လူတွေကို ချစ်တတ်လာအောင် လေ့ကျင့်ပါ ( ဉာဏဗလ )

“လူတွေကို ချစ်တတ်လာအောင် လေ့ကျင့်ပါ”

🔳 A Beautiful Day in the Neighborhood တဲ့။

ဒီဇာတ်ကားကလည်း Feel-good movie လေးပါပဲ။ မင်းသားကြီး Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုပေါ့။ သူကပဲ အဲဒီလိုကားတွေ ရွေးရိုက်တာလား၊ သူနဲ့ လိုက်လို့ပဲ ကမ်းလှမ်းကြတာလား၊ သူရိုက်လိုက်လို့ပဲ ကောင်းကုန်တာလားတော့ မပြောတတ်ဘူး။ Forest Gump, Catch Me If You Can, The Green Mile, The Terminal, Saving Private Ryan, A Man Called Otto စသဖြင့် ရင်ထဲ တစ်ခုခု ကျန်စေခဲ့တဲ့ ဇာတ်ကားကောင်းတွေ အတော်များတယ်။

ခုပြောမဲ့ကားကတော့ ၂၀၁၉ တုန်းက ထွက်တာ။ TV Show တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ထားတယ်။ အဲဒီဇာတ်ကောင်က အပြင်မှာလည်း တကယ်ရှိတယ်။ သူ့အကြောင်း ရေးထားတဲ့ မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီးမှ ဒီဇာတ်ကားကို ဖန်တီးထားတာလို့ သိရပါတယ်။

🔳 ဘဝမှာ ဘယ်လိုလူမျိုး ဖြစ်ချင်သလဲလို့ မေးရင် ဒီဇာတ်ကားထဲက ရော်ဂျာလို ဖြစ်ချင်တယ်လို့ပဲ ပြန်ဖြေချင်တယ်။ (Tom Hanks သရုပ်ဆောင်တဲ့ ကာရိုက်တာပေါ့)

သူ ဝါသနာပါတာကို လုပ်ခွင့်ရတယ်။ အသက်မွေးခွင့်ရတယ်။ အောင်မြင်တယ်။ ပိုက်ဆံလည်း ရတယ်။ အဲဒီအလုပ်နဲ့လည်း လူတွေကို အကျိုးပြုနိုင်တယ်။ အထူးသဖြင့် ကလေးတွေကိုပေါ့။ ကလေးလေးတွေ သူတို့ စိတ်ခံစားချက်ကို ဘယ်လိုကိုင်တွယ်သင့်တယ်၊ ဘဝနဲ့ ပတ်သက်လို့ ဘယ်လိုရှုမြင်သင့်တယ် ဆိုတာကို သီချင်းလေးတွေ၊ ဇာတ်လမ်းလေးတွေ၊ အသံသရုပ်ဆောင်ချက်တွေနဲ့ သူက သင်ပေးနေတာ။

🔳 ပိုသဘောကျမိတာက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ။

အမြဲပြုံးရွှင်နေတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ စိတ်ထားနူးညံ့မှု၊ ကူညီလိုမှု၊ ချစ်ခြင်းမေတ္တာ၊ ဒါတွေက လုပ်ယူထားတာမျိုး မဟုတ်ဘဲ တကယ့်ကို အတွင်းထဲကနေ လာတာ ပေါ်လွင်နေတယ်။

လူတွေကို မှတ်မိနေတာ၊ အသိအမှတ်ပြုတတ်တာလေးကလည်း အတုယူစရာ အတော်ကောင်းတယ်။ မနက်စောစော ဖုန်းဆက်မိလိုက်တယ်ဆို ငါ နှိုးမိလိုက်သလိုများ ဖြစ်သွားလားကနေ စပြောတာမျိုး၊ တစ်ယောက်ယောက်က အကြံပြုပြီဆို သေသေချာချာလေး ကျေးဇူးတင်စကား ပြောတာမျိုး။

🔳 လူတစ်ယောက်နဲ့ တွေ့တယ်၊ အဲဒီလူရဲ့ မိန်းမနာမည်ကို အမှတ်မထင် ကြားလိုက်တယ် ဆိုပါတော့။ ဥပမာ အေမီဆိုရင် သူက မှတ်ထားလိုက်တယ်။ ကိစ္စရှိလို့ အဲဒီလူဆီ ဖုန်းဆက်တဲ့အခါ မိန်းမသံ ကြားပြီဆိုတာနဲ့ အခုပြောနေတာ အေမီထင်တယ်နော် ဆိုတာမျိုး နှုတ်ဆက်လိုက်တာပေါ့။ အဲဒီတော့ အေမီဆိုတဲ့ အမျိုးသမီးက မနှစ်သက်ဘဲ နေတော့မလား။

လူဆိုတာ အသိအမှတ်ပြုခံ၊ အချစ်ခံ၊ အချီးကျူးခံချင်ကြတာ သဘာဝပဲလေ။ ကိုယ့်ကို တခုတ်တရ မှတ်မိနေတယ်ဆို ဘယ်သူမဆို ကြိုက်တာပဲ။ ကျေနပ်ကြတာပဲ။

ဒါကို လူမှုဆက်ဆံရေးနည်းနာအဖြစ် လူတွေ ကိုယ့်ကို ချစ်အောင်ခင်အောင်လို့ သုံးနေတာမျိုးလည်း မဟုတ်ဘူးနော်။ သူကိုက လူတွေကို ချစ်နေတာ။ စိတ်ချမ်းသာစေချင်နေတာ။ ငါ့ကို ရော်ဂျာလို နာမည်ကျော် ပုဂ္ဂိုလ်က သိနေပါလား ဆိုတဲ့ ကျေနပ်မှုကို ပေးချင်တာ။ (သူက Celebrity ဖြစ်နေတာလည်း ပါတော့ပါတာပေါ့လေ။ အဲဒါကြောင့်မို့သာ သူက သိနေတယ်ဆို လူတွေက ပိုဝမ်းသာကြတာပေါ့။)

🔳 တစ်ခါတုန်းက စာပေဟောပြောပွဲ အတူသွားတော့ ဆရာမ မသီတာ (စမ်းချောင်း) ပြောဖူးတာလေးလည်း အမြဲအမှတ်ရတယ်။ သူခပ်ငယ်ငယ် ကလေးဘဝမှာ သူ့အဖေနဲ့သူ လမ်းလျှောက်ထွက်လာတယ်။ မျက်နှာချင်းဆိုင်ကနေ သူ့အဖေ သူငယ်ချင်းကလည်း လျှောက်လာနေတယ်။ သူ့မှာလည်း ဆရာမလိုအရွယ် သမီးကလေးတစ်ယောက်နဲ့။

သားအဖ နှစ်စုံတွဲ ဆုံမိကြတော့ တစ်ဖက်က အဖေက ဆရာမရဲ့ခေါင်းကို ပွတ်ပြီး နှုတ်ဆက်တယ်။ ဆရာမရဲ့ အဖေကတော့ အောက်ကို ထိုင်ချလိုက်တယ်။ တစ်ဖက်က ကလေးနဲ့ မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားပြီဆိုမှ လက်ကလေးကို ဆန့်တန်းပြီး နှုတ်ဆက်လိုက်သတဲ့။ အဲဒီအချိန်မှာ Respect ဆိုတာကို စတင်သိရှိခဲ့ရတယ်လို့ ဆိုတယ်။ အဖေပြသခဲ့တဲ့ နမူနာပေါ့။

ကိုယ့်ကို တခြားလူကြီးတစ်ယောက်က ခေါင်းပွတ်ပြီး နှုတ်ဆက်နေတဲ့အခါ ဖြစ်တဲ့ ခံစားချက်၊ ကိုယ့်အဖေက နောက်ကလေးတစ်ယောက်ကို မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် ထိုင်ချပြီးမှ နှုတ်ဆက်တာကို မြင်လိုက်ရတဲ့ ခံစားချက်။ ဒီနှစ်ခုက အတော်ကွာတာကို သိလိုက်ရတယ်။

🔳 ဒီကားထဲမှာ အဲဒီလိုမျိုး ကလေးတစ်ယောက်ကို ရော်ဂျာစကားပြောနေတဲ့ အခန်းလည်း ပါတယ်။ သိပ်သဘောကျဖို့ ကောင်းတာပဲ။ ဒီကလေးနဲ့ စကားပြောနေချိန် ရိုက်ကွင်းတစ်ခုလုံးက ရပ်ထားပေးရတာ။ He is making the child feel that he is important. TV အစီအစဉ် ရိုက်နေလို့ အဲဒီလို ဆက်ဆံပြနေတာ မဟုတ်ဘူးနော်။ Off the record မှာကို တကယ့်စိတ်ရင်းနဲ့ ပြောနေတာ။

များသောအားဖြင့်က အသက်အရွယ်ကြီးတဲ့သူကိုမှ လေးစားမှုပေးရမယ် ထင်တတ်ကြတယ်။ ကိုယ့်ထက် ငယ်နေရင် မလိုဘူးပေါ့။ ကလေးအရွယ်ဆို ပိုတောင်ဆိုးသေး။ တကယ်တော့ Respect ဆိုတာ လူတိုင်းနဲ့ ထိုက်တန်တယ်။ လူတိုင်း လိုချင်ပါတယ်။

တစ်ဖက်လူက Respect ထားပြီး ဆက်ဆံတဲ့အခါ ပိုနားထောင်ချင်တယ်။ ပိုလက်ခံချင်တယ်။ ကိုယ့်ဟာကိုယ်လည်း စဉ်းစားကြည့်ပေါ့။ အပေါ်စီးကနေ မတူသလို မတန်သလို လာပြောနေရင် မှန်နေတာတောင် လက်မခံချင်တော့ဘူးလေ။ ဒါကြောင့် လူတွေကို လေးစားမှုထားတတ်ဖို့ဟာ သိပ်အရေးကြီးတယ်။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


🔳 အဲဒီမှာလည်း Inside out ပဲနော်။ အတွင်းထဲကနေ လာဖို့လိုတယ်။ အတွင်းထဲမှာ အရင်တည်ဆောက်ထားဖို့ လိုတယ်။ မဟုတ်ရင် အပေါ်ယံဟန်ပြ Respect ပဲ ဖြစ်နေမှာပဲ။ ဥပမာ လူရှေ့တော့ ကလေးလေးတစ်ယောက်ကို အောက်ထိုင်ချပြီး နှုတ်ဆက်ပြနေပေမဲ့ ကွယ်ရာလည်းကျရော ကိုယ့်ဆီက အိမ်အကူတို့၊ အလုပ်သမားတို့ကို ဖိနှိပ်နေလည်း အလကားပဲလေ။

ဒီဇာတ်ကားထဲက ရော်ဂျာကတော့ အဲဒီလို အတွင်းထဲမှာကို စိတ်ကောင်းနှလုံးကောင်း ရှိနေသူလို့ ပြောရမယ်။

🔳 သူနဲ့အပြိုင် သရုပ်ဆောင်သူက လွိုက်တဲ့။ မဂ္ဂဇင်းတိုက်တစ်ခုမှာ အလုပ်လုပ်တယ်။ အဖေနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာရှိတဲ့သူ။ လောကကို ဘယ်လိုမှ အကောင်းမမြင်နိုင်တဲ့သူပေါ့။

နာမည်ကျော် တစ်ယောက်ယောက်ရဲ့ အကြောင်းကို စာရေးဖို့အတွက် မဂ္ဂဇင်းတိုက်က လွှတ်လိုက်ပြီဆို မကောင်းတာတွေချည်း ရေးရေးလာလို့ နောက်ပိုင်း ဘယ်သူကမှ သူ့အင်တာဗျူးဆို လက်ခံမဖြေဆိုကြတော့တဲ့အထိပဲ။

🔳 အဲဒီလိုနဲ့ တစ်ရက်မှာ ရော်ဂျာ့အကြောင်း ရေးဖို့ဆိုပြီး သူ့ကို တာဝန်ပေးလာတယ်။ သူက ငြင်းတဲ့အခါကျတော့ မင်းကို အင်တာဗျူးဖြေပေးဖို့ လက်ခံတာ သူတစ်ယောက်ပဲ ရှိတယ်တဲ့။ အကုန်လုံးက သူ့ကို ငြင်းနေတဲ့အချိန်မှာ ရော်ဂျာတစ်ယောက်ကပဲ လက်ခံတာပေါ့။

နောက်မှ သိလိုက်ရတာက အဲဒါ ရော်ဂျာက တမင်တကာ သူ့ကို ရွေးခဲ့တယ် ဆိုတာပဲ။ ဘာလို့ဆိုတော့ သူ မဂ္ဂဇင်းမှာ ရေးရေးနေတဲ့ စာတွေကတဆင့် သူ့မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ၊ အချဉ်ပေါက်မှုတွေ ရှိနေတာကို ရော်ဂျာက သိတာကိုး။ အဲဒါကို ကူညီပေးဖို့အတွက် သူနဲ့ မိတ်ဆွေဖြစ်ရအောင် ဖန်တီးလိုက်တာ။

🔳 တကယ့်တကယ် လူချင်းတွေ့ကြတဲ့အခါကျတော့ လွိုက်က မယုံနိုင်ဘူး။ ရော်ဂျာနဲ့က Personality ချင်း တခြားစီ ဖြစ်နေတာကိုး။ ဟိုက မဟာ့မဟာ Super positive ။ သူ အင်တာဗျူးဖို့ ရောက်သွားတဲ့အချိန်မှာ ရော်ဂျာက အစီအစဉ်တစ်ခု ရိုက်နေတုန်း ရှိသေးတယ်။ အဲဒီထဲမှာ တဲတစ်ခုကို ဆင်ပြရတယ်။ သူ ဘယ်လိုလုပ်လုပ် မရဘူး။ မရတဲ့အတိုင်းပဲ ရိုက်ပြလိုက်တယ်။

လွိုက်က အံ့သြသွားတာပေါ့။ ခင်ဗျား အဲဒီ Tent ကို မရိုက်ခင်ကတည်း သူများတွေကို ကြိုဆင်ခိုင်းထားလို့ မရဘူးလားဆိုတော့ ရော်ဂျာက ရတယ်တဲ့။ ဒါပေမဲ့ တမင်မလုပ်ခိုင်းတာတဲ့။

ဘာလို့ဆိုတော့ ငါတို့လူကြီးတွေတောင် အဲဒီလို သေချာစီစဉ်ထားပါလျက်နဲ့ ထင်သလို ဖြစ်မလာတာတွေ၊ မလုပ်နိုင်တာတွေ အများကြီးရှိတယ် ဆိုတာကို ကလေးတွေကို ပြချင်လို့တဲ့။

အဲဒီလိုတွေ မြင်တွေ့နေရတော့ သူ မယုံနိုင်ဘူး။ ဒီလူ ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်ပေါ့လေ။ လူတစ်ယောက်ဟာ ဒီလောက်ထိ Positive ဖြစ်နေတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးပေါ့။ မျက်နှာဖုံးကို ခွာချပစ်ရမယ်ပေါ့။ အဲဒါနဲ့ ဆက်လေ့လာတယ်။ အနီးကပ်နေတယ်။ နောက်ဆုံးမှာ သူ့အဖေ့အပေါ်မှာ ရှိနေတဲ့ စိတ်ဒဏ်ရာတွေကို ရော်ဂျာ့အကူအညီနဲ့ပဲ ကုစားနိုင်ခဲ့ပါတယ်။

🔳 အဓိကက ဒီရုပ်ရှင်ဟာ Acceptance ဆိုတဲ့ လက်သင့်ခံခြင်းနဲ့ Forgiveness ဆိုတဲ့ ခွင့်လွှတ်ခြင်းအကြောင်းကို ပြသွားတာပါပဲ။ ဒီနှစ်ခု မရှိဘဲ စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။

အမှန်တော့ သူ့အဖေက အမေနဲ့ ပတ်သက်လို့ တောင်းပန်စကား ပြောချင်နေတာ။ ပြောဖို့ ကြိုးစားနေခဲ့တာ။ သူကလည်း အဖေ့ပါးစပ်ကနေ အမေဆိုတဲ့ စကားသံ ကြားတာနဲ့ကို သွေးတွေဆူပွက်လာတော့ ပြဿနာတွေ ကြီးနေခဲ့တာပေါ့။

🔳 နောက်တစ်ချက်က ဖွင့်ထုတ်ခြင်း ဖြစ်ပါတယ်။ ကိုယ် ဘာဖြစ်နေသလဲ၊ ကိုယ် ဘာတွေခံစားနေရသလဲ၊ ဒါတွေကို ဖွင့်ထုတ်ရမယ်။ ဘာမှမဖြစ်သလို နေပါများလာတဲ့အခါ Emotional numbness ဖြစ်လာတတ်တယ်။ ထုံလာတာပေါ့။ ဝမ်းနည်းစရာ မြင်လည်း ဝမ်းမနည်းတတ်၊ ပျော်စရာ တွေ့လည်း မပျော်တတ် ဖြစ်လာတယ်။

အထူးသဖြင့် ခုလိုကာလဆို အတွေ့ရများတယ်။ စိတ်ထိခိုက်စရာတွေက များလွန်းလာတဲ့အခါ၊ ထွက်ပေါက်မရှိတဲ့အခါ၊ ငိုပြ၊ ဝမ်းနည်းပြနေလို့ မရတဲ့အခါ ကြိတ်မှိတ်အားတင်းရင်း စိတ်ခံစားချက်တွေ ထုံထိုင်းလာကြတယ်။ ကြာလာရင် ကိုယ့်စိတ်ကျန်းမာရေးကိုလည်း ထိလာပါလိမ့်မယ်။

ပုံမှန်အခြေအနေဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာကို ရှက်လို့ ထုတ်မပြတာ၊ ကိုယ့်ကို အားနွဲ့တယ် ထင်ခံရမှာ ကြောက်လို့ ဝန်မခံတာ စသဖြင့် ဖြစ်နိုင်တယ်။ ဒီကာလကျ တစ်ဖက်လူတွေ (ဥပမာ စစ်တပ်ထောက်ခံသူတို့၊ Non-CDM တို့) ဝမ်းသာနေမှာစိုးလို့၊ ကိုယ့်ဘက်က လူတွေ စိတ်ဓါတ်ကျကုန်မှာစိုးလို့ သန်မာချင်ယောင် ဆောင်နေရတာတွေပါ ပိုလာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖွင့်မထုတ်သရွေ့တော့ ပိတ်လှောင်နေဦးမှာပဲ။ တဖြည်းဖြည်းနဲ့ အနည်ထိုင်ပြီး ကိုယ့်အတွင်းထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေလို တည်ရှိကုန်လိမ့်မယ်။ လူမှုကွန်ရက်အပေါ် တက်ရေးမှရယ်လည်း မဟုတ်ပါဘူး။ ဒိုင်ယာရီလို စာရွက်ထဲ ချရေးတာ၊ စိတ်ချယုံကြည်ရသူဆီ ရင်ဖွင့်တာ စသဖြင့်လည်း လုပ်လို့ ရပါတယ်။

🔳 လွိုက်နဲ့ ရော်ဂျာ့အမျိုးသမီး စကားပြောဖြစ်ကြတော့ လွိုက်က မေးတယ်။ ရော်ဂျာလို သူတော်စင်ကြီးနဲ့ အတူနေရတာ ဘယ်လိုနေလဲတဲ့။

သူ့အမျိုးသမီးက ပြန်ဖြေတယ်။ ရော်ဂျာလည်း သူတော်စင် မဟုတ်ပါဘူးတဲ့။ သူ့မှာလည်း ဒေါသရှိတာပဲတဲ့။ ဒါပေမဲ့ အဲဒါကို ကိုင်တွယ်တဲ့နည်းလမ်း သိသွားတော့လည်း အလေ့အကျင့် ဖြစ်သွားတာပေါ့တဲ့။ လူတွေကို ချစ်တတ်တာ၊ အသိအမှတ်ပြုတတ်တာ၊ လေးစားမှုထားတတ်တာက အကျင့်လိုကို ဖြစ်သွားတာတဲ့။

🔳 ဒါကြောင့်မို့လည်း EQ ကို Skill တစ်ခု လို့ ပြောကြတာပါ။ နိမ့်နေရင် မြင့်လာအောင်၊ မရှိသေးရင် ရှိလာအောင် လေ့ကျင့်လို့ရတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သတိထားမိလာမယ်၊ ထိန်းသိမ်းနိုင်လာမယ်၊ တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်ပေးနိုင်လာမယ်၊ ကိုယ်ချင်းစာတတ်လာမယ်ဆို ဒါကို EQ မြင့်တယ်လို့ ခေါ်ပါတယ်။

ဘာတွေနဲ့ လေ့ကျင့်ရမလဲ မေးရင်တော့ သတိနဲ့ လေ့ကျင့်ပါ။ ကိုယ့်နှလုံးသားကို ရသခံစားမှုတွေနဲ့ ထုံမွှန်းပါ။ တစ်ပါးသူတွေရဲ့ ဘဝအကြောင်းတွေ များများပိုသိအောင် လုပ်ပါလို့ပဲ အကြံပြုချင်ပါတယ်။

ဉာဏဗလ
၂.၉.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်



3 responses to “လူတွေကို ချစ်တတ်လာအောင် လေ့ကျင့်ပါ ( ဉာဏဗလ )”

  1. acceptance နဲ့ forgiveness သာရှိရင် လူ့ဘောင်အဖွဲ့အစည်းမှာညီညွတ်မှုတွေတည်ဆောက်နှိုင်မှာပါ

    Like

Leave a comment