Post 73 _ ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ ( ဉာဏဗလ )

“ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ”

🔳 Black Mirror ဆိုတဲ့ Sci-Fi Series က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရှေ့မှာလည်း တစ်ပုဒ်ရေးခဲ့ဖူးတယ်။ သူက တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုစီပဲ။ အဆက်အစပ် မရှိဘူး။ ဇာတ်လမ်းတွဲ အရှည်ကြီးတွေလို မဟုတ်ဘူး။ အင်မတန် တိုးတက်လာတဲ့ နည်းပညာရဲ့ နောင်အနာဂတ်မှာ လူသားတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကို စိတ်ကူးကောင်းကောင်းနဲ့ ရိုက်ပြထားတာ။

ဟိုရက်ကလည်း Cost of Living ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖြစ်တယ်။ ၁၉၅၀ ကျော်လောက်က စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေကို ရေးခဲ့တဲ့ Robert Scheckely ရဲ့ လက်ရာကောင်းတစ်ခု။

ခုကာလနဲ့ တွက်ရင် နှစ် ၇၀ ဝန်းကျင်ရှိပြီ။ အတိအကျ မဟုတ်တောင် ဝတ္ထုတိုက ပေးချင်တဲ့ အနှစ်သာရကတော့ ခုလက်ရှိ ဖြစ်နေတာတွေကို ကြည့်ရေးထားတဲ့အတိုင်းပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း လူက ပစ္စည်းကို သုံးနေတာလား၊ ပစ္စည်းကပဲ လူကို ပြန်သုံးနေတာလား မသိလောက်တော့အောင် ဖြစ်လာတာမျိုးပေါ့။

🔳 အခု Black Mirror ထဲက ဇာတ်ကွက်တွေဆိုလည်း တချို့ဟာတွေက လက်တွေ့ဖြစ်နေပြီ။ ဥပမာ ဆိုရှယ်မီဒီယာက တအားအဆိပ်အတောက်ဆန်လာတာမျိုး။ မဝေးတော့တဲ့ အနာဂတ်မှာလည်း ပိုဆိုးတဲ့အရာတွေ ဖြစ်လာဖို့ ရှိတယ်။

နည်းပညာဆိုတာ မီးနဲ့တူတယ်။ ကောင်းတာ ရှိသလို ဘေးထွက်ဆိုးကျိုးလည်း ရှိတယ်။ သုံးတတ်ဖို့တော့ လိုမယ်။ လုံးဝငြင်းပယ်ဖို့၊ ကင်းအောင်နေဖို့ကလည်း မဖြစ်နိုင်ဘူး။ မီးကြောင့် လူသားတွေရဲ့ဘ၀ အများကြီး တိုးတက်ခဲ့ရသလိုပဲ နည်းပညာကြောင့်လည်း လူနေမှုအဆင့်အတန်းတွေ မြင့်လာခဲ့ရတယ်။

ဒီတစ်ပုဒ်မှာတော့ Men Against Fire ဆိုတဲ့ Episode အကြောင်း ပြောချင်တာပါ။ ဇာတ်လမ်းကို မကြည့်ဘူး၊ ဒါမှမဟုတ် ကြည့်ပြီးသား ဆိုမှပဲ ဖတ်ပါ။ မဟုတ်ရင် ကြိုသိပြီးသား ဖြစ်သွားမှာမို့လို့ ရင်ခုန်ရတော့မှာ မဟုတ်ဘူး။

🔳 ဇာတ်လမ်းက စစ်သားတွေရဲ့အကြောင်း။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့၊ ဖြစ်နေတာတွေနဲ့လည်း ချိတ်ဆက်လို့ ရတယ်။

ပိုးဟပ်တွေလို့ သုံးနှုန်းခံရတဲ့ လူအုပ်စုရှိတယ်။ ဂြိုဟ်သားလိုလို၊ သရဲလိုလို လူပုံစံနဲ့။ နှာခေါင်းပြားပြား၊ အသံတွေက ဝူးဝူးဝါးဝါး။ လူသားတွေကိုလည်း အနှောင့်အယှက် ပေးကြတယ်။ အဲဒါတွေကို ဒီစစ်သားတွေက နှိမ်နင်းရတာ။

🔳 တစ်ခါမှာတော့ အဲဒီပိုးဟပ်တွေ ခိုးအောင်းနေတဲ့ နေရာကို ဝင်စီးတယ်။ အိမ်ထဲ ပုန်းနေတဲ့သူတွေဆိုတော့ ရှာရင်းဖွေရင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်တယ်။ သူတို့ဘက်ကလည်း ပြန်ခုခံကြတာကိုး။ စစ်သားတစ်ယောက်ကို ပိုးဟပ်က ဝင်လုံးတယ်။ စစ်သားက ပြန်ခုခံပြီး အဲဒီပိုးဟပ်ကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးလိုက်တယ်။ ဒါပေမဲ့ အဲဒီပိုးဟပ် ကိုင်ထားတဲ့ ကိရိယာတစ်ခုနဲ့တော့ ထိမိလိုက်တယ်။

မစ်ရှင်ပြီးသွားတော့ စခန်းကို ပြန်လာကြတယ်။ အဲဒီကတည်းက ဒီစစ်သားက ပုံမှန်မဟုတ်တော့ဘူး။ အရင်ကဆို အနံ့တွေ မရဘူး။ အခုကျ အနံ့တွေ ရနေတယ်။ နေရတာတစ်မျိုးကြီးလို ခံစားနေရတယ်။

🔳 အဲဒီလိုနဲ့ နောက်မစ်ရှင်တစ်ခု ထွက်ကြပြန်တယ်။ အိမ်တစ်အိမ်ကို ဝင်စီးတယ်။ စီးတော့ ပိုးဟပ်တွေ မရှိဘူး။ လူတွေပဲ ရှိတယ်။ အဲဒီလူတွေကလည်း ပြေးတဲ့သူက ပြေး၊ ပြန်တိုက်ခိုက်တဲ့သူက တိုက်ခိုက်နဲ့။ ဒီစစ်သားက ကြောင်နေတယ်။ သွေးနံ့တွေလည်း ရနေတော့ တုန်လည်းတုန်လှုပ်နေပြီ။ သူ့ရဲ့ အဖော်စစ်သားကတော့ မြင်သမျှ လူတွေအကုန်လုံးကို သေနတ်နဲ့ ပစ်သတ်နေတုန်း။

အဲဒီမှာ သူက တားတာပေါ့။ မင်း ဘာလို့ လူတွေကို ပစ်သတ်နေတာလဲ ဆိုတော့ သူ့အဖော်က ဘယ်မှာလဲ လူတွေ၊ အဲဒါ ပိုးဟပ်တွေလေတဲ့။

သူကလည်း မရဘူး။ မင်းသတ်နေတာ ပိုးဟပ်တွေ မဟုတ်ဘူး၊ လူတွေ။ ဟိုကလည်း မင်းရူးနေလား ဆိုပြီး ပြန်ဆဲ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


🔳 နောက်တော့ ပြောမရတဲ့အဆုံး ဒီစစ်သားကိုယ်တိုင်ကပါ လူတွေကို ကူညီပြီး ကယ်ထုတ်ပေးတယ်။ တောထဲမှာ ပုန်းနေတုန်း သူကယ်လာပေးတဲ့ သားအမိနဲ့ စကားပြောဖြစ်တယ်။

မင်းတို့က ဘာလို့ ဒီနေရာ ရောက်နေတာလဲ၊ ဘာလို့ ငါတို့ကို ပြန်တိုက်ခိုက်နေတာလဲ၊ ငါတို့က မင်းတို့ကို ပိုးဟပ်တွေရန်က ကယ်ဖို့ လာတာလေပေါ့။ စစ်သားက မေးတယ်။

ကလေးအမေက ပြန်ဖြေတယ်။ တကယ်တော့ ငါတို့အားလုံးက လူတွေပဲ၊ နင်တို့ကသာ ငါတို့ကို ပိုးဟပ်တွေလို့ မြင်နေတာတဲ့။ သူ ရှော့ခ်ရသွားတယ်။ မဖြစ်နိုင်ဘူး။ အဓိပ္ပါယ်မရှိဘူး။ ခင်ဗျား လျှောက်ပြောနေတာမို့လား။ သူ အတင်းငြင်းတယ်။

အဖြစ်မှန်ကတော့ ဒီလို။

🔳 ဒီလူတွေက ပိုးဟပ်လို့ သူတို့ခေါ်ကြတဲ့ လူလိုလို၊ သရဲလိုလိုတွေ မဟုတ်ကြဘူး။ တကယ့်လူအစစ်တွေ။ စစ်သားတွေရဲ့ မျက်စိထဲမှာ ပစ္စည်းတစ်ခု ထည့်ထားလို့ သူတို့ရဲ့အမြင်မှာ ဒီလူတွေကို လူလို့ မမြင်တော့တာ။ နောက်ပြီး အဲဒီ Implant ရဲ့ သတ္တိကြောင့်ပဲ သွေးနံ့အပါအဝင် ဘာနံ့မှကို မရတော့ဘူး။ ဒီလူ​တွေ ​ပြောသမျှစကား မကြား​တော့ဘူး။ ဒါကြောင့် စစ်သားတွေက ပယ်ပယ်နယ်နယ်ကို သတ်ကြတော့တာ။

ဘာလို့ အဲဒီလိုလုပ်တာလဲ ဆိုတော့ ဒီအစီအစဉ်ကို အသက်သွင်းတဲ့ စိတ်ပညာရှင်က ဖြေတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ပါဝင်တိုက်ခိုက်ကြတဲ့ စစ်သားအားလုံးရဲ့ ၁၅% ကပဲ တကယ်ပစ်တယ်တဲ့။ ကျန်တာတွေက ရွှီရှောင်ပေါ့လေ။ (အချက်အလက်က မှန်မမှန်တော့ မပြောတတ်) ဒီလောက် တစ်ကမ္ဘာလုံးရဲ့ အသက်တွေ ခြိမ်းခြောက်ခံနေရတဲ့အချိန်၊ စစ်ပွဲအမြန်ပြီးဖို့ လိုအပ်နေတဲ့အချိန်မှာ ဒီကောင်တွေဟာ စစ်ကို တကယ်မတိုက်ဘူးပေါ့။

နောက် ဗီယက်နမ်စစ်ပွဲကျ ၉၀% လောက် ပစ်ကြတယ်တဲ့။ ဒါပေမဲ့ အဲဒီစစ်သားတွေ တိုက်ပွဲကနေလည်း ပြန်လာရော၊ မြင်ခဲ့၊ ကြုံခဲ့ရသမျှ အနိဌာရုံတွေကြောင့် စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့တယ်တဲ့။

ဒါကြောင့် စစ်သားတွေရဲ့ မျက်စိထဲကို Implant ထည့်ပေးလိုက်တာ။ ဒီအခါ လူကိုလည်း လူလို့ မမြင်တော့ဘူး။ သရဲလိုလို မြင်နေတော့ ပစ်သတ်ပြီးလည်း စိတ်ဒဏ်ရာမရ။ သွေးနံ့တွေ ဘာတွေမရတော့ အေးဆေးပဲ။ မစ်ရှင်ပြီးသွားတာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လာကြရော။ ရည်ရွယ်ချက်ကတော့ ကောင်းသလို ရှိပေမဲ့ လူမျိုးတစ်မျိုးကို အပြီးတိုင် ဖယ်ရှားဖို့ လုပ်တဲ့ကိစ္စမှာ သွားအသုံးချနေတာ။

🔳 ဒီစစ်သားကသာ ဟိုလူတွေ တီထွင်ထားတဲ့ ကိရိယာနဲ့ ထိမိပြီး သူ့မျက်စိထဲက Implant က အလုပ်မလုပ်တော့လို့ လူကို လူလို့မြင်ပြီး သွေးနံ့တွေပါ ရလာတာ။ စကားသံ​တွေ ကြားလာတာ။ သူ့အဖော်စစ်သားကတော့ လူလို့ မမြင်တော့ သူဘယ်လောက်တားတား သတ်နေတုန်းပဲပေါ့။

ဘာလို့ အဲဒီလူအုပ်စုကို ပိုးဟပ်တွေလို့ သတ်မှတ်လိုက်တာလဲ ဆိုတော့ ဒီလူတွေရဲ့ မျိုးဗီဇမှာက မကောင်းတာတွေ အများကြီး ပါနေတယ်။ ကင်ဆာဖြစ်တာတွေ၊ အသက်တိုတာတွေ စသဖြင့်။ အဲဒါတွေ ပြန့်ပွားသွားလို့ မရဘူး။ ဒါကြောင့် ဂျီနိုဆိုက်ဒ် လုပ်ရမယ် ဆိုပြီး အကုန်ရှင်းပစ်နေတာပဲ။

အဲဒီတော့မှပဲ စစ်သားလည်း သူဖြစ်ခဲ့သမျှကို သဘောပေါက်သွားတော့တယ်။ သူ ပထမမစ်ရှင်မှာ ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာ လူစစ်စစ်ဖြစ်နေမှန်း၊ သူတို့ရဲ့ ဝူးဝူးဝါးဝါးအသံတွေက တကယ်တော့ မသတ်ဖို့ တောင်းပန်နေတာမှန်း သိလိုက်ရတဲ့အခါ အကြီးအကျယ် ကြေကွဲတော့တာပေါ့။

🔳 ဒီဇာတ်ကားကို ကြည့်ပြီး ပထမဆုံး မြင်ယောင်မိတာကတော့ တို့တွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ပဲ။ ပိုးဟပ်တွေရဲ့ နေရာမှာ ရိုဟင်ဂျာတွေကို မြင်ကြည့်။ တိုင်းရင်းသားတွေကို မြင်ကြည့်။ ပြည်သူတွေကို မြင်ကြည့်။

ဒါတွေက ပြည်သူအစစ်တွေ မဟုတ်ဘူး။ အကြမ်းဖက်တွေ၊ အကြမ်းဖက်အားပေးတွေ၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးနေတဲ့သူတွေ၊ ပြည်ထောင်စု ပြိုကွဲအောင်၊ တပ်မတော်ကို ထိခိုက်အောင် လုပ်နေတဲ့သူတွေ ဆိုပြီး မြင်နေအောင်လို့ ဦးနှောက်ဆေးထားလိုက်တဲ့အခါ အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိ ရက်စက်ချင်တိုင်းကို ရက်စက်ကြတော့တာပဲ။ ဘာနောင်တမှ မရဘူး။ ဘာစိတ်ဒဏ်ရာမှလည်း မဖြစ်ဘူး။ ဟိုကမှ Implant ထည့်ရသေးတယ်။ သူတို့ကတော့ စစ်သင်တန်းမှာ မှိုင်းတိုက်လိုက်ရုံပဲ။

တွေးကြည့်ရင် သိပ်ကြောက်စရာ ကောင်းတယ်နော်။ ဦးနှောက်မပါဘဲ အထက်က ခိုင်းသမျှကို လုပ်နေတဲ့ လူတွေရဲ့ လက်ထဲမှာ လူသတ်လက်နက်တွေ ရောက်နေတာ။ ဒီကြားထဲ မူးယစ်ဆေးတွေလည်း သုံးထားကြသေးတယ်။

🔳 ခုနောက်ပိုင်း သူတို့ခေါင်းဆောင်ကို သူတို့ပြန်ဆဲထားကြတာတွေ သတိထားမိတယ်။ ဒီလောက်ထိတော့ မလုပ်သင့်ဘူးတို့၊ တပ်မတော်သိက္ခာကျပြီတို့များ ရေးထားမလား မှတ်တယ်။ မဟုတ်ဘူးဗျာ။ ကိုင်တွယ်တာ ပျော့လို့တဲ့။ သူတော်ကောင်းကြီး လုပ်နေတယ်တဲ့။ အဲဒါတွေ ဖတ်ပြီး သူတို့ရဲ့ စိတ်ကို တကယ်အံ့သြမှင်သက်မိတယ်။

ဘယ်လောက်ထိတောင် ရက်စက်စေချင်ကြသေးတာလဲဟင်။ ဆန္ဒပြပြည်သူကိုလည်း ခေါင်းတည့်တည့် သေနတ်နဲ့ ပစ်ပြီးပြီ။ ရွာပေါင်းများစွာ၊ အိမ်ပေါင်းများစွာကိုလည်း မီးရှို့ပြီးပြီ။ ပဇီကြီးလို ကိစ္စတွေလည်း ဖြစ်ပြီးပြီ။ စစ်ကြောရေးတွေ၊ သေဒဏ်ပေးတာတွေ ထားနော်။ ဒါ ရန်သူလို့ သူတို့မြင်လို့ လုပ်တာ။ စည်းမရှိတာတွေ ဘာတွေ ခဏထားလိုက်။ ခုဟာက ဘာအပြစ်မှ မရှိတဲ့၊ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ပြည်သူတွေကို လုပ်နေတာ။ အဲဒါကိုတောင် ပျော့သေးတယ် ဆိုတော့ သူတို့စိတ်တိုင်းကျသာဆို ဘယ်လောက်ထိများ အနိုင်ကျင့် အကြမ်းဖက်ကြမလဲ မသိဘူး။

🔳 ရုပ်ရှင်ထဲမှာတော့ မျက်လုံးထဲက Implant ကို ဖျက်ဆီးနိုင်တဲ့ ကိရိယာမျိုး ထွင်လိုက်နိုင်ပေမဲ့ သူတို့ခေါင်းထဲ ရိုက်ထည့်ခံထားရတဲ့ အမြင်တွေ၊ အဲဒီကတဆင့် ပေါက်ဖွားလာတဲ့၊ ပြည်သူအပေါ်ထားတဲ့ အမုန်းတရားတွေကိုတော့ ဘယ်အရာနဲ့မှ ချေဖျက်နိုင်မလဲ မပြောတတ်ဘူး။

ဇာတ်ကားထဲက စစ်သားက သူလုပ်ခဲ့မိတာတွေ ပြန်မြင်ယောင်ပြီး မယုံနိုင်အောင် ဖြစ်ခဲ့တယ်။ လူတွေသာဆို သူ ဒီလိုဘယ်ရက်စက်ခဲ့ပါ့မလဲလို့ နောင်တတွေရတယ်။ Implant ကြောင့်သာ အမြင်တွေ မှားခဲ့တာကိုး။

ဒီက အကြမ်းဖက်စစ်သားတွေကတော့ ခေါင်းဘယ်လိုဖြတ်ခဲ့တယ်၊ ဘယ်လိုမြေမြှုပ်ခဲ့တယ် ဆိုတာတွေကို အာပေါင်အာရင်းသန်သန် အရသာခံ ပြန်ပြောနေကြတဲ့လူတွေ ဖြစ်တယ်။ လူလို့တောင် ပြောရခက်တဲ့သူတွေပါ။

တပ်မတော် အာဏာသိမ်းတာကို ထောက်ခံပါတယ်၊ PDF တွေက အကြမ်းဖက်သမားတွေပါ၊ တိုင်းပြည်ကို ဆူပူအောင် လုပ်နေတာပါလို့ မြင်ရင်တောင် ပဇီကြီးလိုကိစ္စမျိုး၊ အနန့်ပါလိုကိစ္စမျိုးဟာ ထောက်ခံရမဲ့လုပ်ရပ် ဟုတ်ကိုမဟုတ်ဘူး။ ခုတော့ ပျော်ပါးနေကြတဲ့အပြင် ဒီလောက်ထိ လုပ်ထားတဲ့သူကိုတောင် အားမရကြသေးဘူးတဲ့။

ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ဒီလမ်းကို ရွေးခဲ့ရတာပါ။ ဘယ်လိုအခက်အခဲတွေရှိရှိ နောက်မဆုတ်တမ်း ဆက်လျှောက်နေရတာပါ။

ဒီလိုလူစိတ်မရှိသူတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှကို မဖြစ်နိုင်ပါဘူး။

ဉာဏဗလ
၈.၉.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။




စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


One response to “Post 73 _ ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ ( ဉာဏဗလ )”

Leave a comment