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံ​ရေး​တွေ ဖြစ်​စေဖို့ ( ဉာဏဗလ )”

  1. ဘယ်ဆက်ဆံရေးမဆို Boundary ရှိသင့်ပါတယ် RSတွေရှေည်ခိုင်မြဲဘို့ဆိုရင်ပိုလိုတာပေါ့နော် အချင်းချင်းဆက်ဆံရေးမှာကိုယ့်လုပ်ငန်းခွင်အထိ ဝင်မပါတာမျိုး အလွန်အမင်းမချုပ်ချယ်ဘဲအတိုင်းအတာတခုအထိခွင့်ပြုတာမျိုးမိဘ မောင်နှမတွေနဲ့မိမိဇနီးခင်ပွန်းဆက်ဆံရေးမှမရောစေဘို့စည်းခြားထားတာတွေတကယ်လိုပါတယ် caregiver အနေနဲ့ စကားမပြောနှိုင်တော့တဲ့ demantiaဝေဒနာသည်တွေအတွက်တော့မေးလို့မရတဲ့အတွက် observation လုပ်တာပိုအရေးကြီးပါတယ် သူ့အခြေအနေတွေကိုအမြဲအကဲခတ်ပြုစုရတာကိုး စိတ်ရှည်ခြင်းဟာ caregiver တယောက်အတွက်အလိုအပ်ဆုံးအရည်အချင်းလို့ဘဲမြင်ပါတယ်

    Like

Leave a reply to Miki Yumiko Cancel reply