Post 83 – မဟာအင်အားကြီးတို့ယှဉ်ပြိုင်ခြင်း နှင့် မြန်မာ ( Myoset Min )

(၁) အဆက်အစပ်များ

ဘာသာရေးကျမ်းပြုဆရာကြီး ဆရာဦးရွှေအောင်က တင်စားပြီးရေးတာရှိပါတယ်။ လောကမှာ လူတယောက်ယောက်လုပ်တဲ့ ကောင်းမှုတွေမှာ အဲ့ဒီလူတယောက်ထဲ အပေါ် သက်ရောက်တာမဟုတ်ဘဲ ပတ်ဝန်းကျင်တခုလုံး၊ တလောကလုံးကို သူ့နည်းသူ့ဟန်သက်ရောက်တယ်လို့တင်စားခဲ့ဖူးတယ်။ ကမ္ဘာကြီးမှာလဲ အင်အားကြီးနိုင်ငံကြီးတွေ လှုပ်ရှားတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး အပေါ် သက်ရောက်ပါတော့တယ်။

၁၉ ရာစု နဲ့ ၂၀ရာစု အလယ်ပိုင်းအထိ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးတွေစတင်ရာဟာ ဥရောပတိုက်ဖြစ်ခဲ့တယ်။ ဥရောပဟာ Great Power လို့ခေါ်တဲ့ မဟာအင်အားကြီးနိုင်ငံတွေရှိခဲ့တယ်။ ဥရောပမှာဖြစ်တဲ့ စစ်ဟာ ကမ္ဘာကြီးကို အမြဲသက်ရောက်တယ်။ 

အင်အားကြီးနိုင်ငံတွေ စစ်ဖြစ်ပြီးသွားကြရင် နှစ်ဖက်လုံးအင်အားချည့်နဲ့ပြီး ကမ္ဘာ့အင်အားကြီးအဆင့်ကနေ လျော့ကျသွားလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ ဗြိတိသျှအင်ပါယာရဲ့ နေရာကို အမေရိကန်က ရယူလိုက်ပါတယ်။ 

တချိန်ထဲမှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ အပြိုင် မဟာအင်အားကြီး ဖြစ်လာပြီး အင်အား (၂) ရပ်က စိုးမိုးတဲ့ ကမ္ဘာကြီး ဖြစ်လာပါတယ်။ အမေရိကန်ဦးဆောင်တဲ့ လစ်ဘရယ်လ်အရင်းရှင် စံနစ်နဲ့ ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်စံနစ်တို့ဖြစ်ပါတယ်။ 

(၂)တနိုင်ငံထဲကြီးစိုးတဲ့ကမ္ဘာရဲ့အစ (Unipolar Moment) (သို့မဟုတ်) အမေရ်ိကန်ခေတ်

၁၉၉၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီးပြိုကျသွားခဲ့ပါတယ်။ ရုရှားဟာ ဆိုဗီယက်ရဲ့ အမွေကို ဆက်ခံပါတယ်။ယခင် ဆိုဗီယက်ယူနီယံရဲ့ လက်အောက်ခံ နိုင်ငံတွေဟာ လွတ်လပ်သော နိုင်ငံတွေ အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီ အချိန်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးမှာ စာအုပ် ၂ အုပ်က ဩဇာတိက္ကမကြီးမားစွာလွှမ်းမိုးခဲ့ပါတယ်။

(၁) ဖရန်စစ်ဖူကူယားမားရဲ့ “သမိုင်းနိဂုံးနဲ့နောက်ဆုံးလူ” (The End of History and The Last Man) ဆိုတဲ့စာအုပ်

နဲ့

(၂) ဟန်တင်တန်ရဲ့ Clash of Civilisations and The Remaking of World Order ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။

ဖူကူယားမားရဲ့ အယူအဆက ကွန်မြူနစ်စံနစ်ဟာ ပြိုကျသွားခဲ့ပြီ။ လစ်ဘရယ်ဒီမိုကရေစီတွေ ထွန်းကားလာတော့မယ်။ဒီ လစ်ဘရယ်ဒီမိုကရေစီစံနစ်ကြောင့် နိုင်ငံတွေ ကြွယ်ဝလာပြီး ငြိမ်းချမ်းရေး ရလာတော့မယ်လို့ ဆိုခဲ့တာပါ။ ဒီခန့်မှန်းချက်လိုပဲ နိုင်ငံအများအပြား ဒီမိုကရေစီနိုင်ငံတွေဖြစ်လာခဲ့ကြပါတယ်။

ဟန်တင်တန်ရဲ့ အယူအဆကတော့ စစ်အေးခေတ်ပြီးသွားတဲ့ အချိန်မှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေဟာ နိုင်ငံတွေ၊ နိုင်ငံရေးခံယူချက်တွေထက် လူမျိုးရေး ဘာသာရေးတွေအပေါ် အခြေခံပြီး ဖြစ်ကြမယ်လို့ သုံးသပ်ထားခဲ့ပါတယ်။ 

၁၉၉၀ ကနေ စပြီး အမေရိကန်ဟာ ကမ္ဘာကြီးကို ဦးဆောင်လာခဲ့ပါတယ်။ အင်အားကြီး ၂ ရပ် အပြိုင် (Bipolar) မဟုတ်တော့ဘဲ မဟာအင်အားကြီးတရပ်ကနေဦးဆောင်သော Unipolar အင်အားကြီးဖြစ်လာခဲ့ပါတယ်။ 

ဒီကနေ ဆိုဗီယက်ကို ဟန့်တားဖို့ ဖွဲ့စည်းထားတဲ့ နေတိုးအဖွဲ့ဝင်တွေဟာလဲ များပြားလာခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု လက်အောက်က လွတ်မြောက်နိုင်ငံတွေလဲပါဝင်လာခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ၁၉၉၀-၂၀၁၇ လောက်အထိ အမေရိကန်ဟာ ကမ္ဘာကြီးကို စိုးမိုးခဲ့ပါတယ်။

၃) အမေရိကန် Unipolar ခေတ်စတင်ကုန်ဆုံးခြင်း

အမေရိကန်ဟာ ကမ္ဘာ့မဟာအင်အားကြီး အနေနဲ့ ကမ္ဘာကြီးထဲမှာရှိတဲ့ နိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာဝင်ရောက်ပတ်သက်ပါတယ်။ အမေရိကန်ဟာ ဒီလို ဝင်ရောက်ပတ်သက်လို့ရအောင်လဲ သူ့မှာ တောင့်တင်းလှတဲ့စစ်တပ်ရှိပါတယ်။ အမေရိကန်ရဲ့ စစ်တပ်ကို ဟန့်တားအံတုနိုင်တဲ့ စစ်တပ် ကမ္ဘာပေါ်မှာမရှိပါဘူး။ 

ဒီလိုနဲ့ အမေရိကန်ဟာ ၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲ၊ ၁၉၉၅ ဘော့စနီးယားစစ်ပွဲ၊ နေတိုးအဖွဲ့ဦးဆောင်တဲ့ ၁၉၉၈ ကိုဆိုဗိုစစ်ပွဲ၊ ၂၀၀၁-၂၀၂၁ အာဖဂန်စစ်ပွဲ၊ ၂၀၀၃-၂၀၁၁ အီရတ်စစ်ပွဲတွေကို ဆင်နွှဲခဲ့ပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားအရင်းအနှီးတွေအများကြီး သုံးခဲ့ရပါတယ်။

ဒီအချိန်မှာ ရုရှားဟာ တဖြည်းဖြည်းချင်းနဲ့ သူ့ရဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်လာခဲ့ပါတယ်။ ယခင်ဆိုဗီယက်လက်အောက်ခံနိုင်ငံတွေ နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာနေတာကို လက်ပိုက်ကြည့်နေခဲ့ရတဲ့ အခြေအနေပါ။ ၁၉၉၉ ဒီဇင်ဘာမှာ ရုရှားဟာ ချေချင်းညာဒေသနဲ့ စစ်ဖြစ်ခဲ့ပြီး ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ 

ရုရှားနဲ့နီးကပ်တဲ့ ဂျော်ဂျီယာဟာ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားလာတဲ့အခါဂျော်ဂျီဟာကို ၂၀၀၈ မှာ ကျုးကျော်ပါတယ်။ ရုရှားဟာ နိုင်ငံတကာစင်မြင့်ထက် တကြော့ပြန်လာခဲ့ပါပြီ။ ဒါပေမယ့် တချိန်က ဆိုဗီယက်လိုတော့ ဩဇာမညောင်းပါဘူး။

တချိန်ထဲမှာပဲ တရုတ်ဟာ စီးပွားရေးတဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ တချိန်က တရုတ်ဟာ စီးပွားရေးတိုးတက်လာရင် ကြွယ်ဝလာတဲ့ တရုတ်ဟာ ငြိမ်းချမ်းရေးကို ပိုမိုလိုလားလာမယ်၊ ဆက်ဆံရတာ ပို အဆင်ပြေလာမယ်လို့ ယူဆခဲ့ကြပါတယ်။ 

ဒါပေမယ့် တရုတ်ဟာ ကြွယ်ဝလာတာနဲ့ အမျှစစ်ရေးအင်အင်အားကြီးမားတောင့်တင်းလာခဲ့ပြီး အမေရိကန်ဟာ တရုတ်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာကြီးရဲ့ မဟာအင်အားကြီးအနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


(၄) မဟာအင်အားကြီးတို့၏ ယှဉ်ပြိုင်မှု

ယနေ့အချိန်ဟာ မဟာအင်အားကြီးတို့ရဲ့ အင်အားယှဉ်ပြိုင်ကြတဲ့ ခေတ်ကို တကြော့ပြန်ရောက်လာခဲ့ပါပြီ။ တချိန်က ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေဟာ မဟာအင်အားကြီးတွေ ပေါ်တင်စီးချင်းထိုးကြတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ စစ်အေးခေတ် ဆိုတဲ့ အချိန် ၁၉၄၇-၁၉၉၀ ကြားကာလတွေမှာ မဟာအင်အားကြီးတွေ စီးချင်းမထိုးကြဘဲ ကြားခံစစ်ပွဲ ဆိုတဲ့ Proxy War တွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ကိုရီးယားပြည်တွင်းစစ် နဲ့ ကိုရီယားနိုင်ငံထက်ခြမ်းကွဲသွားခဲ့တာ၊ ဗီယက်နမ်ပြည်တွင်းစစ်၊ ကမ္ဘောဒီးယားပြည်တွင်းစစ်တွေဟာ ဥပမာပါပဲ။

ယနေ့ မဟာအင်အားကြီးတွေရဲ့ စစ်အဖြစ်နိုင်ဆုံးနေရာတွေက လက်ရှိအာဆီယံ ရဲ့ တောင်တရုတ်ပင်လယ်ဒေသ ဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့ တရုတ်အကြား ရေပိုင်နက် အငြင်းပွားမှုတွေ၊ ထိုင်ဝမ်ကိစ္စတွေဟာ အချိန်မရွေး တရုတ် နဲ့ အမေရိကန်ကြားစစ်ဖြစ်နိုင်တဲ့ ဒေသတွေ ဖြစ်နေပါတယ်။ 

ဒီမဟာအင်အားကြီးတွေရဲ့ အင်အားယှဉ်ပြိုင်မှုမှာ နိုင်ငံငယ်တွေဟာ ပါဝင်လိုသည်ဖြစ်စေ၊ မပါဝင်လိုသည် ဖြစ်စေ သက်ရောက်မှုကို ခံစားရလေ့ရှိပါတယ်။ 

(၅) မဟာအင်အားကြီးတွေရဲ့ အမူအကျင့်သဘာဝ

မဟာအင်အားကြီး နိုင်ငံကြီးတွေဟာ ဒီမိုကရေစီ နိုင်ငံဖြစ်စေ၊ အာဏာရှင် နိုင်ငံဖြစ်စေ တူညီတဲ့ အလေ့အထတွေရှိပါတယ်။ အဲ့ဒါက သူတို့ဟာ သူတို့ရဲ့ ဒေသ (သို့) တကမ္ဘာလုံး အဆင့်မှာ စီးပွားရေး စစ်ရေး အင်အားအကြီးဆုံး ဖြစ်အောင် ကြိုးပမ်းကြရတဲ့ သဘာဝရှိပါတယ်။ ဒါရဲ့ အဓိက အကြောင်းရင်းက သူတို့ရဲ့ ရှင်သန်မှုအတွက် ဒီလို “အင်အား” ကသာ အာမခံချက်ပေးနိုင်လို့ ဖြစ်ပါတယ်။ 

နောက်တခုက မဟာအင်အားကြီး နိုင်ငံတွေဟာ တခြားပြိုင်ဘက် ပါဝါတွေကို တဖက်နဲ့တဖက် ဟန်ချက်မျှအောင် ထိန်းပြီး ကစားတာတွေ လုပ်တတ်ပါတယ်။ ဥပမာ တရုတ်ကို ထိန်းဖို့ အိန္ဒိယကို အမေရိကန်က အသုံးချပါတယ်။ အိန္ဒိယကို ထိန်းဖိူ့ ပါကစ္စတန်ကို အသုံးချပါတယ်။ အိန္ဒိယကလဲ တရုတ်ကို ထိန်းဖို့ အမေရိကန်-ဂျပန်-ဩစတေးလျကိူ အသုံးချပါတယ်။ သူ့စီးပွားရေး ၊ စစ်ရေးနဲ့ စွမ်းအင် အတွက် ရုရှားနဲ့ ဆက်ဆံရေး အပျက်မခံပါဘူး။

မြန်မာဟာ မဟာအင်အားကြီးတရုတ်နဲ့ အိမ်နီးချင်းဖြစ်နေပါတယ်။ မဟာအင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ Security (လုံခြုံရေး) နဲ့ နယ်စပ်လုံခြုံ​ရေးကို အထူးသတိထားပါတယ်။ ဒီအချက်ကြောင့် မြန်မာ့အရေးမှာ ပြည်ပစွက်ဖက်မှုကို လက်မခံဘူး ဆ်ိုတဲ့ အချက်ကို မူသေဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေ သန်း ၅၀ ခန့်ရှိတဲ့ နိုင်ငံကို ဒေသတွင်း အင်အားကြီး အနေနဲ့ ထွက်ပေါ်မလာအောင် မြန်မာနိုင်ငံထဲက လက်နက်ကိုင်တွေအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး ထိန်းထားတာ ဖြစ်ပါတယ်။ 

(၆) မြန်မာ

“နိုင်ငံရေးကိစ္စတွေကို ကြီးမားစွာလွှမ်းမိုးထားတာက လူ့စိတ်နေသဘာဝကနေ ဆင်းသက်လာတဲ့ တိကျတဲ့ ဥပဒေသတွေ ဖြစ်တယ်” (- ဟန်မော်ဂန်သော်)

ဒီစကားဟာ အမေရိကန် နိုင်ငံရေးသုခမိန်တဦးရဲ့ နာမည်ကျော် Realism နိုင်ငံရေးသီအိုရီရဲ့ မဏ္ဍိုင် ၆ ခုထဲက ပထမ အချက်ဖြစ်ပါတယ်။ ဒီ အဆ်ိုအမိန့်ဟာ မြန်မာပြည်ထဲက အာဏာလုခြင်း ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို ဖွင့်ဆိုပြနိုင်တဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ဆန္ဒဟာ နိင်ငံခေါင်းဆောင် (Head of State) ဖြစ်ဖူးချင်တဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ ကာချုပ်ဘဝ NLD အစိုးရလက်ထက်မှာ သူဦးစီးနေတဲ့ တပ် ရဲ့ စစ်ရေး နဲ့ စီးပွားရေး အာဏာ ဟာ မြန်မာနိုင်ငံထဲမှာ တစုတဖွဲ့ထဲက တန်းတူ ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားမရှိခဲ့ပါဘူး။ ဒီလို အခြေအနေကနေ နောက် တဆင့်တက်တဲ့အခါမှာ သူဟာ Head of State ဖြစ်လိုတဲ့ ဆန္ဒပြင်းပြလာခဲ့ပုံရပါတယ်။ 

သူ့ရဲ့ သမ္မတဖြစ်ရေးရည်မှန်းချက်မှာ စံနစ်တကျ ဗျူဟာဆွဲပြင်ဆင်ခဲ့ပုံမရပါဘူး။ ဖြစ်စဉ်တွေကို ကြည့်ရင် NLD ကို မလိုလားတဲ့ ပါတီတွေကို စုစည်းတာ၊ NLD ကို မဲကိစ္စနဲ့ စွပ်စွဲပြစ်တင်တာ ဆိုတဲ့ ၂ ဆင့်လောက်ပဲ ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။ အခြား အဆင့်ကတော့ NLD နဲ့ အာဏာလုမှုမဖြစ်မှီတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုမှာ ဗိုလ်ချုပ်မှူးကြီးကို သမ္မတရာထူးပေးဖို့ ဆွေးနွေးတယ်ဆိုတာမှာလဲ စံနစ်တကျ ပြင်ဆင်ထားမှုမရှိထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ အိုင်ကွန်ဘဝကနေ အပြစ်တင်ခံဘဝ ရောက်တဲ့အထိ ရိုဟင်ဂျာကိစ္စမှာ သစ္စာဖောက်ခံရတဲ့ ဒေါ်စုဟာ ဗိုလ်ချုပ်မှူးကြီးကို သမ္မတနေရာပေးဖို့ အကြောင်းတရားမရှိပါဘူး။ 

အာဏာလုမှုအပြီးမှာလဲ ကြုံရမယ့် စီးပွားရေး၊ နိုင်ငံရေးကိစ္စတွေကို စံနစ်တကျပြင်ဆင်ထားခဲ့တဲ့ အခြေအနေမတွေ့ရပြန်ပါဘူး။ အကျိူးဆက်အနေနဲ့ အင်အား ၆၅၀၀၀ ခန့်ရှိတဲ့ ဗမာ့တော်လှန်ရေးတပ်မတော် PDF တွေနဲ့ အမျိူးသားညီညွတ်ရေးအစိုးရထွက်ပေါ်လာခဲ့ပြီး စစ်တပ်ဟာ အရေးကြီးနယ်မြေတွေဆုံးရှုံးနေခဲ့ရပါတယ်။ 

လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ စစ်တပ်အနေနဲ့ လက်နက်အင်အား (Fire Power) မှာ အသာရနေဆဲ ဖြစ်ပေမယ့် ရေရှည်စစ်ပွဲမှာ တောင့်ခံဖို့ မလွယ်ပါဘူး။ အဓိက အကြောင်းရင်းက လက်ရှိ တော်လှန်ရေးတပ်မတော်ဟာ သုညကနေ ၂ နှစ်အတွင်း ပေါ်လာတဲ့ တပ်ဖြစ်ပြီး အကြိတ်အနယ်တိုက်ရတဲ့စစ် (War of Attrition) မှာ အဓိက အရေးပါတဲ့ စိတ်ဓာတ်ပိုင်းဖြတ်မှုအပိုင်းမှာ ကြီးမားတဲ့ အသာစီးရမှုရှိပါတယ်။ 

အိမ်နီးချင်း မဟာအင်အားကြီးတရုတ်ဟာ မြန်မာ့အရေးကို အခု ဝင်စွက်နေပြီဖြစ်ပါတယ်။ လက်ရှိ ယူဆချက်တွေက တရုတ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စစ်တပ်ဖက်က ရပ်တည်တယ်ဆ်ိုတဲ့ အချက်ဖြစ်ပါတယ်။

စာရေးသူရဲ့ ယူဆချက်မှာတော့ တရုတ်ဟာ ဗိုလိချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နောက်လိုက်စစ်တ့ပ်ကို သူ့အကျိူးစီးပွားတွေကို ကာကွယ်ဖို့ ချည့်နှဲ့သွားတဲ့ အထိ အသုံးချပါလိမ့်မယ်။ မက်လုံးအနေနဲ့ကတော့ ဗိုလ်ချုပ်မှူးကြီး လိုချင်တဲ့ တရားဝင်မှု (Legitimacy) ပဲ ဖြစ်ပါလိမ့်မယ်။  တရုတ်ဟာ အခြားလက်နက်ကိုင်အများစုနဲ့ ထိတွေ့ပြီး လွှမ်းမိုးမှုတည်ဆောက်ပြီးသား ဖြစ်တာမို့ NUG ကိုလဲ PDF တွေက တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ထိတွေ့ဖိအားပေးပါလိမ့်မယ်။ တချိန်မှာ လက်ရှိ DSA အုပ်စု စစ်စရိတ်ထောင်းပြီး လုံးပါးပါးလာတဲ့ အချိန်မှာ စွန့်ပစ်ပါလိမ့်မယ်။ 

လက်ရှိ အချိန်မှာ DSA ခေါင်းဆောင်တွေနဲ့ ဦးဆောင်ထားတဲ့ စစ်တပ်မှာ “ရွေးချယ်ခွင့်” ရှိတဲ့အနေအထားတော့ မတွေ့ရပါဘူး။ လက်ရှိ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကလဲ စစ်တပ်ထဲက ခေါင်းဆောင်ငယ်တွေကို ရွေးချယ်ခွင့်ပေးဖို့ မလွယ်ပြန်ပါဘူး။ စစ်တပ်ဟာ ရွေးချယ်ဖို့ လိုလာတယ်ဆိုတဲ့ အခြေအနေဟာ သူတို့ မုချပြိုလဲတော့မယ်ဆိုတာကို မြင်လာရတဲ့ အချိန်တွေ ဖြစ်ပါလိမ့်မယ်။ 

(၆) အနာဂတ်

မြန်မာရဲ့တော်လှန်ရေးဟာ အံ့ဩဖွယ် Miracle ဖြစ်ပါတယ်။ မြန်မာ့အရေးဟာ နိုင်ငံတကာထက်စာ ရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကိုရဖို့ အလားအလာပိုများပါတယ်။ လူ့အခွင့်အရေး ဒီမိုကရေစီဆိုတာက လေလုံးထက်မပိုလှတဲ့အရာ ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။

တရုတ်ဟာ မြန်မာပြည်ထဲက အဖွဲ့ အသီးသီးကို သူ့အကျိူးစီးပွားအတွက် အသုံးချပါလိမ့်မယ်။ ဒီအထဲမှာ လက်ရှိ စစ်ကောင်စီလဲပါသလို၊ NUG လဲပါပါလိမ့်မယ်။ သူတို့ရဲ့ စဉ်းစားပုံထဲမှာ မြန်မာပြည်သူတွေရဲ့ အကျိူးစီးပွား ဘဝတွေ ပါလိမ့်မယ် မဟုတ်ပါဘူး။

မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝ သာယာဖို့အတွက်က အခြေခံမှန်ကန်တဲ့ နိုင်ငံရေးစံနစ်ရှိဖို့ အလွန်လိုအပ်ပါတယ်။ ဒီလို အခင်းအကျင်းမျိူး ရရှိလာဖို့ အတွက် တော်လှန်ရေးအင်အားစုတွေက အသာစီးရလာဖို့ လိုအပ်ပါတယ်။ ဒီလို အသာစီးရဖို့ အတွက် တရုတ်အပါအဝင်အိမ်နီးချင်းတွေကို အကောင်းဆုံး အသုံးချခြင်းက လက်တွေ့ကျတဲ့ အခြေအနေဖြစ်ပါတယ်။

-Myoset Min



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


2 responses to “Post 83 – မဟာအင်အားကြီးတို့ယှဉ်ပြိုင်ခြင်း နှင့် မြန်မာ ( Myoset Min )”

  1. အိမ်နီးချင်းတိုင်းဟာဉာဏ်ပညာနဲ့သတိထားဆက်ဆံကြရမှာဖြစ်ပါတယ် ဉာဏ်ကြီးသူတို့သာကိုင်တွယ် ကစားနိုင်မှာပါ

    Like

Leave a reply to Pann Ni Ni Cancel reply