Post 90 – မုဒိမ်းကျင့်ခံရပြီးတဲ့နောက် ( ဉာဏဗလ )

“မုဒိမ်းကျင့်ခံရပြီးတဲ့နောက် …”

🔳 ဟောလီးဝုဒ်၊ ဘောလီးဝုဒ်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန် စတာတွေအပြင် အင်ဒိုနီးရှားရုပ်ရှင်တွေလည်း ခုနောက်ပိုင်း ကြည့်ဖြစ်ပါတယ်။ မတူတဲ့ အရသာလေးတစ်ခု ရတာပေါ့။ တချို့ဇာတ်ကားလေးတွေဆိုလည်း အတော်ကောင်းပါတယ်။

အဲဒီထဲမှာ သဘောကျရတာက 27 Steps of May ဆိုတဲ့ ဇာတ်ကား။

အသက် ၁၄ နှစ်အရွယ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်း။

🔳 များသောအားဖြင့်တော့ အဲဒီလို အကြောင်းအရာတွေဆို ရဲက တရားခံကို ရှာ​ဖွေဖမ်းဆီးတာတို့၊ ဒါမှမဟုတ် လက်စားချေတာတို့၊ တရားရုံးမှာ အမှုရင်ဆိုင်ကြတာတို့ Thriller ​တွေ ရိုက်ကြတာ များတယ်။ ဒီဇာတ်ကားကတော့ ကျူးလွန်ခံရသူ ကောင်မလေးနဲ့ သူ့အဖေရဲ့ စိတ်ဒဏ်ရာတွေကိုပဲ ပြထားတဲ့ ဇာတ်ကား။

ဒါကြောင့် အတော်လေး နှေးတယ်။ ဇာတ်လမ်းအတက်အကျ သိပ်မပါဘူး။ ပျင်းစရာကောင်းတယ် ထင်ရတယ်။ လက်စားပြန်ချေတာမျိုး ခပ်သွက်သွက်ကိုပဲ ကြိုက်တဲ့သူဆို ဒီကားကြည့်ရင်း အိပ်ပျော်သွားနိုင်တယ်။

တကယ်လို့ ထရော်မာတွေကို စိတ်ဝင်စားတယ်၊ ပြကွက်သေးသေးလေးတွေကို လိုက်စဉ်းစား၊ လိုက်ခံစားရတာ ကြိုက်တယ်ဆိုရင်တော့ ဒီကားက မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားပဲ။ တော်တော်လေးလည်း နင့်နင့်သီးသီး ခံစားရလိမ့်မယ်။

🔳 ကျောင်းကနေ အပြန်မှာ လူတချို့က ဖမ်းခေါ်သွားတယ်။ အုပ်စုဖွဲ့ မုဒိမ်းကျင့်တယ်။ ပါးစပ်ထဲကို အတွင်းခံ ထိုးထည့်ထားတယ်။ ပြီးတော့ ပုပ်သိုးနေတဲ့ အစာတွေ အတင်းစားခိုင်းတယ်။ ခန္ဓာကိုယ်ကို မုဒိမ်းကျင့်ရုံတင်မကဘူး စိတ်ကိုပါ လုံး၀ နင်းချေဖျက်ဆီးလိုက်တဲ့သဘော။ အသေးစိတ် ပြတယ်ဆိုတာ အဲဒါတွေကို ပြောတာ။ ကြည့်ရတာလည်း စိတ်မသက်သာဘူး။

သူ့မှာက အဖေပဲ ရှိတယ်။ ဒီအဖေကလည်း သူ့သမီးကို မကာကွယ်ပေးနိုင်ဘူး၊ သူ့သမီး ခုလို ဖြစ်ရတာ သူ့ကြောင့် ဆိုတဲ့ Guilt နဲ့ ရှင်သန်နေရတာပေါ့။

သားအဖနှစ်ယောက်ရဲ့ Pain နဲ့၊ ဒီလိုဖြစ်ပြီးနောက်ပိုင်း ဘာတွေ ပြောင်းလဲသွားတယ်၊ ဘယ်လို Struggle လုပ်ရတယ် ဆိုတာတွေကို ရိုက်ပြထားတာ။ ဇာတ်လမ်းက ဒါပဲ။

🔳 ၈ နှစ်ကြာသည်ထိ ကောင်မလေးက အိမ်ထဲက အိမ်ပြင်မထွက်ဘူး။ နိုးလာတယ်။ အဝတ်လဲတယ်။ အစားစားတယ်။ အရုပ်တွေကို အလှဆင်တယ်။ သူ့အဖေက လာသိမ်းသွားတယ်။ ရောင်းပေးမဲ့သူ လာယူရင် ​ပေးလိုက်တယ်။ ပြီးရင် ကြိုးခုန်တယ်။ အိပ်တယ်။ ဒါပဲ သူ့ Daily Routine က။ အဲဒါကိုပဲ ထပ်ကာထပ်ကာ လုပ်နေတယ်။ တစ်ပုံစံတည်းပဲ ဖြတ်သန်းနေတယ်။ ဘာခံစားချက်၊ ဘာစကား၊ ဘာအပေါင်းအသင်းမှ မရှိတော့ဘူး။

အဖေနဲ့လည်း စကားမပြောဘူး။ Non-verbal ပဲ ဆက်သွယ်ကြတယ်။ အင်္ကျီအဝတ်အစားကစလို့ ဟင်းလျာ၊ အိုးခွက်ပန်းကန် အားလုံးက အဖြူရောင်တွေချည်းပဲ။ ဟင်းတွေဆို ဆီမပါ၊ ပျားမပါ။ အကုန်လုံးကိုလည်း သန့်သန့်ပြန့်ပြန့်ပဲ ကြိုက်တယ်။

မုဒိမ်းကျင့်ခံလိုက်ရတဲ့အတွက် သူ့ကိုယ်သူ မသန့်စင်တော့ဘူး ထင်နေတဲ့စိတ်ကို ဒီလိုအဖြူတွေချည်း အသုံးပြုပြီး ကုစားနေတာ။ အကုန်လုံးကို သန့်သန့်ရှင်းရှင်းပဲ ရှိစေချင်တာ။ ဒါတွေနဲ့ ပြသွားတာပေါ့။

🔳 အဖေကိုယ်တိုင်ကလည်း သူ့သမီးနဲ့ ပတ်သက်လို့ ထိခိုက်ခံစားရတယ်။ ဒါပေမဲ့ အဖေနဲ့သမီးကြားမှာ ဘာဆိုဘာမှ ပြောလို့မရဘူး။ နှစ်ဖက်လုံးမှာ ပြည့်သိပ်တင်းကြပ်နေတယ်။ အဲဒီအခါ လက်ဝှေ့သွားသွားထိုးပြီး သူ့ခံစားချက်တွေကို ဖောက်ထုတ်ပစ်ရတယ်။

သမီးဖြစ်သူကလည်း ဒါတွေ စဖြစ်ကတည်းက အိမ်ပြန်လာပြီး အခန်းအောင်းနေတော့တာ။ ဘာဖြစ်လာတယ် ဆိုတာ​လောက်ပဲ သူ့အဖေက သိတယ်။ ကျန်တာ ဘာမှမပြောဘူး။

သူ့မှာလည်း ပြောစရာက လူမရှိဘူး။ အမေဆို တော်ဦးမယ်လေ။ နောက်မှ ဟိုဘက်အိမ်ကို မျက်လှည့်ပညာရှင်တစ်ယောက် ရောက်လာတယ်။ အခန်းနံရံမှာ အပေါက်ဖြစ်နေတော့ အဲဒီကနေ ချောင်းကြည့်ရင်း ရင်းနှီးလာတယ်။ အပြင်လူတစ်ယောက်နဲ့ ခုမှ ဆက်ဆံဖူးတာပဲ။ တဖြည်းဖြည်း ပိုခင်တွယ်လာတယ်။ နောက်ဆုံး သူ့ဆီမှာ ဖွင့်ထုတ်လိုက်ရင်းကမှ ဒီထရော်မာကနေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

🔳 အဓမ္မပြုကျင့်မှုတစ်ခုရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဒီလောက်ထိ အသေးစိတ် ရိုက်ပြနိုင်တဲ့ကားက အတော်ရှားတယ်။ ဒါကြောင့်လည်း သဘောကျမိတာပါ။

မျက်လှည့်ဆရာက သူ့ကို နမ်းမယ် လုပ်တဲ့အခါ အရင်က ပုံရိပ်တွေ ပြန်ပေါ်လာတာမျိုး၊ သူပြောသမျှကို နားထောင်ပေးမဲ့သူ လိုနေတာမျိုး၊ ဖိနှိပ်ချုပ်ထိန်းထားရတဲ့ ခံစားချက်တွေ ပွင့်ထွက်သွားတာမျိုး စသဖြင့် ပြသွားတာလေးတွေ သိပ်ကောင်းတယ်။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


🔳 အင်ဒိုနီးရှားကလည်း သိတဲ့အတိုင်း ဖိုဝါဒ ကြီးစိုးတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှုတွေက အတော်လေး ဦးစားပေး ဖြေရှင်းရတဲ့ ပြဿနာ ဖြစ်လာတယ်။

ကျူးလွန်ခံသူတွေဟာ ဘာအကူအညီမှ မရကြတဲ့အပြင် အရှက်ကွဲတာ၊ ရန်ပြုခံရတာ၊ ကဲ့ရဲ့ခံရတာ စတဲ့ နောက်ဆက်တွဲကိစ္စတွေကိုပါ ကြုံတွေ့နေကြရတယ်။ ဒါကြောင့်လည်း အများစုက တိုင်တန်းဖို့၊ ထုတ်ဖော်ပြောကြားဖို့၊ အကူအညီယူဖို့ကို ဝန်လေးသွားကြတယ်။ ဒီဇာတ်ကားထဲက မေလိုပဲ တိတ်ဆိတ်စွာနဲ့ပဲ ရှင်သန်နေရတယ်။ ကြိတ်မှိတ်ပြီးတော့ပဲ ဖြတ်ကျော်နေကြရတယ်။

လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ အမြင်တွေ ပြောင်းလဲလာအောင် ရိုက်ပြထားတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ ဥပမာပေးရရင် ဘောလီးဝုဒ်ဇာတ်ကား Pink လိုမျိုးပေါ့။ Consent ဆိုတဲ့ ခွင့်ပြုချက်ဟာ ဘယ်လိုမျိုးလဲ ဆိုတာ ပြသွားတာ။ ဒီကားကတော့ စိတ်ဒဏ်ရာတွေကိုပဲ အဓိက ရိုက်ပြထားတာ ဖြစ်လို့ ခံစားမှုတစ်မျိုး ပေးနိုင်ပါတယ်။ ကျူးလွန်ခံရသူတွေရဲ့ ဒဏ်ရာအတိမ်အနက်ကိုလည်း နည်းနည်းတော့ စာနာမိသွားမယ် ထင်ပါတယ်။

🔳 International Journal of Indonesian Popular Culture and Communication မှာ ဒီဇာတ်ကားအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ရှိပါတယ်။ အဲဒီထဲမှာ ကျွန်တော် မတွေးမိလိုက်တဲ့ ထင်မြင်ချက်တစ်ခု ပါတယ်။

ဒီကားထဲမှာ အမျိုးသမီးသရုပ်ဆောင်က တစ်ယောက်တည်းပါတယ်။ သူ့ကို မုဒိမ်းကျင့်တာကလည်း ယောက်ျားတွေ။ သူ့ကို ကာကွယ်ပေးတဲ့သူက အဖေ။ မျက်လှည့်ဆရာကလည်း ယောက်ျား။ ဒါတွေဟာလည်း Symbolize လုပ်ထားတာ ဖြစ်တယ်လို့ ဆိုတယ်။

ဒီလူမှုအဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ အုပ်ထိန်းမှု၊ ကာကွယ်မှုအောက်မှာပဲ ရှိနေရတယ် ဆိုတာကို ဒါရိုက်တာက ပြချင်ဟန်တူတယ်တဲ့။

မကောင်းတဲ့ ယောက်ျားတွေနဲ့ တွေ့ရင် ဒုက္ခရောက်ပြီး၊ ကောင်းတဲ့သူတွေနဲ့ တွေ့ရင်တော့ ချမ်းသာရာ ရလိမ့်မယ်။ မိန်းမတွေရဲ့ ဘဝဟာ ယောက်ျားတွေရဲ့ လက်ထဲမှာပဲ ရှိတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အရိပ်အမိုးအောက်မှာပဲ နေနေကြရတယ်။ ခိုလှုံနေကြရတယ်ပေါ့လေ။ တွေးစရာ ကောင်းပါတယ်။

🔳 ဘတ်စကားပေါ်မှာ အမျိုးသမီးဆို နေရာဖယ်ပေးသင့်တယ် မြင်ကြသလိုပေါ့။ ကျွန်တော့်အမြင်အရတော့ မလိုပါဘူး။ အမျိုးသားအချင်းချင်းဆို ဘယ်သူနေရာဖယ်ပေးလို့လဲ။ ဘာလို့ဆို တန်းတူလို့ မြင်တာကိုး။ ကိုယ်ဝန်ဆောင်တို့၊ သက်ကြီးရွယ်အိုတို့ကျ ဖယ်ပေးတယ်ဆိုတာ အားနည်းတယ်၊ ညှာတာရမယ် ထင်လို့လေ။

ဒါကြောင့် အမျိုးသမီးမို့ နေရာဖယ်ပေးရမယ် ဆိုတာကလည်း တစ်နည်းအားဖြင့် ပြောရရင် အားနွဲ့တယ်လို့ မြင်နေလို့ပါပဲ။

အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုဆိုတာ ကိုယ့်ထက် နိမ့်ပါးတဲ့သူကိုပဲ လုပ်ကြတာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိတဲ့သူနဲ့ တွေ့ရင်၊ ဒါမှမဟုတ် စိတ်ကောင်းဝင်နေတုန်းမှာဆိုရင် “ညှာတာစရာ” လို့ မြင်ကြပေမဲ့ စိတ်ကောင်းမရှိတဲ့သူဆိုရင်၊ စိတ်ကောင်းမဝင်နေတဲ့ အချိန်ဆိုရင်တော့ “အနိုင်ကျင့်စရာ” အဖြစ် ပြောင်းလဲရှုမြင်ခံကြရမှာပဲ။

🔳 ဒါကြောင့် ယောက်ျားကောင်းတစ်ယောက်ရဲ့ အရိပ်အမိုးကို ရှာနေတာထက် ကိုယ့်အရိပ်အမိုးကို ကိုယ်တိုင်ဖန်တီးယူတာ ပိုကောင်းပါမယ်။ အမျိုးသမီးတွေကို အရိပ်အမိုးတွေ ပေးနေတာထက် သူတို့အရိပ် သူတို့ဖန်တီးနိုင်အောင် လုပ်ပေးခြင်းကပဲ Women Empowerment ဖြစ်ပါတယ်။

-ဉာဏဗလ

၁၃.၁၀.၂၀၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


Sexual Violence , Supporting Victims နဲ့ပက်သက်တဲ့ ဆောင်းပါး နဲ့
ဝေါဟာရ ၊ အသုံးအနှုန်းတွေကို
LWSR မှာဝင် လေ့လာ နိုင်ပါတယ် ဗျာ

👉 https://learnwithspringreader.com/2023/12/10/post-121-breaking-the-silence-understanding-and-combating-sexual-violence/

👉 https://learnwithspringreader.com/2023/12/10/post-122-supporting-survivors-of-sexual-violence-a-guide-to-empathy-and-action/


One response to “Post 90 – မုဒိမ်းကျင့်ခံရပြီးတဲ့နောက် ( ဉာဏဗလ )”

Leave a reply to Yu Nyein Cancel reply